spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတို့ တန်ပြန်ထိုးစစ်ဆင်လာတဲ့အတွက် ဖယ်ခုံမှာ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

ကန္တာရဝတီတိုင်း( မ် )

ဖယ်ခုံမြို့ ၊ အင်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ ထီရိဂိတ်စခန်းသိမ်း တိုက်ပွဲပြီးနောက်မှာ စစ်ကောင်စီနဲ့ PNO တို့ တန်ပြန်ထိုးစစ်ဆင်လာတဲ့အတွက် လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ ဖယ်ခုံ PDF တို့ ပူးပေါင်းပြီး ဒီထီရိဂိတ်စခန်းကို သိမ်းပြီးတဲ့နောက်ပိုင်းပေါ့နော။ တစ်ကျော့ပြန် စစ်ကောင်စီနဲ့ ဒီ PNO အပါအဝင် သူတို့ရဲ့ ထိုးစစ်ဆင်မှုကနေတစ်ဆင့် ဒီ၁၅ရက်နေ့ကနေစပြီးတော့ ဒီ၁၈ရက်နေ့ ဒီကနေ့အထိဆိုရင် ဒီကရင်နီအမျိုးသားကာကွယ်ရေးတပ်ရယ် ပြီးတော့ ဒီဖယ်ခုံ PDF တို့နဲ့ စကစတို့ရဲ့ ထိတွေ့တိုက်ပွဲက လေးရက်နေ့မြောက်ပြီးပေါ့နော။“ လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ရှို့လိုက်တဲ့ ဆီးမီးလော့ ကျေးရွာ။

တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိနေပြီး လက်ရှိအချိန်အထိအတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီက တိုက်လေယာဉ် ရဟတ်ယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်မှုရှိနေပြီး နီးစပ်ရာကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။

ဖယ်ခုံမြို့ လွယ်ပန်းစုံကျေးရွာမှာ ယမန်နေ့ မေလ ၁၇ရက်နေ့ ည၁၁နာရီအချိန်မှာ ဘုန်းကြီးကျောင်းအပေါ် လက်နက်ကြီးကျရောက်ခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ( ၂ ) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

လွယ်ပန်းစုံကျေးရွာဟာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဆီးမီးလော့ကျေးရွာအနီးက အင်းအလယ် ကျွန်းပေါ်ရွာတစ်ရွာဖြစ်ပြီး စစ်ရှောင်တချို့ လာရောက်နေထိုင်တယ်လို့ သိရပါတယ်။ဒါ့အပြင် မေလ ၁၆ရက်နေ့မှာလည်း ဆီးမီးလော့ ကျေးရွာအနီးက အိမ်ခြေ ၅၀ကျော်သာရှိတဲ့ ဆောင်နန်းခဲကျေးရွာရဲ့ သုံးပုံနှစ်ပုံကို စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပြီး ပျက်စီးသွားတဲ့ ဒေသခံနေအိမ်။

“ကျနော်တို့ ဆိုရင်လည်း အဲ့လောက်အထိ မထင်မှတ်ဘူးပေါ့။ ဒီအနီးအနားက လွယ်ပေါလေးမှာ နှစ်ရက်သုံးရက်လောက်ဆို ပြန်လာရမယ်ထင်နေတာ။ အဲ့လောက်အထိလည်း မဆိုးဘူးဆိုပြီးတော့ ဘာမှကို မယူသွားခဲ့တာ။ ဆိုင်ကယ်ဆိုရင်လည်း ဆိုင်ကယ်ရဲ့မှန်တောင် မယူသွားခဲ့ရဘူးလေ။ အဲ့လောက်အထိလည်း မထင်ဘူးပေါ့နော။ နောက်ဆုံးတော့ အခုလိုင်းပေါ်တွေ့တော့ ရွာတွေက မီးခိုးတွေပဲတွေ့တယ်။“ လို့ ဆောင်နန်းခဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတို့ စစ်ကြောင်းထိုးရင်း မီးရှို့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပေမယ့် စစ်ကောင်စီရဲ့ မေလ ၁၇ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဆောင်နန်းခဲကျေးရွာကို PDF တွေ မီးရှို့သွားခဲ့တာ စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့မှာ စစ်ကောင်စီနဲ့ PNO တို့ ဂိတ်ထိုင်ထားတဲ့ ထီရိကင်းစခန်းတစ်ခုကို KNDF နဲ့ PDF တို့ တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၅ဦးနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဖယ်ခုံမြို့ အင်းအရှေ့ဘက်ခြမ်းမှာ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပါတယ်။ စစ်ကောင်စီစစ်ကြောင်း အပေါ်မူတည်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

spot_img
spot_img