spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်ကလေးငယ်များနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

CDM ဆရာဝန် တစ်ဦး (ကျန်းမာရေးကဏ္ဍ)

နွေနှောင်းပြီး မိုးဦးရောက်ပြီမို့ မိုးတွေက တဖြိုက်နှစ်ဖြိုက်ရွာပြီ။

သရက်သီးမှည့်ချိန်ရောက်ပြီဖြစ်သလို ချောင်းရေနောက်ချိန်လည်း‌ရောက်ပြီ။ မတည်ငြိမ်သောနိုင်ငံရေးတွင် တောထဲတောင်ထဲစစ်ဘေး‌ရှောင်ရ

သူတို့နား ရေသန့်ရရှိဖို့ခက်ခဲသလို ယင်ကောင်တွေလည်း များလာပြီ။ လူကြီးမိဘများ မိမိတို့ရင်သွေး ငယ်များအတွက် ရတက်မအေးရသောအချိန်ဖြစ်လေသည်။

ကာကွယ်ကုသ၍ရသော ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ရင်မနာရလေအောင် ကလေးငယ်များတွင် အဖြစ်များသော ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းကို မျှဝေပါသည်။ လူကြီးများအတွက်လည်း အသုံးချ၍ရမည်ဟု မျှော်လင့်ပါသည်။

⌛️⌛️⌛️ဝမ်းပျက်ဝမ်းလျှောခြင်း⏳⏳⏳

……………………………….

(၂၄) နာရီအတွင်း (၃) ကြိမ် သို့မဟုတ်(၃) ကြိမ်အထက် ပုံမှန်မဟုတ်သော ဝမ်းအရည်များသွားခြင်းဖြစ်ပါ သည်။ ပျို့အန်ခြင်း၊ ဗိုက်ရစ်ခြင်းနှင့် အဖျားငွေ့ငွေ့ရှိခြင်းစသည့် လက္ခဏာများလည်းတွဲ၍ တွေ့ရှိရနိုင်ပါသည်။

(ပုံမှန်ဝမ်း မကြာခဏသွားခြင်းသည် ဝမ်းပျက်ဝမ်းလျှောခြင်း မဟုတ်ပါ။ တစ်နေ့လျှင် ကလေး ဝမ်းသွားသည့် အကြိမ်သည် ကလေးအားကျွေးသော အစားအစာနှင့် အသက်ပေါ်တွင် မူတည်၍ ကွဲပြား ခြားနားလေ့ရှိပါသည်။ )

💡💡💡💡💡ဝမ်းပျက်ဝမ်းလျှောရခြင်း အကြောင်းရင်းများ💡💡💡💡💡

…………………………………………………………………………………………………

ဝမ်းပျက်ဝမ်းလျှောရခြင်း အကြောင်းရင်းများစွာရှိသော်လည်း ကလေးငယ်များတွင် အဖြစ်များသည်မှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါသည်။ ဘတ်တီးရီးယား၊ ကပ်ပါးပိုးကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောအပြင် အခြားသောရောဂါနှင့် ဆက်စပ်၍ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း များလည်း ရှိပါသည်။

တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းယင်နားစာများစားသုံးခြင်း၊ မသန့်ရှင်းသော သောက်သုံးရေ သောက်မိခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်ပါသည်။

💊💊💊💊💊ဝမ်းပျက်ဝမ်းလျှောလျှင် အရေးကြီးသော အချက်များ💊💊💊

…………………………………………………………………………………………………

ဝမ်းပျက်ဝမ်းလျှောအကြိမ်ရေများလျှင်သော်လည်းကောင်း၊ အရည်ပမာဏများစွာ ဝမ်းသွားခြင်းဖြစ် လာလျှင်သော်လည်းကောင်း ကိုယ်ခန္ဓာမှ အရည်နှင့်ဓာတ်ဆားပမာဏများစွာ ဝမ်းနှင့်အတူ ဆုံးရှုံးသွား သဖြင့် ရေဓာတ်ခန်းခြောက်ခြင်းဖြစ်စေပါသည်။

ဝမ်းပျက်ဝမ်းလျှောလျှင် အရေးကြီး၍ အသက်အန္တရာယ် ပေးနိုင်သည်မှာ ရေဓာတ်ခန်းခြောက်ခြင်းဖြစ်၍ မိဘ၊ အုပ်ထိန်းသူများမှ ရေဓာတ်ခန်းခြောက်ခြင်းကို သေချာစွာနားလည်၍ ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်ရန် ကာကွယ်ရမည်ဖြစ်ပါသည်။

🩸🩸🩸🩸🩸ပြင်းထန်သော အရည်ခန်းခြောက်မှုတွင်

တွေ့ရှိရသော လက္ခဏာများ🩸🩸🩸🩸

………………………………………………………………..

– မှိန်း၍ နှိုူးရခက်ခြင်း (သို့) သတိလစ်ခြင်း

– မျက်တွင်းချိုင့်ဝင်ခြင်း

– အရည်ကောင်းစွာ မသောက်နိုင်ခြင်း

– ကလေးငယ်၏ အရေပြားကို ဆွဲမကြည့် ရာတွင် အချိန်အတော်ကြာမှ နဂိုနေရာ ပြန်ရောက်ခြင်း

🩸🩸🩸🩸🩸🩸အရည်ခန်းခြောက်မှု အသင့်အတင့်ရှိခြင်းတွင် တွေ့ရှိရသော လက္ခဏာများ🩸🩸🩸🩸

…………………………………………………………………………………………………

– အီခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း

– မျက်တွင်းချိုင့်ဝင်ခြင်း

– ရေအငမ်းမရသောက်ခြင်း၊ ရေငတ်ခြင်း

– ကလေးငယ်၏ အရေပြားကို ဆွဲမကြည့် ရာတွင် အချိန် အနည်းငယ်ကြာမှ နဂိုနေရာ ပြန်ရောက် ခြင်း

– အထက်ပါလက္ခဏာများ မရှိလျှင် အရည်ခန်းခြောက်မှု မရှိသေးပါ။

မိဘအုပ်ထိန်းသူများ အနေဖြင့် အဆိုပါလက္ခဏာများကို နားလည်လျှင် မိမိတို့ကလေးငယ်များ၏ အခြေအနေကို အနီးစပ်ဆုံး ဆန်းစစ်နိုင်မည်ဖြစ်ပါသည်။

ရောဂါလက္ခဏာ အကုန်ရှိစရာမလိုပဲ နှစ်ချက်မျှရှိလျှင်ပင် ၎င်းနှင့် တိုက်ဆိုင်သောအဆင့်ခွဲခြားသတ်မှတ်ခြင်းကို သတ်မှတ်၍ရပါသည်။ ကျန်းမာရေးဝန်ထမ်းရှိလျှင် ကျန်းမာရေးဝန်ထမ်းနှင့် ပြသခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

မိဘအုပ်ထိန်းသူများအနေဖြင့် အရည်ဓာတ်ခန်းခြောက်မှု မရှိသေးသောကလေးငယ်ကို အိမ်တွင် သေချာစွာပြုစုစောင့်ရှောက်၍ စောင့်ကြည့်နိုင်ပါသည်။ သို့သော် အရည်ဓာတ်ခန်းခြောက်သည့်လက္ခဏာ တွေ့သည်နှင့် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့် ပြသရန်လိုအပ်ပါသည်။

သို့မှသာ ပြင်းထန်သည့် အရည်ခန်းခြောက်မှုနှင့် အသက်အန္တရာယ်စိုးရိမ်ရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။

🩺🩺🩺🩺🩺🩺မ်းပျက်ဝမ်းလျှောဖြစ်လျှင် အိမ်တွင်းပြုစုစောင့်ရှောက်ခြင်း🩺🩺🩺🩺🩺🩺

…………………………………………………………………………………………………

– ဓာတ်ဆားရည်တိုက်ပါ။ (ဓာတ်ဆားကို အညွှန်းအတိုင်း တိကျစွာဖျော်ရန် အရေးကြီးပါသည်။ ဥပမာ – ရေတစ်လီတာဖြင့် ဖျော်စပ်ရမည်ဆိုပါက ရေတစ်လီ တာဖြင့်သာ ဖျော်စပ်ရပါမည်။ ရေတစ်လီတာဖြင့်မဖျော်ဘဲ ဖန်ခွက်ဖြင့် ခွဲဖျော်မည်ဆို ပါက ပါဝင်သောဓာတ်သတ္တုမညီမျှခြင်း ဖြစ်နိုင်၍ ကလေးငယ်အတွက် အသက် အန္တရာယ်ရှိစေနိုင်ပါသည်။ ) ဓာတ်ဆားရည်ကို ကလေးငယ်သောက်နိုင်သည့် ပမာဏ အထိတိုက်ကျွေးနိုင်ပြီး ဝမ်းသွားသည့် ပမာဏထက် မလျော့စေရန် သတိပြုရမည်။

– အရည်(စွပ်ပြုတ်ရည်၊ အုန်းစိမ်းရည်စသည်ဖြင့်)များများတိုက်ကျွေးပါ။ ပုံမှန်ကျွေးနေကျ သန့်ရှင်း၍ အာဟာရပြည့်ဝသော အစာများကို ဆက်လက်ကျွေးပါ။ မိခင်နို့ဆက် တိုက်နိုင်ပါသည်။

– ကလေးငယ်အန်နေလျှင် ဓာတ်ဆားရည်အတင်းမတိုက်ဘဲ နားနားပြီး နည်းနည်းချင်းစီ တိုက်ပါ။ လိုအပ်လျှင် အအန်ပျောက်ဆေး တိုက်ရပါမည်။

– ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများရှိလျှင်၊ ဝမ်းထဲတွင် သွေးပါလျှင်၊ ဆန်ဆေး ရည်အရောင်ဝမ်းသွားလျှင်၊ အစာမဝင်လျှင်၊ အကြိမ်များစွာအန်နေလျှင်၊ အဖျားကြီးလျှင်၊ တက်လျှင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့် ပြသရန်လိုအပ်ပါသည်။

💣💣သတိပြုရန်💣💣

……………………………….

– ဝမ်းပိတ်ဆေးနှင့် ပဋိဇီဝဆေးများတိုက်ကျွေးခြင်းကို တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားမှသာ တိုက်ကျွေးသင့်ပါသည်။

⚒⚒⚒⚒ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန်⚒⚒⚒⚒

………………………………………………………………..

– ရေကိုကျိုချက်ပြီး သို့မဟုတ် ကလိုရင်းဆေးခတ်ပြီး သောက်သုံးပါ။

– အစားအစာများကို ယင်မနားအောင်ဖုံးအုပ်ပြီး ပူပူနွေးနွေးစားပါ။

– သက်တမ်းလွန်သော အစားအစာများ၊ အမှည့်လွန်သောအသီးများ မစားပါနှင့်။

– သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုပါ။

– အစားမစားမီ၊ အစားအသောက်များ ကိုင်တွယ်မချက်ပြုတ်မီ၊ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။

– ကလေးငယ်များ၏ မစင်များ၊ ပေကျံနေသော အဝတ်များကို စနစ်တကျ သိမ်းဆည်း လျှော်ဖွတ်ပါ။ ရေတွင်းရေကန်အနီးတွင် လျှော်ဖွတ်ခြင်း မပြုသင့်ပါ။

– ရိုတာဗိုင်းရပ်စ် (Rota Virus) ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

အချုပ်အားဖြင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောလျှင် ဓာတ်ဆားရည်ကို စနစ်တကျ တိုက်ကျွေးခြင်းသည် အရေးအကြီးဆုံးဖြစ်ပြီး အရည်ဓာတ်ခန်းခြောက်သည့် လက္ခဏာကို စောင့်ကြပ်ကြည့်ရှုရမည်ဖြစ်ပါသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကာကွယ် ကုသ၍ရသော ရောဂါဖြစ်၍ ဤရောဂါဖြင့် ကလေးငယ်များ အသက်အန္တရာယ် မကျရောက်စေရေးအတွက် သတိ ပြုသင့်လှပါသည်။

မှီငြမ်းစာအုပ်

– IMNCI သင်တန်းသားလက်စွဲစာအုပ်

– MOH, NUG Facebook page

– WHO Fact Sheet

spot_img
spot_img