spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ ကရင်နီပြည်သူတွေနဲ့ မေးမြန်းဖြေကြားချက်

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီး တစ်နှစ်အတွင်းမှာ ကရင်နီပြည်က စစ်မြေပြင် ဖြစ်ခဲ့ရပါပြီ။

စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ ကရင်နီပြည်သူတွေ ဘယ်လိုတွေကြုံတွေ့ခံစားခဲ့ရလဲ။ ဘယ်လိုတွေ တော်လှန်နေကြရလဲဆိုတာနဲ့ ပတ်သက်လို့ အလွှာအသီးသီးက လူထုအသံတွေ ခေါင်းဆောင်တွေ ရဲ့ မေးမြန်းဖြေကြားချက်တွေကို ကောက်နုတ် တင်ပြပေးထားပါတယ်။

ခူဒယ်နီယာ ( ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP အတွင်းရေးမှူး ၁)
KNPP အနေနဲ့ပြောရရင်တော့ သူတို့အာဏာသိမ်းတဲ့တစ်နှစ်အတွင်းမှာ အဆိုးဝါးဆုံးအခြေအနေဖြစ်တယ်လို့ ပြောလို့ရတယ်။ လူထုကို အများကြီးအဖမ်းခံရတယ် သတ်ဖြတ်ခံရတယ် မတရားနှိပ်စက်မှုခံရတယ်။ နောက်ပြီးတော့မှ ကျေးရွာတွေပျက်စီးဆုံးရှုံးတဲ့အထိ လူထုတွေ စစ်ပြေးဒုက္ခတွေရောက် အဲ့လိုမျိုးဟာတွေ အဆိုးဆုံးတော်လှန်ရေးတစ်လျှောက်လုံးမှာ ဒီတစ်နှစ်အတွင်း အဆိုးဆုံးပဲလို့ပြောချင်တယ်။ လူထုတွေကိုတော့ အများကြီး စာနာမှုရှိတယ်ပေါ့လေ။ သူတို့ကိုလည်းသနားတယ် ဒါက လူထုရဲ့တိုက်ပွဲတစ်ခုလည်းဖြစ်နေတော့ ဒီအခြေအနေမှာတော့ လူတိုင်းဆင်းရဲဒုက္ခရောက်ကြမှာပဲ။ ကရင်နီပြည်ထဲကတစ်ခုထဲမဟုတ်ဘူး တခြားနေရာတွေလည်း ဖြစ်နေသေးတယ် တစ်နိုင်ငံလုံးကလည်းဖြစ်နေတော့။ ဒါပေမယ် ကရင်နီပြည်က အဆိုးဆုံးလောက်သွားကျတယ်ပေါ့နော။ ဆိုတော့ လူထုကိုအားပေးချင်တာက ဒီနိုင်ငံရေးမပြေလည်သေးသ၍တော့ စစ်ကောင်စီတွေကလည်း အင်အားတိုးချဲ့နေသ၍ကတော့ ပြင်းထန်နေအုံးမှာပဲ။ ဆိုတော့ အများကြီး စစ်ကောင်စီပေါ်မှာ အများကြီးမူတည်တယ်။ အဲ့တော့ ဒီအခြေနေမကောင်းသ၍တော့ သည်းခံကြဖို့ အဲ့သလောက်ပဲပြောနိုင်ပါတယ်။ သူတို့ကိုတော့ အများကြီး ဘယ်လိုလုပ်ပေးရမလဲ ဘယ်လိုကူညီရမလဲ ဒါတွေကတော့ စဉ်စားနိုင်တာရှိတယ်။ မစဉ်းစားနိုင်တာလည်း အများကြီးရှိတယ်။ သို့သော် ရောက်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက်လည်း ကူညီကြဖို့ ဖေးမကြဖို့ ဒီလောက်ပဲပြောချင်ပါတယ်။

မော်မိုးမြာ (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ- ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

တစ်နှစ်ပြည့်ပြီ။ ဒီတစ်နှစ် အာဏာရှင်ပြုတ်ကျရေးအတွက် တစ်နှစ်ပြည့်ကနေ အဖက်ဖက်ကနေ တိုက်ပွဲဝင်ကြတဲ့ ရဲဘော်တွေ PDF တွေရှိမယ် KNDFတွေကိုလည်း အများကြီးလေးစားဂုဏ်ယူတယ်။ ပြီးတော့ အသိအမှတ်ပြုတယ်လို့ ပထမဦးဆုံးပြောချင်တယ်။ ဒီအတူ့ ဒီတိုက်ပွဲမှာအသက်ပေးသွားခဲ့ကြတဲ့ ရဲဘောတွေ လူငယ်တွေ သူရဲကောင်းတွေအားလုံးကိုလည်း အသိအမှတ်ပြုလေးစားဂုဏ်ယူတယ်။ အဖက်ဖက်ကနေ အသက်ပေးခဲ့ကြတဲ့ လူတွေလည်းပါတယ်။ အကျဉ်းချခံရတဲ့ နိုင်ငံရေးသမားတွေ လူငယ်တွေ နိုင်ငံရေးခေါင်းဆောင်အားလုံးကိုလည်း ကိုယ်စားချင်တယ် ပြီးတော့မှ ဝမ်းနည်းပူဆွေးရတယ်ဆိုတာမျိုးကို ပထမဦးဆုံးပြောချင်တယ်။ ပြီးတော့ သူတို့လည်း အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ တစ်နှစ်ပြည့်မှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဆိုတော့ အမတို့ကအာဏာရှင်ပြုတ်ကျရေးအတွက် စစ်တပ်ကအာဏာသိမ်းခဲ့တာက တစ်နိုင်ငံလုံးကိုအာဏာသိမ်းတာဖြစ်တယ် ကရင်နီတစ်ပြည်နယ်ထဲကိုသိမ်းတာမဟုတ်ဘူး အခြေအနေက။ ကရင်နီပြည်နယ်ကပဲ စစ်အာဏာသိမ်းတာလက်မခံတဲ့ ပုံစံမျိုးတစ်ပြည်နယ်ထဲဖြစ်နေတယ် တခြားသော စစ်ကိုင်း၊ ချင်း၊ မကွေး အနည်းငယ်ရှိပေမယ့် တခြားသောတိုင်းရင်းသားဒေသတွေမှာ ပြန်လည်ခုခံတာမျိုးမရှိဘူးပေါ့။ ဒါက ကျမတို့ကရင်နီပြည်နယ်အတွက် မြန်မာနိုင်ငံအတိုင်းအတာအနေနဲ့ အားမရတဲ့အခြေနေတစ်ခုဖြစ်တယ်ပေါ့ ဒါကိုလည်း ပြောချင်တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်သွားချင်တဲ့ရည်မှန်းချက် ပန်းတိုင်ကိုတော့ အရောက်သွားဖို့လိုတယ်။ တူညီတဲ့တစ်ခုကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ဆိုရင်တော့ အင်တိုက်အားတိုက်နဲ့အတူတူတွန်းလှန်မှ ပူးပေါင်းဆောင်ရွက်မှ ရရှိမှာဖြစ်တယ်လို့ပဲပြောချင်တယ်ပေါ့နော။ ပြီးရင် ဒီ ၂၀၂၂ခုနှစ်က တော်လှန်ရေးအချိန်ကို တိုးမြှင့်ရမယ့်အချိန်ဖြစ်တယ် ပိုပြီးတော့ အရင်နှစ်ထက်စာရင် ပိုပြီးတော့မှ တိုးပြီးတော့မှ တော်လှန်တိုက်ခိုက်ရမယ့်အပြင် ကျမတို့အဖက်ဖက်ကနေ အခြေအနေတိုးပြီးတော့မှ လုပ်ဆောင်ရမယ့်အချိန်ဖြစ်တယ်။ အခုက စစ်တပ်ကနေပြီးတော့မှ ထိုးစစ်ဆင်မှုတွေ အဆက်မပြတ်လုပ်နေတဲ့အပေါ်မှာ ကျမတို့ဖက်ကနေပြီးတော့မှ တော်လှန်ရေးအင်အားစုဖက်ကနေပြီးတော့မှ ရှိနေတဲ့အင်အားတွေနဲ့ ဆက်လက်ပြီးတော့မှ တော်လှန်ဖို့လိုတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

တစ်နှစ်တောင်ပြည့်သွားပြီပေါ့နော။ ဒီအပေါ်မှာ ကျနော်တို့နဲ့ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ ကျနော်တို့တစ်ဖက်မှာအသာရနေတယ် ဘယ်လိုအသာစီးနေတယ်ဆိုတဲ့ဟာတော့ ပြောရခက်ပေမယ့် ဒီတစ်နှစ်အတွင်းမှာတော့ စစ်တပ်က ဘယ်လိုပြောမလဲ စစ်တပ်ကတော့ အုပ်ချုပ်ရေးယန္တရားတွေက ကောင်းကောင်းမွန်မွန်မလုပ်နိုင်တဲ့ဟာမျိုးတွေ ကမ္ဘာ့နိုင်ငံအသီးသီးက ဖိအားတွေ ပေးလာတာမျိုးတွေ ရှိလာတာပေါ့နော။ ဆိုတော့ ဒါ တစ်နှစ်ပြည့်အချိန်မှာ စစ်တပ်ကတော့ ဒီအာဏာသိမ်းမှုကိစ္စမှာ တော်တော်လေးကို ကျဆုံးနေတယ်ဆိုတာ ကျနော်တို့ပြောလို့ရမယ်။ ဒီတစ်နှစ်ပြည့်မှာ လူထုတွေကလည်း ဆက်လက်ပြီးတော့ ဒီတော်လှန်ရေးမှာ ဆက်ပူးပေါင်းပါဝင်ဖို့လိုတယ်။ ကျနော်တို့ တော်လှန်ရေးနဲ့စပ်လျဉ်းပြီးတော့ လူထုတစ်ရပ်လုံးနဲ့ အဓိက ပတ်သက်ဆက်နွယ်နေတဲ့အတွက် လူထုတွေက အာဏာသိမ်းဆန့်ကျင်ရေးထဲမှာ ဆက်ပြီးတော့ မားမားမတ်မတ်ရပ်တည်ဖို့လိုတယ်ဆိုတာတော့ ကျနော်အထူးတလည်ပြောကြားချင်တာဖြစ်တယ်။

စစ်ရှောင်ကူညီပေးသူတစ်ဦး

ကျမတို့ကြည့်လိုက်မယ်ဆိုရင် စစ်ကောင်စီရဲ့ယန္တရားတွေက ဘာတစ်ခုမှ မလည်ပတ်နိုင်သေးတဲ့အနေအထားမှာရှိတယ်လို့ ကျမတို့ပြောလို့ရတယ်ပေါ့။ ကျန်းမာရေး ပညာရေးကအစပေါ့နော အုပ်ချုပ်ရေးကအစပေါ့ ဘာတစ်ခုမှမလည်ပတ်နိုင်သေးဘူးပေါ့။ ဆိုတော့ ဒါကိုကြည့်ချင်းအားဖြင့်ဆိုရင် စစ်ကောင်စီက မြန်မာနိုင်ငံသားရဲ့လူထုကို အချိန်ဖြုန်းရာကျတယ်ပေါ့နော။ ဆိုတော့ ကလေးတွေလည်း ပညာမသင်နိုင်ဘူး အလုပ်လက်မဲ့တွေအများကြီးဖြစ်ကြတယ်။ အများကြီးသေကြတယ် ကြေကြတယ် ပျက်စီးကြတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့။ ဆိုတော့ ဒီတစ်နှစ်အတွင်းမှာ စစ်ကောင်စီက လူထုအတွက် တော်တော်လေးအချိန်ဖြုန်းပြီးတော့မှ လူထုအတွက် နစ်နာနေတဲ့ဟာကို ကျမတို့ရင်ဆိုင်နေရတဲ့ဟာကို တွေ့နေရတယ်ပေါ့။ ဆိုတော့ ဒါကို ကျမတို့ကြည့်ချင်းအားဖြင့် စစ်ကောင်စီက သူ့နေရာကိုပြန်နေသင့်တယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ ပြီးလို့ရှိရင်တစ်ဖက်မှာ ဒီမိုကရေစီလမ်းကြောင်းကို သွားလိုတဲ့ PDF တပ်တွေကလည်း တိုက်ပွဲတွေရင်ဆိုင်နေရတဲ့အခါမှာ လူထုအတွက်ကိုလည်း ဆက်ပြီးတော့ သက်ညှာပေးဖို့လိုအပ်တယ် ဆိုတဲ့အနေအထားမျိုးလည်း ကျမမြင်နေရတယ်ပေါ့နော။ ဆိုတော့ ဒီမိုကရေစီလမ်းကြောင်းကနေ ကြိုးစားပြီး ဖွဲ့စည်းနေတဲ့ အစိုးရဖက်ကလည်း ဒီဖက်ပိုပြီးမှ အားစိုက်စေချင်တယ် ဒီထက်ပိုပြီးတော့မှ လက်တွေ့ကျကျ အလုပ်လုပ်ဖို့လိုအပ်နေတယ်ဆိုတဲ့ဟာပေါ့နော။ ကျမတို့လေကြောင်းပေါ်ကနေ ပြောတဲ့ဟာနဲ့မလုံလောက်တဲ့အနေအထားမျိုးမှာ ရှိတယ်ဆိုတဲ့ ခါကျတော့ လက်တွေ့ကျကျ အလုပ်လုပ်တယ် လက်တွေ့ကျကျအားစိုက်တယ် ပြီးတော့မှ လက်တွေ့ကျကျ ဒီထက် လူထုကို ပိုပြီးတော့မှ စည်းရုံးတဲ့ဟာ လုပ်မယ်ဆိုလို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးက အောင်မြင်မှာပါ။ အဲ့လိုမျိုးတော့ မျှော်လင့်တယ် ယုံကြည်တယ်ပေါ့နော။

ကရင်နီလူငယ်တစ်ဦး

စစ်တပ်အာဏာသိမ်းတာ ပြည်သူ့အာဏာသိမ်းတာတစ်နှစ်ပြည့်သွားပြီပေါ့နော။ ဆိုတော့ တစ်နှစ်အတွင်းထဲမှာ ကျနော်တို့လူငယ်တွေ ကျနော်တို့ပြည်သူတွေက အမျိုးမျိုးရင်ဆိုင်ရတယ် ကြုံတွေ့ရတယ်။ ဆိုတော့ စစ်တပ်အာဏာစသိမ်းတာနဲ့ ကျနော်တို့လမ်းပေါ် သပိတ်မှောက်ခဲ့တယ် ဆန္ဒပြတယ်ပေါ့ တောင်းဆိုခဲ့တယ်။ ပြည်သူတစ်ရပ်လုံးလမ်းပေါ်ထွက်ကြတယ်။ လမ်းပေါ်ထွက်ပြီးနောက်ပိုင်းမှာ ကျနော်တို့ လက်နက်ကိုင်လမ်းစဉ်ကိုသွားတယ်ပေါ့ ကရင်နီပြည်နယ်မှာက တိုက်ခိုက်တဲ့ဖက်ကသွားကြတယ်ပေါ့။ တိုက်ခိုက်ဖက်သွားတော့ ကျနော်တို့ကရင်နီပြည်နယ်မှာ လူဦးရေ ထက်ဝက်လောက် စစ်ဘေးရှောင်နေရတယ်ပေါ့ အခု လူဦးရေရဲ့ထက်ဝက်ရှောင်နေရတယ်။ ဆိုတော့ ဒီအတောအတွင်းထဲမှာ ကျနော်တို့ပြည်သူတွေ ပိုင်ဆိုင်တဲ့အိမ်တွေပျက်စီးတယ် တချို့သောပြည်သူတွေက အသက်စွန့်ပေးရတယ် ကျဆုံးတဲ့သူလည်းရှိတယ်။ အိမ်လည်း ကရင်နီပြည်နယ်အတွင်းထဲမှာ အိမ်ရာလိုက်ချီ ပျက်စီးဆုံးရှုံးမီးလောင်သွားတယ်။ ကျနော်က လူငယ်တစ်ယောက်ဖြစ်တယ် လူငယ်တိုင်းမှာက ရည်မှန်းချက်ပန်းတိုင် ရည်ရွယ်ချက်တွေရှိကြတယ် လုပ်ဆောင်ချက်တွေရှိကြတယ်။ ဖြစ်ချင်တဲ့အရာတွေ လုပ်ချင်တဲ့အရာတွေ လိုချင်တဲ့အရာတွေရှိကြတယ်။ လူငယ်တိုင်းလိုလိုရှိကြတယ် ကျနော့မှာလည်း အဲ့ဒါတွေရှိတယ်။ ဒါပေမယ့်လည်း စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ပြည့်သွားပြီ။ အဲ့ရည်မှန်းချက်တွေ လုပ်ဆောင်ချက်တွေ ပပျောက်သွားတာ လုပ်လို့မရတာ တစ်နှစ်ရှိသွားပြီပေါ့နော။ ဆိုတော့ လူငယ်တစ်ယောက်မှာ အဲ့ဒါမကဘူး လူငယ်ဆိုတဲ့အရာက ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့နေကြတယ် ပျော်ပျော်ရွှင်ရွှင်လည်းနေကြတယ်။ ကျနော်လည်း အဲ့လိုပဲ ပျော်ပျော်လေးနေတဲ့သူတစ်ယောက်ဖြစ်တယ်။ သို့သော် အာဏာသိမ်းသွားတော့ အခု ကျနော်တို့ပျော်လို့မရတော့ဘူး လွတ်လွတ်လပ်လပ်နေလို့မရတော့ဘူးပေါ့။ ဆိုတော့ တစ်နှစ်ရှိသွားပါပြီ အာဏာသိမ်းသွားတာ။ ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်တွေ ကျနော်တို့ပန်းတိုင်တွေ ပြန်ရဖို့အတွက်က အရေးတော်ပုံအောင်ဖို့လိုတယ်ပေါ့။ အရေးတော်ပုံအောင်မှပဲ အဲ့ဒါတွေ ပြန်ရနိုင်မှာဖြစ်တယ်။ ဒါကြောင့်မလို့ ဒီအရေးတော်ပုံလည်း ကျနော်တို့လူငယ်လက်ထဲမှာ ကျနော်တို့ရဲ့အနာဂတ်လည်း ကျနော်တို့လူငယ်လက်ထဲမှာပဲရှိတယ်။ တစ်ထောင့်တစ်နေရာကနေ ဒီအရေးတော်ပုံအောင်ဖို့အတွက် ဆက်လက်ပါဝင်ဖို့လိုအပ်တယ်။ ဘယ်အချိန်မှပြီးမလဲ ဘယ်နှစ်နှစ်ကြာမလဲဆိုတာ လူတိုင်းမပြောနိုင်ဘူး။ ဒါပေမယ့်လည်း ဆက်လက်တော်လှန်ဖို့အတွက် ပါဝင်ဖို့အတွက် လိုအပ်တယ်။ တတ်နိုင်တဲ့ဖက်ကနေ ပူးပေါင်းပါဝင်ဖို့လိုတယ်ပေါ့။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF B-14) တာဝန်ရှိသူတစ်ဦး

ကျနော်အမြင်ကပြောမယ်ဆိုရင် စစ်အာဏာရှင်ရဲ့အာဏာသိမ်းတာကိုတော့ ဘယ်လိုမှလက်ခံလို့မရတဲ့အဆုံးထိဖြစ်သွားပြီပေါ့နော။ ဘယ်လိုမှညှိနှိုင်းလို့မရတဲ့အခြေနေမှာလည်းရှိတယ်။ နောက်ပြီး ဒီလို လောလောဆယ်တော်လှန်ရေးလုပ်နေတဲ့သူတွေရဲ့ စိတ်ထဲမှာလည်း ပြည်သူ့အာဏာပေါ့နော ပြန်မရမချင်း တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ဟာတော့ လူတိုင်းရင်ထဲမှာတော့ ကြုံးဝါးထားကြတာပေါ့နော။ ဘယ်နှစ်ဖြစ်ဖြစ် အာဏာပြန်ရတဲ့အထိပေါ့နော တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ရှိကြတာပေါ့။

CDM ကျောင်းဆရာမတစ်ဦး

စစ်ကောင်စီအာဏာသိမ်းလို့ CDM လုပ်နေတာ တစ်နှစ်ပြည့်ပါပြီ။ ထုတ်ပယ်စာ ထွက်ပြီးလစာမရတာ၁၀လရှိပါပြီ လင်မယားနှစ်ဦးလုံးက cdm ဆိုတော့ စားသောက်ဖို့အခက်အခဲတွေ့ခဲ့ရတယ်။
ယခု စကစတော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြုတ်ချင်ပါတယ်။ စစ်ဘေးရှောင် ဘဝ နဲ့ ၅၀၅ ထုတ်ခံထားရ CDM တွေလည်းပင်ပန်းလှပါပြီ။ အဆုံးထိတောင့်ခံနေကြပါတယ်။ အရေးတော်ပုံအမြန်ပြီးအောင်တော့ ပြည်သူတစ်ဦးဆီတိုင်းပါဝင်အားဖြည့်ဖို့လိုပါတယ်။

spot_img
spot_img