ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရွာတစ်ရွာက ကျောင်းတစ်ကျောင်းမှာ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေ ပညာဆက်ပြီးဆည်းပူးနိုင်ဖို့ လက်ရှိပညာသင်နှစ်မှာ ကျောင်းဖွင့် ထားတာ ၅ လ လောက်ရှိပြီလို့ ဆိုပါတယ်။
KG အတန်းကနေ ရှစ်တန်းအထိ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ကျောင်းသူ၊သား ၁၅၀ ကျော် ပညာသင်ယူဆည်းပူး နေကြတာပါ။
အဆိုပါကိုယ်ထူကိုယ်ထကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာမ (၁၀) ဦးနဲ့ ဆရာ (၁) ဦး က ပညာသင်ကြားပေးနေကြတာပါ။
အင်္ဂလိပ်စာကို သင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းကျောင်းဆရာတစ်ဦးက ကလေးတွေကို စာသင်ကြားပေးဖြစ်တဲ့ အကြောင်းအရင်းကို အခုလို ဆိုပါတယ်။
” ကလေးတွေလည်း ကျောင်းပြန်တက်ချင်ခါကျတော့ ကျနော်တို့ အရင်က စာသင်ဖူးတဲ့ ဆရာ၊မလည်း ဒီကလေးတွေကို သနားသော အားဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရရှိအောင် ပြီးရင် စိတ်ဒဏ်ရာတွေမရအောင် အဲ့ဒါတွေ အဓိကထားပြီးတော့မှ သင်ကြားရေးကို ကျနော်တို့ ပြန်ဝင်လာတဲ့ သဘောပဲပေါ့နော်။”
သုံးတန်းနဲ့ လေးတန်းတွေမှာ သချာ်နဲ့ အင်္ဂလိပ်စာဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာမ တစ်ဦးကလည်း သူစာသင်ပေးဖြစ်တာကို ခုလို ပြောပါတယ်။
“ကလေးတွေကို အပြင်မှာ လေလွင့်မနေစေချင်ဘူးပေါ့နော်။ အဓိက အချက်က အဲ့ဒါပဲ။ ကျမတို့ ကျောင်းမှာက ပညာတစ်ခုတည်း သင်ပေးတာမဟုတ်ဘူး။ စိတ်ဓါတ်ပိုင်းဆိုင်ရာကော ပြီးတော့ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာဆိုတာ နောက်ဆုံးမှလေနော်။ စာဖတ်တတ်တဲ့လူတစ်ယောက်က ကလေးကို သင်ပေးလိုက်လို့ရတယ်။ ဒါပေမယ့် ကျမတို့ စိတ်ဓါတ်ပိုင်းတွေ၊ စည်းကမ်းပိုင်းတွေဆိုတာ လူ့အသိုင်းအဝိုင်းနဲ့ စုပြီးတော့ နေတဲ့အခါမှာ သူ့အတွက် ပိုကောင်းမွန်တဲ့ ဟာတွေဖြစ်ဖို့အတွက်ဆိုရင် ကျမတို့ကလည်း တစ်ဖက်တစ်လမ်းက ကူညီပေးချင်တာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ဒီကလေးတွေကို စိတ်ဓါတ်ကျသွားတဲ့ ကလေးတွေ မဖြစ်ဖို့အတွက် ကျမက ဒီကျောင်းမှာ ပြန်ပြီးတော့ ကလေးတွေကို ပြန်သင်ပေးချင်တာပေါ့။” လို့ အဆိုပါ ဆရာမက ပြောပါတယ်။
အဆိုပါ ကျောင်းမှာ မိခင်ဘာသာစကားအခြေပြု ဘာသာစကားအစုံးသုံးပညာရေးဆိုင်ရာ ဘာသာရပ်တွေ၊ ကယန်းသမိုင်း၊ ကယန်းပြည်သူ့နီတိ၊ ခေါင်းဆောင်မှုစွမ်းရည်၊ တင်ဆက်မှုစွမ်းရည်စတဲ့ ဘာသာရပ်တွေနဲ့ မြန်မာ၊ အင်္ဂလိပ်၊ သချာ်စတဲ့ သင်ရိုးသစ်ဘာသာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။
ယခင်က မူလတန်းအထ်ိပဲဖွင့်လှစ်ခဲ့တဲ့ အဲ့ဒီကျောင်းဟာ စစ်ဘေးရှောင်ကလေး တွေ တိုးလာတာနဲ့ အလယ်တန်းတက်မယ့်ကလေးတွေလည်း များတာကြောင့် အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။
“ကျမတို့ဒီမှာဆိုရင် အလယ်တန်းအထိ ဖွင့်ထားတာပေါ့နော်။ အရင်တုန်းက ဒီကျောင်းက မူလတန်းကျောင်းပဲ ဒါပေမယ့် ဒီအာဏာသိမ်းကာလမှာ စစ်ရှောင်ကလေးတွေလည်း များလာတယ်။ ပြီးရင် ကလေးတွေလည်း အတန်းပညာကူးပြောင်းဖို့အတွက်၊ အတန်းမြှင့်ဖို့ ပေးဖို့တွေလည်း ရှိတဲ့အတွက်ကြောင့်ဆိုပြီးတော့မှ ကျမတို့က အလယ်တန်းအထိ တိုးမြှင့်ပြီးတော့ ဖွင့်လိုက်တာပေါ့နော်။”
အခုလို အတန်းတိုးချဲ့ထားတာကြောင့် စာသင်ဆောင်တွေ မလုံလောက်တဲ့အတွက် ယာယီမိုးကာဆောင်တွေနဲ့ သင်ကြားပေးနေကြပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီကျောင်းမှာ စာသင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းအချို့ဟာ ပံ့ပိုးမှုတွေ မရရှိတာကြောင့် ရေရှည်အတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
“ကျနော်တို့ ရေရှည်မှာ ဒီကျောင်းဆက်လက်ပြီးတော့မှ ဖွင့်နိုင်အောင်၊ ကလေးတွေ ဆက်လက်ပြီးတော့မှ ပညာသင်ကြား၊ သင်ယူနိုင်အောင်ဆိုရင် အဓိက က တော့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုမှာ အများကြီးမူတည်ပါတယ်။ အဲ့ဒါဘာဖြစ်လို့လည်း ဆိုရင် ဒီရွာမှာ ရှိတဲ့မိဘ၊ ဒီရွာမှာရှိတဲ့ စစ်ရှောင်တွေလည်း အရမ်းခက်ခဲနေတယ်။ အဲ့ခါကျတော့ ကျနော်တို့မှာ အလှူရှင်တွေရဲ့ ပံ့ပိုးမှုကို မရတော့ဘူးဆိုရင် တနေ့ကျရင် သေချာတယ်။ နောက်တစ်လ၊ နှစ်လလောက်ဆိုရင် ကျောင်းကနေ နားရမယ့် သဘောမှာရှိတယ်။ ဘာဖြစ်လည်း ဆိုရင် ကျနော်တို့ ဝမ်းစာအတွက်ပေါ့နော်။ ကျနော်တို့ ဝမ်းစာအတွက် ရုန်းကန်ရတယ်။
အခုလိုမျိုး ကိုယ်ထူကိုယ်ထကျောင်းတွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်းတွေရဲ့ မိသားစု ဝမ်းစာအတွက် ပံ့ပိုးမှုတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။”
အခုလိုမျိုး ကိုယ်ထူကိုယ်ထကျောင်းတွေ ဆက်လက်ရှင်သန်ဖို့အတွက် စေတနာ့ဝန်ထမ်းတွေရဲ့ မိသားစု ဝမ်းစာအတွက် ပံ့ပိုးမှုတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။