ဆိတ်သုန်းနေတဲ့ အမျိုးသမီးထုအသံ လွှတ်တော်အတွင်း မြိုင်ဆိုင်လာတော့မလား

0
3543

ကရင်နီသူ

၂၀၂၀ အထွေထွေရွေးကောက်ပွဲကနေ အရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက လွှတ်တော်တွေမှာ ယခင်လွှတ်တော်သက်တမ်းထက် (၆)ရာခိုင်နှုန်း ပိုမိုပါဝင်ပြီး ဆွေးနွေးခွင့် ရတော့မှာပါ။

၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၇၉၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၅၂)ဦး အနိုင်ရရှိခဲ့တာဖြစ်ပြီး မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၈၉၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂၁၉)ဦး အနိုင်ရရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၁၅ခုနှစ်နှင့် ၂၀၂၀ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အမျိုးသမီးဦးရေနှင့် အနိုင်ရသူဦးရေပြ ဇယား(၁)

ဒါဟာ နှစ်ပေါင်း (၃၀)အကြာမှာ အမျိုးသမီးပါဝင်မှုနှုန်း တဖြေးဖြေးများလာတာဖြစ်သလို အနိုင်ရရှိမှုနှုန်းကလည်း ပိုများလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိမှုကဆိုရင် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ (၁၅)ဦး၊ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲမှာ (၄၅)ဦး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ (၁၃)ဦး၊ ၂၀၁၅ ရွေးကောက်ပွဲမှာ (၁၅၂)ဦး၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ (၂)ဦး ၊၂၀၂၀ ရွေးကောက်ပွဲမှာတော့ (၂၁၉)ဦးရှိလာတာပါ။

မြန်မာနိုင်ငံရဲ့ ၁၉၉၀ခုနှစ်ကနေ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲအထိ အမျိုးသမီးပါဝင်မှုပြဇယား(၂)

မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွေကြောင့် အမျိုးသမီးတွေနိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်မှုအားနည်းခဲ့ပြီး အမျိုးသမီးထုအသံ ထုတ်ဖော်ဖို့ အခွင့်အလမ်း မရရှိခဲ့တဲ့ ကယားပြည်နယ်က အမျိုးသမီးထုတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်တိုက်အားတိုက် ပါဝင်လာတယ်လို့ ဆိုရပါမယ်။
၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ အမျိုးသမီးပါဝင်ယှဉ်ပြိုင်နှုန်း နည်းခဲ့ပြီး အနိုင်ရရှိမှုနှုန်းကလည်း မပြောပလောက်တာကြောင့် ကယားပြည်နယ်လွှတ်တော်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် မရှိခဲ့ပါဘူး။

ယခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ကနေ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၅၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီး(၆) ဦး အနိုင်ရရှိခဲ့ပါတယ်။ အဲ့အထဲကမှ ကယားအမျိုးသမီး(၂)ဦးက ပြည်နယ်လွှတ်တော်ကို ပထမဆုံး ဝင်‌ရောက်ခွင့်ရကြမှာပါ။

သူတို့ကတော့ ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီလည်းဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီကဒေါ်အယ်ဗလင်းနဲ့ ပြည်မပါတီကနေ လာရောက် ရုံးဖွင့်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ပါတီက ဒေါ်ခင်မာဝင်းတို့ပဲ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တဲ့ဒေါ်အယ်ဗလင်း တော့ ပထမဆုံး အကြိမ် လွှတ်တော်တက်‌ရောက်ရတဲ့ အတွေ့အကြုံကို ရယူရမှာ ဖြစ်ပေမယ့်လို့ သူမအနေနဲ့ ရိုးရာဓလေ့ထုံးတမ်း စဉ်လာတွေကြောင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ရတဲ့ ကယားအမျိုးသမီးတွေရဲ့ အသံကို ပြည်နယ်လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အခုလို ပြောပါတယ်။

“အမျိုးသမီးတစ်ယောက်အနေနဲ့ လွှတ်တော်ထဲမှာ ဒီလို စိန်ခေါ်မှုအကြီးကြီးတော့ မမြင်ထားဘူး။ သို့ပေမယ့် အစိုးရသက်တမ်း၂တမ်းလုံးမှာ အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး ဆိတ်သုန်းနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီလာမယ့် ၂၀၂၀မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးလာလိမ့်မယ်။ ပိုပြီးတော့ လွှတ်တော်ထဲမှာ တရားဝင်လမ်းကြောင်းအနေနဲ့ အများကြီးရလာမယ်လို့ မျှော်လင့်တယ်။”

ဒါ့အပြင် လွှတ်တော်ထဲမှာ အမျိုးသမီးတွေပါဝင်မှု ရာခိုင်နှုန်း မျှတမှု၊ အမျိုးသမီး နိုင်ငံရေး လုပ်ဆောင်ဖို့ တားဆီးမှုတွေဖြစ်နေတဲ့ ရိုးရာဓလေ့ ပြဌာန်းချက်တွေ နဲ့ ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေကို အဓိကထား လုပ်ဆောင်သွားမယ်လို့ သူမက အခုလို ဆက်လက်ပြောပါတယ်။

″အမလုပ်ချင်နေတဲ့System မူပြောင်းလဲရေးတွေမှာ Religion တွေကို ပြန်ပြီးတော့ ဖိအားပေးနိုင်ရေးကိစ္စတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည်တွန်းလှန်နိုင်မယ့်ကိစ္စတွေက ရေရှည်လုပ်သွားရမယ့် ကိစ္စဖြစ်တယ်။ လွှတ်တော်သက်တမ်းတစ်ခုတည်းနဲ့တင် မလုံလောက်ဘူးပေါ့နော။ သို့ပေမယ့် ဒါကိုရေရှည်ရည်မှန်းချက်အနေနဲ့ ထားပြီးတော့ ငါးနှစ်အတွင်းလုပ်ဆောင်ရမယ့်ကိစ္စကို အမျိုးသမီးတွေနဲ့ တိုင်ပင်ပြီးတော့မှ ဦးစားပေး(၁)(၂)(၃)ဆိုတာကို ဖော်ထုတ်ပြီး ဒါကိုဗျူဟာကျကျနဲ့ သွားဖို့ကိုတော့ မျှော်လင့်ထားပါတယ်။″ လို့ ဒေါ်အယ်ဗလင်းက ပြောပါတယ်။

ဒေါ်အယ်ဗလင်း နဲ့အတူ ပထမဆုံးအကြိမ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်နယ်လွှတ်တော်ကို ဝင်ရောက်ခွင့်ရမယ့် ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က အနိုင်ရရှိခဲ့တဲ့ USDPက ဒေါ်ခင်မာဝင်းကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မော့ဒူးဒီးဘိုးဟိုးမှာ ကျင်းပပြုလုပ်တဲ့ ကရင်နီအမျိုးသမီးညီလာခံမှာ ဆွေးနွေးခဲ့ကြတဲ့ အမျိုးသမီးအိမ်တွင်းအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုတွေကို ကာကွယ်ပေးနိုင်မယ့် မူကြမ်းကို အတည်ဖြစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“အဓိက ကတော့ ကျမတို့အမျိုးသမီးနဲ့ ကလေးသူငယ်တွေပေါ့နော ဒီပဋ္ဋိပက္ခနယ်မြေမှာ နေရတဲ့အတွက်ကြောင့် ကျမတို့ မလုံခြုံတာပေါ့နော။ မလုံခြုံတဲ့အတွက် ကျမတို့အခု ဥပဒေမူကြမ်း ထွက်ထားတဲ့အပေါ်မှာ ဥပဒေမူကြမ်းကိုသာ အတည်ပြုလိုက်လို့ရှိရင် ကျမတို့အမျိုးသမီးတွေအတွက် သပ်သပ်ကာကွယ်နိုင်မယ့် ဥပဒေထွက်လာလို့ရှိရင် ကျမတို့အမျိုးသမီးတွေအတွက် လုံခြုံမှုရှိမယ်ပေါ့နော။ အဲ့ဒီအတွက်ကို ကျမတို့ဆွေးနွေးထားတဲ့အတွက်ကြောင့်မို့လို့ မျှော်လင့်တာပေါ့။ တကယ်လို့ ကျမကိုတာဝန်ပေးမယ်ဆိုရင် ကျမအဲ့ဒီဟာကို ပိုဦးစားပေးပြီးတော့ လုပ်ချင်တာပေါ့နော အမျိုးသမီးတွေ လုံခြုံဖို့အတွက်လေ”

အခုလို ပြည်နယ်လွှတ်တော်အတွက် မတူညီတဲ့ ပါတီနှစ်ခုက အမျိုးသမီး နှစ်ဦး ပါဝင်ခွင့်ရတာကြောင့် အမျိုးသမီးအရေး ဆွေးနွေးတဲ့အခါ ပိုအားကောင်းလာနိုင်သလို အချင်းချင်းညှိနှိုင်းပြီး ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဒေါ်အယ်ဗလင်းက ဆိုထားပါတယ်။

အမျိုးသမီးတွေဟာ နိုင်ငံရေး ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ပါဝင်လာဖို့ အခက်အခဲ အတားအဆီးတွေ ရှိနေတဲ့အတွက် ပါတီရဲ့မူဝါဒမှာ အမျိုးသမီးပါဝင်မှုကို တစ်သမတ်တည်း ပြဌာန်းထားပြီး အင်တိုက်အားတိုက် လုပ်ဆောင်သင့်တယ်လို့ Women for Women Foundation (WWF) ရဲ့ ဒါရိုက်တာ မရိုစီကျော်က အခုလို ပြောပါတယ်။

″လက်ရှိအနေနဲ့ အထူးသဖြင့်အမျိုးသမီးတွေက အကြမ်းဖက်မှုတွေ အများကြီးခံနေရတာရှိတယ်။ အဲ့ဒီအပေါ်မှာက ဘယ်အစီအမံမှမရှိဘူးပေါ့။ အဲ့ဒါတွေကို ထပ်တိုးလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ အဓိကမြေပြင်မှာ ကျမတို့ကောက်ခံထားတဲ့အချက်အလက်တွေ ရှိတယ်။ ပြီးတော့မှ ကျမတို့အတူတူဖြေရှင်းထားတဲ့ အမှုတွေရှိတယ်။ caseတွေရှိတယ်ပေါ့နော်။ အဲ့ဒီအချက်အလက်ပေါ်မူတည်ပြီးတော့မှ အခုတက်လာမယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို ကျမတို့အနေနဲ့ ဒီအမျိုးသမီးအရေးကိုပေါ့နော၊ မူဝါဒတွေကို ရေးဆွဲခိုင်းတာပဲဖြစ်ဖြစ်၊ အစီအမံတွေဆောင်ရွက်ပေးတာပဲဖြစ်ဖြစ်၊ နောက်ဆုံးဒီတရားမျှတမှုဥပဒေပိုင်းဆိုင်ရာကို လုပ်ပေးနိုင်ဖို့ ကျမတို့အများကြီး မျှော်လင့်ထားတယ်ပေါ့နော်။ ″

အခုလို အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ပြည်နယ်လွှတ်တော်ကို ဝင်ရောက်ခွင့်ရပြီး အမျိုးသမီးအခွင့်အရေးအတွက်၊ အမျိုးသမီးပါဝင်နိုင်ရေး မူဝါဒတွေ လုပ်ဆောင်တဲ့နေရာမှာ ပူး‌ပေါင်း ပါဝင် အားဖြည့်‌ပေးဖို့ အသင့်ရှိတယ်လို့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာလည်း ဥပဒေအရပဲပြောပြော၊ ရိုးရာယဉ်ကျေးမှုအရပဲပြောပြော၊ ဓလေ့အရပဲပြောပြော အမျိုးသမီးတွေက နိမ့်ကျတဲ့အမျိုးအစားထဲပါတယ်လို့ အမျိုးသားတွေက ခံယူကြတယ်။ ဒါတွေကလည်း မကောင်းပါဘူး။ ဆိုတော့ အမျိုးသမီးတွေ တကယ်စွမ်းဆောင်နိုင်တဲ့နေရာမျိုးဆိုရင် ကျနော်တို့နေရာပေးမှာပါ။ နောက်လိုအပ်တာရှိရင် နိုင်ငံရေးအရပဲပြောပြော တခြားသော လိုအပ်တဲ့အရည်အချင်းတွေရှိရင်၊ လိုအပ်တာတွေရှိသေးတယ်ဆိုရင် ဒါကျနော်တို့ ပံ့ပိုးကူညီမှာပါ။ ″

အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးဆုံးရှုံးနေတာနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရှိနေတာကို ကာကွယ်နိုင်ဖို့ အမျိုးသမီးကိုယ်စားလှယ်တွေက ဦးဆောင် လုပ်ဖို့ လိုအပ်တယ်လို့ ဒေသခံတစ်ဦးက အခုလို ထောက်ပြပြောဆိုပါတယ်။

“လက်ရှိ အမျိုးသမီးတွေအနေနဲ့ လုပ်ပိုင်ခွင့်တွေ သိပ်ပြီးမရှိတဲ့အပေါ် သူတို့တွေရဲ့ အခွင့်အရေးတွေဖြစ်တဲ့ အလုပ်အကိုင်ရှာဖွေမှုအပိုင်းတွေ၊ အမျိုးသမီးအကြမ်းဖက်မှုတွေကို သူတို့ကိုယ်တိုင် ကာကွယ်နိုင်စွမ်းမရှိသေးတဲ့အပေါ် တက်လာတဲ့ အမျိုးသမီးကိုယ်စားလှယ်တွေကနေ အမျိုးသားတွေကြားထဲ လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်တယ်မြန်မာနိုင်ငံက အမျိုးသမီးကို အကာအကွယ်ပေးတဲ့နေရာမှာ အခြားနိုင်ငံလိုမများတဲ့အတွက် အခုတက်လာတဲ့ အမျိုးသမီးတွေအနေနဲ့ ယခင်ထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့ အများကြီးလိုအပ်တယ်”လို့ ဒီးမော့ဆိုမြို့နယ်ဒေသခံ ဦးလင်းထိုက်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်းက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၆)ဦး အနိုင်ရရှိခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော် (၃)နေရာ၊ အမျိုးသားလွှတ်တော် (၁)နေရာနဲ့ ပြည်နယ်လွှတ်တော် (၂)နေရာ ဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်း ပါတီပေါင်း(၁၂)ပါတီနဲ့ တစ်သီးပုဂ္ဂလ(၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။