spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တရားဝင်စာချုပ်မရှိသဖြင့် မော်ချီးခဲလုပ်သားများ၏ ကျန်းမာရေးထိခိုက်မှု အာမခံချက်မရှိ

Author

Date

Category

ဖဲဘူး

မော်ချီးခဲသတ္တုတွင်းရှိ ခဲကျင်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် အလုပ်ရှင်အကြား လုပ်ငန်းစာချုပ်ချုပ်ဆိုထားခြင်း မရှိသဖြင့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်ပါက အငြင်းပွားမှု ဖြေရှင်းပေးရန် အခက်အခဲရှိနေသည်။

လုပ်ငန်းခွင်မှ ရရှိလာသော ခဲအဆိပ်သင့်ရောဂါလက္ခာဏာများ ဖြစ်ပွားပါက နစ်နာမှုကို ဖြေရှင်းရန် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးရန်လိုအပ်နေပြီဟု ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“သူတို့အခုလုပ်နေတာတွေက တရားဝင်မဟုတ်ဘူးလေ။ မှောင်ခိုပဲ လုပ်နေကြတော့ နိုင်ငံတော်အစိုးရဘက်ကနေ ကြည့်ရင်လည်း အခွန်လည်း မဝင်ဘူး။ အဲ့ဒါလည်း နိုင်ငံတော်အတွက် နစ်နာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါတွေကို အစိုးရက လိုက်လုပ်ရမယ်။ ခဲကျင်းတွေကိုလည်း အကုန်လုံး တရားဝင် မှတ်ပုံတင်လုပ်ရမယ်။ အဲ့ဒါမှ နိုင်ငံတော်လည်း အခွန်ရမယ်။ တစ်ဖက်မှာလည်း အလုပ်သမားတွေ အလုပ်ရှင်တွေလည်း သူတို့အချင်းချင်းကြားမှာ ပြဿနာတွေ မဖြစ်လာတော့ဘူးပေါ့နော။”ဟု ၎င်းက ပြောသည်။

မော်ချီးခဲသတ္တုတွင်းသို့ သွားရောက်လုပ်ကိုင်ကြပြီးနောက်ပိုင်း ခဲအဆိပ်သင့်ရောဂါ ခံစားနေရသူထဲတွင် ဖရူဆိုဒေသခံအများအပြား ပါဝင်သည်။

၎င်းတို့အတွက် လျော်ကြေးပြန်လည်ရရှိရေး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၊ ဖရူဆိုမြို့နယ်အထွေအထွေ အုပ်ချုပ်ရေးမှူး၊ မော်ချီးခဲသတ္တုတွင်း၏ ခဲကျင်းပိုင်ရှင်များနှင့် အလုပ်သမားတို့က ဧပြီလ ၂ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းခဲ့သည်။

အလုပ်သမားနှင့် လုပ်ငန်းရှင်ကြား ပြဿနာဖြစ်ပွားလာလျှင် တစ်နှစ်အတွင်း တိုင်ကြားမှုများ ပြုလုပ်မှသာ ဥပဒေနှင့်ညီမည်ဟု ဆိုသည်။
ခဲအဆိပ်သင့်အလုပ်သမားများ၏ နစ်နာမှုအား တိုင်ကြားရာတွင် အချိန်ကာလ ၁ နှစ် ကျော်လွန်သွားပြီသဖြင့် အလုပ်သမားဥပဒေအရ အကျုံးမဝင်တော့ကြောင်း ဖရူဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောသည်။

မော်ချီးခဲလုပ်ငန်းလုပ်ကိုင်ရာမှ ပြန်လာသူ ဖရူဆိုမြို့ ဦးစိုးရယ်က “Gun ခဏခဏထိုးရတော့ တုန်ခါမှုတွေ ယမ်းငွေ့တွေ အရမ်းထိတယ်လေ။ ကျွန်တော် သုံးလလောက်နေမှ သိရတယ်။ တအားချောင်းဆိုးတော့ ကျွန်တော်ပြန်နားလိုက်တယ်။”ဟု ၎င်းက ပြောသည်။

ဖရူဆိုမြို့နယ်ရှိ ခဲဆိပ်သင့် အလုပ်သမားကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က မတ်လ ၃၁ ရက်နေ့၌ ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။

အလုပ်သမားနှင့် အလုပ်ရှင်ကြား ပြဿနာဖြစ်ပွားမှုမရှိအောင် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာ ကော်မတီတွေကို ဖွဲ့စည်းပေးထားပြီး အလုပ်သမားတွေ၊ အလုပ်ရှင်တွေကြား ဖြစ်ပွားနေတဲ့ကိစ္စရပ်တွေကို တိုင်ကြားနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြန်လည်ဖြေကြားသည်။

“လုပ်ငန်းရှင်ဖြစ်ဖြစ် အလုပ်သမားတွေပဲဖြစ်ဖြစ် သူတို့နှစ်ဖွဲ့ကြားမှာ ဘယ်သူမှ မနစ်နာဖို့အတွက် စာချုပ်တို့ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အခုက ဘာမှမရှိတော့ လုပ်ငန်းရှင်တွေရဲ့အပြစ်လည်း မဟုတ်ဘူး။ အလုပ်သမားတွေရဲ့အပြစ်လည်း မဟုတ်ဘူး။ ဆိုတော့ ဒါတွေနဲ့ပတ်သက်ပြီး ဒီလိုတွေ နောက်ထပ်မဖြစ်အောင် အစိုးရတွေအနေနဲ့ သူတို့တာဝန်ရှိတယ်။”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောသည်။

ခဲအဆိပ်သင့်မှုကြောင့် ခဲသတ္တုတွင်းသို့ သွားရောက်လုပ်ကိုင်သော ဖရူဆိုဒေသခံများ ၂ နှစ်အတွင်း ၁၁ ယောက် သေဆုံးခဲ့ပြီး လက်ရှိ၌ ၃ ဦး ဆေးကုသမှုခံယူနေရသည်။

ခဲအဆိပ်သင့် အလုပ်သမားများအတွက် အလုပ်ရှင်တွေက လူမှုရေးအရ ငွေကျပ် ၂၅ သိန်း ပြန်လည်ကူညီခဲ့သည်။

အလားတူ ခဲဆိပ်သင့်မှုသည် ဖရူဆိုမြို့နယ်သာမက တခြားသောမြို့နယ်များတွင်လည်း အများအပြားရှိနေသေးကြောင်း ဦးသဲရယ်က ပြောသည်။

spot_img
spot_img

Recent posts