spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တနေ့ဘိန်းခင်းတွေပပျောက်ဖို့ စတင်ပြင်ဆင်နေပြီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်အစွန်အဖျားဒေသဘက်က တောင်ကုန်းတောင်စောင်း မြေနီရောင်စိုက်ခင်းထဲမှာ လူတစ်ရပ်ကျော်ကျော်လောက်ရှိနေပြီ ဖြစ်တဲ့ ထောပတ်ပင်တွေ အသီးတွေ အခုချိန်မှာ ဝေဝေဆာဆာသီးနေကြပါတယ်။

ဒါကတော့ ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းအစားထိုးလုပ်ငန်းတွေ အခုချိန်မှာ တဖြည်းဖြည်းနဲ့ အစားထိုး သီးနှံအနေနဲ့ ထောပတ်ပင်ကို စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။

ပတ်ပတ်လည်လည်မှာက တခြားတောင်ယာစိုက်ခင်းတွေ ရှိသလို၊ ဘိန်းစိုက်ခင်းတချို့လည်း ရှိနေပါတယ်။

အခုထောပတ်ပင်တွေရှိနေတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲမှာရှိပြီးတော့ ရှမ်း၊ ကယားနယ်စပ်မှာ ရှိတဲ့ ရီနွဲ့ကျေးရွာအုပ်စုထဲက ကုန်းငူးရွာပဲဖြစ်ပါတယ်။

“နှစ်ရှည်ပင်လည်းဟုတ်တယ်။ တခါစိုက်လို့အောင်မြင်သွားရင် နောက်ပိုင်းကျရင် ကုန်ကျစာရိတ်နည်းနည်းနဲ့ နှစ်စဉ်နှစ်စဉ် ဝင်ငွေရတဲ့အသီးဖြစ်တယ်။ နောက်ကျနော်တို့ဒေသနဲ့လည်းကိုက်ညီတယ်။ ဘိန်းအစား ထိုးအနေနဲ့လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် စိုက်ဖြစ်တယ်ပေါ့။” လို့ ရီနွဲ့ကျေးရွာက ဦးပန်းက ပြောပါတယ်။

အနောက်ဘက် ကယန်းဒေသထဲမှာပါ။ အဲဒီဒေသဟာ ဘိန်းစိုက်ပျိုးခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့ ဒေသဖြစ်ပါတယ်။ ရီနွဲ့ကျေးရွာအုပ်စုထဲက တောင်သူအများစု ၆ဝ ရာခိုင်နှုန်းဟာဆိုရင်လည်း ဘိန်းစိုက်ပြီး အသက်မွေးကြတဲ့သူတွေဖြစ်ကြပါတယ်။

“ကျေးရွာအုပ်စုအနေနဲ့ကြည့်မယ်ဆိုရင်တော့ ခြောက်ဆယ်ရာခိုင်နှုန်းအနေနဲ့ ခုနက ကျနော်ပြောခဲ့တဲ့အတိုင်းပေါ့နော် ဘိန်းစိုက်ကြတယ်။ နောက်ကျနော်တို့အောက်ပိုင်းဆိုရင်တော့ အမဲလိုက်တယ်။လက်ယက်ကန်းတို့ ပုလိုင်းယက်တာတို့ရှိမယ်။အထူးသဖြင့်ဒီဘက်ဒေသဆိုရင် ငရုတ်စိုက်တဲ့ဟာလည်းအဆင်ပြေပါတယ်။ အုပ်စုအနေနဲ့ကြည့်မယ်ဆိုရင် ခြောက်ဆယ်ရာခိုင်းနှုန်း အားလုံးနီးပါး ၊ အားလုံးနီးပါးလည်းမဟုတ်ဘူးပေါ့နော်။ ဆယ်ယောက်မှာ ခြောက်ယောက်၊ ခုနှစ်ယောက်လောက်က ဘိန်းစိုက်နေကြတယ်။ ဟိုးအရင်အရင်ကတည်းကပေါ့။” လို့ ကိုစောဘိုက ပြောပါတယ်။

ကိုစောဘိုဟာဆိုရင် ရီနွဲ့ကျေးရွာအုပ်စုအတွင်းမှာ ဘိန်းအစားထိုးသီးနှံတွေ တောင်သူတွေအကြားမှာ တဖြည်းဖြည်းလုပ်လာဖို့ အသိပညာတွေလိုက်လံပေးနေတဲ့ ဗုဒ္ဓဘာသာ ကယန်းမျိုးချစ်လူငယ်အသင်းထဲက တာဝန်ရှိသူတစ်ဦးပါပဲ။

ဗုဒ္ဓဘာသာ ကယန်းမျိုးချစ်လူငယ်အသင်းဟာဆိုရင် ပြီးခဲ့တဲ့နှစ်တွေကတည်းက ဘိန်းစိုက်ခင်းတွေအကြားမှာ ထောပတ်ပင်တွေစတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင် ထောပတ်ပင်တွေဟာဆိုရင် အသီးတွေ စသီးတဲ့အရွယ်ရောက်လာနေပါပြီ။ ပြီးခဲ့တဲ့နှစ်တွေက မေတ္တာဖောင်ဒေးရှင်းမှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စီမံကိန်းအကူအညီနဲ့ ရီနွဲ့ကျေးရွာအုပ်စုထဲမှာကို အပင်ပေါင်းတစ်သောင်းကျော် ၊ ဧက ၂၀ဝ ကျော် ဘိန်းခင်းထဲမှာ စံပြကွက်အနေနဲ့ ထောပတ်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် စံပြအကွက် ၂၀ဝ အပြင် စီမံကိန်းပြင်ပက တောင်သူတွေကလည်း တဖြည်းဖြည်းစိုက်ပျိုးလာတာဆိုရင်ဧက ၃၀ဝ လောက်ရှိနေပါပြီ။

အရင်နှစ်ကတည်းက စိုက်ပျိုးတဲ့ထောပတ်သီးနှံတွေဟာဆိုရင် နှင်းခါးရာသီဥတုဒဏ်ကြောင့်လည်း သုံးပုံမှာတစ်ပုံလောက်က အပင်တွေသေသွားတယ်လို့သိရပါတယ်။

” ကျနော်တို့ခံယူချက်ကတော့ ဒီလိုရှိတယ် ဘာပဲလုပ်လုပ် အစွန်းဆုံထိလုပ်ကြည့်မယ် တကယ်လို့လက်လျော့သင့်တဲ့အချိန်လည်းလျော့ရမယ်ပေါ့နော်။ အခုကျနော်တို့ ဒေသမှာဖြစ်ပျက်နေတဲ့ ဒီထောပတ် နှင်းခါးကြောင့်သေသွားပေမယ့် နှင်းခါးရဲ့အန္တာရာယ်ကဒေသအခြေအနေ နှစ်တိုင်းကျတယ် အကြီးအကျယ် ဖြစ်နေကြကိစ္စမဟုတ်ဘူးပေါ့။ “လို့ ကိုစောဘိုကပြောပါတယ်။

အခုလိုစိုက်ပျိုးရခြင်းဟာ တနေ့တချိန်ကြရင် နိုင်ငံတော်ကနေပြီး ဘိန်းစိုက်တောင်သူတွေကို စီမံချက်တခုခုဆောင်ရွက်လာတဲ့အခါမှာ စတင်ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး တနည်းတဖုန်အားဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်မယ်လို့ ကိုစောဘိုက ပြောပါတယ်။

အစိုးရဟာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ၁၅ နှစ်စီမံကိန်းမှာ ဘိန်းအဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့တဲ့လို့ ဆိုပေမယ့်လို့လည်း ဘိန်းပင်ကို အဖျက်ပြတာတို့ပဲ ဆောင်ရွက်သွားကြတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်တောင်သူတွေ ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေးအတွက် နိုင်ငံတောက အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်ဖို့ ရှိမရှိ လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်စည်သူက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ဖူးပါတယ်။

ဘိန်းစိုက်ပျိုးမှု ရေရှည်ဆက်လက်လျှော့ချနိုင်ဖို့အတွက် နိုင်ငံတော်အမျိုးသားဖွံ့ဖြိုးရေး အစီအစဉ်အောက်မှာ ထည့်သွင်းပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်နယ်အတွင်း ဆောင်ရွက်သွားမည်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂၀၁ရခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ဒေါက်တာခင်စည်သူ မေးခွန်းမှာပြန်ဖြေကြားခဲ့ဖူးပါတယ်။

အခုလိုတောင်သူတွေက ဘိန်းအစားထိုးသီးနှံစိုက်ပျိုးလာတယ်ဆိုပေမယ့်လို့ သက်ဆိုင်ရာ အစိုးရတွေ ၊ ကိုယ်စားလှယ်တွေက နိုင်ငံတော်အဆင့် စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ တစုံတရာ လာရောက်ညှိနှိုင်း ကွင်းဆင်းတာတွေတခါမှ မရှိသေးဘူးလို့ ရီနွဲ့ကျေးရွာက ရွာမိရွာဖ ဦးတင်မောင်က ပြောပါတယ်။

ဦးတင်မောင်က ” ဘိန်းစိုက်ပျိုးခြင်းရဲ့ တခြားသီးနှံစိုက်ပျိုးတဲ့နေရာမှာတော့ ကွင်းဆင်းလေ့လာတာတော့မရှိဘူး။ နှစ်စဉ်နှစ်တိုင်းတော့ ပုံမှန်ဖျက်ဆီးတာလောက်ပဲရှိတယ်။ ကွင်းဆင်းလေ့လာပြီး အစားထိုးပြီးဖို့ ဘာတွေညာတွေတော့မရှိသေးဘူး။” လို့ ပြောပါတယ်။

ထောပတ်ပင်တွေကို အစားထိုးစိုက်ပျိုးနေကြတယ်ဆိုပေမယ့်လို့ ဈေးကွက်အာမခံချက်တခုအတွက် တောင်သူတွေအခက်ကြုံတွေ့နေကြရပါတယ်။ ဒါကိုနိုင်ငံတော်အစိုးရကနေပြီးတော့ ဘိန်းအစားထိုး စိုက်ပျိုးနေတဲ့ တောင်သူတွေအတွက် အာမခံချက်ရှိတဲ့ သီးနှံဈေးကွက်တွေဖော်ဆောင်ပေးဖို့ တောင်သူတွေက တောင်းဆိုထားကြပါတယ်။

” တောင်သူလယ်သမားတိုင်းစိုက်နေကြပြီ စိတ်ဝင်စားနေကြပြီဆိုတော့ အစိုးရကိုတော့ဒါ ကုန်ကြမ်းတော့ကျနော်တို့ထုတ်လုပ်ပြီပေါ့နော် ကုန်ချောထုတ်လုပ်မည့်စက်ရုံတို့လိုအပ်ပါတယ်။” လို့ ဦးတင်မောင်က ပြောပါတယ်။

ဘိန်းစိုက်ခင်းတွေပပျောက်ဖို့ဆိုတာကတော့ နိုင်ငံတော်အဆင့်မှာ တောင်သူတွေရဲ့ အကျိုးစီးပွားကာကွယ်ပေးနိုင်ဖို့ စီမံချက်ဆောင်ရွက်မှသာလျှင် ပပျောက်နိုင်မှာဖြစ်ပါတယ်။

တစ်နေ့တချိန် ဒီလိုအခြေအနေမှာ ရောက်ရှိလာ ခဲ့မယ်ဆိုရင် ဘိန်းစိုက်တောင်သူတွေဟာ အခုချိန်ကတည်းက တခြားသီးနှံတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်ဖို့ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ တဖြည်းဖြည်း စတင်ပြင်ဆင်နေကြတာဖြစ်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေအစိုးရတွေကိုပြောချင်တယ်ဥပမာအစားထိုးကိစ္စတွေပေါ့နော် ဘာပဲလုပ်လုပ်တောင်သူက အသိစိတ်နဲ့အတူ အစိုးရက အထိုက်အလျောက်ပံ့ပိုးပေးရမယ်။ ဒီလိုမှ မပံ့ပိုးပေးဘူးဆိုလျှင် ဒါက အတိုင်းအတာတစ်ခုထိအနေနဲ့တော့ အဆင်ပြေနိုင်မှာမဟုတ်ဘူး။” လို့ ကိုစောဘိုက ပြောလိုက်ပါတယ်။

spot_img
spot_img

Recent posts