ဒီမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်းတွင် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီအုပ်စုမှ ဝင်ရောက်ဖမ်းဆီး

0
1043

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်းမှာ နေထိုင်တဲ့ ညီအစ်ကိုနှစ်ဦးကို ဒီကနေ့ မေလ၁၉ရက်နေ့ နံနက် ၇နာရီခွဲအချိန်မှာ နေအိမ်ထဲထိ စစ်ကောင်စီအုပ်စုမှ အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူငယ်၂ယောက် ပါသွားတယ်လို့တော့ သတင်းရတယ် အဲ့၂ယောက်ရဲ့ အိမ်အနောက်ဖက်မှာလည်း မွှေပြီးလိုက်ဖမ်းတယ်လို့ကြားတယ်။ဖမ်းခံထိတာ ၂ယောက်အပြင်ကို အခြားသူကောလိုက်ဖမ်းနေတာ လူငယ်တွေတော့ ထွက်ပြေးနေတယ်လို့ပြောတယ် ဒလန်တွေရဲ့မကျေနပ်ချက်တွေလားတော့မသိဘူးပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားနှစ်ဦးကို လက်ထိပ်ခတ် သေနတ်နဲ့ချိန်ပြီး ဖမ်းဆီးခေါ်သွားသလို ကျန်တဲ့ မိသားစုဝင်တွေကိုလည်း သေနတ်နဲ့ချိန်ထားတားယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

စစ်တပ်၊ ရဲ ၊ အရပ်ဝတ်သူ ပါဝင်တဲ့ အင်အား ၁၀၀ ကျော်က လမ်းမှာ တားဆီးထားတဲ့ အတားအဆီးတွေကို ရှင်းလင်းပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ညီအစ်ကို ၂ဦးမှာ ကျော်ဇောဟိန်း နဲ့ ကျော်ဇောသိန်း တို့ဖြစ်ကြပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်တွေမှာ ပါဝင်ကြသူတွေဖြစ်ပါတယ်။၎င်းတို့၂ဦးက ပြင်ပကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေကြသူဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးခံရတာကို မသိရှိရသေးပါ။