spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာမှာ ပစ္စည်းပြန်ယူတဲ့ ဒေသခံ တစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ဓာတ်ပုံ – ၂၀၂၂ခုနှစ် မတ်လအတွင်း လွိုင်ကော်မြို့တောင်ကုန်းတစ်နေရာမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကို KNDF တို့ ရှင်းလင်ရေးနေစဉ်။

ကန္တာရဝတီတိုင်း ( မ် )

ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာမှာ ယမန်နေ့ ( ဇွန်လ ၁၀ရက်နေ့) က ပစ္စည်းပြန်ယူတဲ့ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ KNDF B-06 ကပြောပါတယ်။  

“ ညနေလောက်ကျ ကျနော်တို့ ရဲဘော်ဆီက ဖုန်းဆက်လာတယ်ပေါ့နော။ ရွာထဲမှာ ရွာသားတစ်ယောက်မိုင်းနင်းမိပြီးတော့ သူတို့ လွိုင်ကော် ဆေးရုံပို့လိုက်တယ်။ ဒါပေမယ့် ဆေးရုံမှာ သေသွားတယ်။ အဲ့လိုမျိုး သတင်းကြားတယ်ပေါ့နော။ ရွာထဲမှာ သူတို့ပစ္စည်းပြန်ယူရင်းနဲ့ အိမ်နားမှာပဲ နင်းမိတယ်လို့ ပြောတယ်ဗျ။”  လို့ KNDF B-06 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒေါစဲကျေးရွာမှာ ဒေသခံတချို့ ပြန်လည်နေထိုင်တာတွေရှိသလို တချို့လည်း တောတောင်တွေထဲ စစ်ဘေးရှောင်နေကြပါတယ်။ ဒေါစဲကျေးရွာမှာ စစ်ကောင်စီတချို့ နေထိုင်တာတွေလည်း ရှိနေပါတယ်။

ဇွန်လ ၁၀ရက်နေ့ မနက်ပိုင်းမှာ KNDF B-06 က ပူဖားကျေးရွာ၊ ဒေါကမီးကျေးရွာ၊ ဆီးလီဒုံးကျေးရွာ၊ ဟန်သောခူ ရွာတွေမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

“အဲ့ဒီနီးနာမှာပေါ့နော။ မိုင်းတွေကတော့ ထပ်ရှိနိုင်သေးတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူးလေ။ ကျနော်တို့ မသွားရသေးတဲ့ လမ်းတွေရှိတယ်ပေါ့နော။ အဲ့လိုနေရာတွေ နောက် အိမ်ကျိုအိမ်ကြားတွေ၊ နောက် အိမ်အဝင်အထွက်တွေမှာ ရှိနိုင်သေးတယ်ပေါ့နော။ အဲ့တာတွေက မိုင်းတွေ ထပ်ရှိနိုင်ပါသေးတယ်။ “ လို့ KNDF B-06 တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။


ကရင်နီပြည်အတွင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နယ်မြေတွေမှာ စစ်ကောင်စီက မိုင်းထောင်ထားခဲ့တာတွေရှိပါတယ်။ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားပြီး ရိက္ခာပြန်ယူရင်းဖြစ်စေ၊ နေအိမ်ပြန်ကြည့်ရင်းဖြစ်စေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးရတဲ့ အရပ်သားပြည်သူ ၂၀ဦးထက်မနည်းရှိတယ်လို့ Karenni Humanitarian Team ( KHT ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာအနီး ရိက္ခာပြန်ယူတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

၄၅မိနစ်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးတချို့ရှိနိုင်တယ်လို့ KNDF B-06 က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img