ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းက အမျိုးသမီး ၆၀၀ ဦးအတွက် အသုံးအဆောင်ပစ္စည်းလှူဒါန်း

0
5198

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်းစစ်ရှောင်စခန်းတစ်ခုမှာ အမျိုးသမီး ၆၀၀ ဦးအတွက် လစဉ်သုံးပစ္စည်းအပါအဝင် အသုံးအဆောင်ပစ္စည်းတွေကို အလှူရှင်တွေက ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်။

“အမျိုးသမီးပေါ့နော။ သူတို့စစ်ရှောင်ရောက်တဲ့အချိန်မှာ တချို့ အရေးပေါ်ရောက်တဲ့ ပြေးနေတဲ့ အမျိုးသမီးတွေဖြစ်တဲ့အတွက် သူတို့ထမီအလဲအလှယ်ဖြစ်အောင် ကျမတို့ ထမီထည့်တယ်။ အထဲခံထည့်တယ်။ ဘီးထည့်တယ်။ မှန်ထည့်တယ်။ အဓိက အမျိုးသမီး အသုံးအဆောင်တွေ ကျမတို့ထည့်ပြီးတော့မှ ပေးလေ့ရှိတယ်ပေါ့နော။” လို့ လှူဒါန်းခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်လူဦးရေရဲ့ ထက်ဝက်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ အများစုဟာလည်း အရွယ်ရောက်ပြီး အမျိုးသမီးဖြစ်တဲ့အတွက် အသုံးအဆောင်ပစ္စည်းတွေ မရှိမဖြစ်လိုအပ်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ အမျိုးသမီးအသုံးအဆောင်ပစ္စည်းဆိုတာ အရမ်းလိုအပ်တယ်။ အမျိုးသမီးတစ်ယောက်အတွက် အရမ်းအရေးကြီးတယ်။ ဒါက စစ်ရှောင်မှအရေးကြီးတာမဟုတ်ဘူး။ စစ်ရှောင်မှ အရေးကြီးလိုအပ်လာတယ်မဟုတ်ဘူးလေ။ အိမ်မှာကတည်းက သုံးလာတယ်ဆိုတော့ အကျင့်လည်းဖြစ်တယ်။ ပြီးတော့ မသုံးရရင်လည်း မနေတတ်ဘူး။ အဲ့လိုမျိုး ဖြစ်တယ်လေ။” လို့ ၎င်းက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်နှစ်သိန်းနှစ်ထောင်ကျော်ရှိနေတဲ့ ကရင်နီပြည်မှာ စစ်ရှောင်တွေရဲ့ အခြေခံလိုအပ်ချက်တွေဟာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပြားနေပါတယ်။

တစ်နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ယခင်ကလည်း တစ်ကြိမ် အမျိုးသမီးအသုံးအဆောင်ပစ္စည်းလာလှူဒါန်းတာ ရှိတယ်လို့သိရပါတယ်။