spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ ရေသိုလှောင်ဖို့ မိုးကာလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်းစစ်ရှောင်စခန်းတစ်ခုမှာ ရေသိုလှောင်ဖို့အတွက် မိုးကာလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

တခြားစစ်ရှောင်စခန်းတွေနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာဖြစ်သလို အလှူရှင်လည်း အကြာကြီးနေမှတစ်ခေါက် ရောက်ရှိတယ်လို့ ဆိုပါတယ်။ စစ်ရှောင်ကာလပတ်လုံး ရေသိုလှောင်ဖို့အတွက် မိုးကာ နှစ်ခေါက်ရရှိခဲ့ဖူးတယ်လို့ အဲဒီစစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဒီမှာက အလှူရှင်မရောက်လာတာက ၄၊ ၅၊ ၆ လလောက်ရှိပီပေါ့။ ကျနော်တို့က ၂နှစ်လောက်လုပ်မှ ၂ခါတော့ရတယ်။ ဒါပေမယ့် ဝေရတာပေါ့။ အရင်က တဲက သေးသေးလေးဖြစ်နေတော့ ကြာကြာနေရမှန်းမသိဘူးလေ ကြာကြာနေတော့ တဲအကြီးဆောက်လုပ်လိုက်တော့ မိုးကာအကြီးလိုချင်တယ်ဆိုပြီး တင်ထားတာ နောက်တစ်ခါကျမှ ၁၈ပေ ပတ်လည် အဲ့လိုတော့ ရဖူးပါတယ်။ မိုးကာအလှူရှင်တော့ နှစ်ခါရဖူးတယ် ရေကန်အတွက်ပေါ့။ ပြီးခဲ့တဲ့ အရင်တစ်နှစ်တုန်းကပေါ့ အခုက မိုးကာက တော်တော်ပြဲနေပြီလေ။”

မိုးကာတွေဟာ ဆယ့်နှစ်ရာသီလုံး သုံးစွဲနေရတာကြောင့် နေပူဒဏ်၊ မိုးဒဏ်တွေကို မခံနိုင်တဲ့အတွက်
ပေါက်ပြဲကုန်ပါတယ်။ အဲဒီမိုးကာအပေါက်အပြဲတွေကို ပြန်ဖာပြီး သုံးနေရတယ်လို့ ဆိုပါတယ်။

“အခက်ခဲတွေကတော့ အများကြီးရှိတယ်ပေါ့။ကျနော်တို့က ဒီပြဲထားတဲ့မိုးကာကို ကျွတ်စလေးတွေညပ်ပြီးတော့မှ အဲ့ဒီအပေါက်လေးကိုပြန်ချည်ပြီးတော့မှ ပြန်သုံးရတယ် ပြီးတော့မှ ဒီလူများအသစ်တစ်ထည်လာပေးတဲ့အချိန်ကျတော့ကျွန်တော်တို့က အသစ်တစ်ထည်ကို အောက်ပြန်ခင်း ပေါက်ထားတဲ့တစ်ထည်က အမိုးပြန်မိုးတယ်။အခုက အကုန်လုံးစုပ်ကုန်ပြီ အခုအသစ်ခင်းထားတဲ့ဟာဆို ရေမရှိတော့ ကြွက်ကိုက်ပေါက်ကုန်တယ်။ဒါ‌ပေမဲ့ ကျွန်တော်တို့က သရေကြိုးနဲ့ပြန်ချည် ပြီးတော့ သုံးနေရတယ်ပေါ့။” လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၀ ကျော်ရှိပြီး လူဦးရေ ၇၀ ဝန်းကျင်နေထိုင်ကြပါတယ်။ စစ်ရှောင်အိမ်တိုင်းကတော့ သိုလှောင်ထားတဲ့ ရေကန်ကို နှစ်အိမ်သုံးအိမ်စုပြီး သုံးကြတာရှိသလို စစ်ရှောင်စခန်းဘုံရေကန်လည်း သပ်သပ်ထားရှိထားပါတယ်။

နွေရာသီရောက်တာနဲ့ စစ်ရှောင်ခန်းတွေမှာ စားနှပ်ရိက္ခာတွေ အပြင် ရေ ရှားပါးမှု နဲ့ ရေသိုလှောင်ဖို့ မိုးကာစတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

Recent posts