ကန္တရဝတီတိုင်း(မ်)
ယနေ့ ဒီးမော့ဆိုတရားရုံးသို့ ပုဒ်မ ၄၄၇ နှင့် ၆(၁) ဖြင့် အမှုလာရောက်ရင်ဆိုင်သည့် ဒေါဆိုရှေးတောင်သူ ၁၅ ယောက်ထဲမှ ၃ ဦး ထပ်မံဖမ်းဆီးခံရပြီး လွိုင်ကော်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားသည်ဟု ရုံးချိန်းကိုလာရောက်ဝန်းရံသည့် ကိုကျော်ထင်အောင်က ပြောသည်။
“ ၃ယောက်ကိုထပ်စွဲပြီးတော့ တစ်ခါတည်းဖမ်းခေါ်သွားတဲ့ပုံစံဖြစ်တယ်။ ဒီနေ့မနက်မှာပဲ မြို့နယ်တရားရုံးမှာ တပ်ကနေပြီး တရားလိုလုပ်ပြီး လာစွဲတယ်လို့သိရတယ်” ဟု ၎င်းကပြောသည်။
၄၄၇ ဖြင့် တရားစွဲဆိုခံရသည့် ဒေါဆိုရှေးတောင်သူ ၁၅ ဦးရှိပြီး ပုဒ်မ ၆(၁)ဖြင့် လွန်ခဲ့သည့် သြဂုတ်လ ၂၆ရက်နေ့တွင် တောင်သူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးဖြစ်သည်။
ယနေ့ အောက်တိုဘာလ ၂၁ရက်နေ့တွင် တောင်သူ ၃ဦးဖြစ်သည့် ဦးခူးရီ၊ ဦးဆော်ရယ် နှင့် ဒေါ်ညားမာတို့ကို ပုဒ်မ ၆(၁)ဖြင့် ထပ်မံတရားစွဲကာ လွိုင်ကော်အကျဉ်းထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“တမင်သက်သက်ယုတ်မာတယ်လို့ပဲပြောလို့ရတယ်ပေါ့နော။ အမှုတစ်ခုတည်းကို တရားလိုနှစ်ယောက်လုပ်တာတို့ ပုဒ်မခွဲပြီးစွဲတာတို့ အဲမျိုးတွေ မညှာမတာ သဘောမျိုးပေါ့။ မတရားဘူး တကယ်တမ်းဆိုလုိ့ရှိရင် ပုဒ်မ တစ်ခုထဲစွဲရင်တောင်ရပြီ ပုဒ်မအများကြီးနဲ့ လူတစ်ယောက်ထဲကို စွဲတယ်ဆိုကတည်းက အမြင်ကတ်ပုဒ်မနဲ့လား သက်သက်မဲ့ ပြည်သူဒုက္ခရောက်အောင်လုပ်တာလားမသိဘူးပေ့ါနော” ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ခွန်းကောရီယို ကပြောသည်။
အမြောက်တပ် (၃၆၀) မှ ဗိုလ်ကြီးအောင်မျိုးထွန်းမှ တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားကြောင်းသိရသည်။
လက်ရှိတွင် ပုဒ်မ ၆(၁)ဖြင့် အချုပ်ကျနေသည့် ဒေါဆိုရှေးကျေးရွာမှ တောင်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး တစ်ဦးနှင့် လွိုင်ကော်မြို့နယ်မှ တောင်သူ ၃ ဦး စုစုပေါင်း ၁၂ ဦး ရှိသည်။
၂၀၀၂-၂၀၀၃ ခုနှစ်တွင် အမတ ၃၆၀တပ် တည်ထောင်သည့်အချိန်မှစပြီး ဒေါဆိုရှေ့တောင်သူ လုပ်ကိုင်စားသောက်သည့်မြေယာကို တပ်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ကြပြီး ဧက ၂၀၀ဝန်းကျင်ရှိကြောင်းသိရသည်။
၎င်းမြေနေရာတွင် တောင်သူများက လုပ်ကိုင်စားသောက်ခွင့်ပေးထားသော်လည်း တပ်ရင်းမှူး အပြောင်းအလဲကြောင့် တောင်သူများအနေဖြင့် ထွန်ယက်စိုက်ပျိုးမည်ဆိုပါက သက်ဆိုင်ရာကို တင်ပြပြီး ခွင့်ပြုချက်ရမှသာ စိုက်ပျိုးခွင့်ပေးထားကြောင်း တောင်သူတွေက ပြောသည်။
ဧပြီလ ၂၂ ရက်နေ့တွင်လည်း ၆မိုင် စံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဒေသခံတောင်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒေါဆိုရှေ့တောင်ယာမြေနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာထူးခြားလာခြင်းမရှိပေ။