spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် KNPP မပါဝင်ပါက အမျိုးသားရင်ကြားစေ့ရေးနစ်နာမှုရှိနိုင်

Author

Date

Category

ကော်မိန်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အနေဖြင့် ၂၁ ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် မပါဝင်နိုင်ပါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နစ်နာမှုရှိနိုင်သည်ဟု ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ အဖွဲ့ဝင် ဦးပလုရယ်က ပြောသည်။

“သူတို့ဆွေးနွေးတာ တင်ပြတာတွေကိုတော့ တကယ့်ဆုံးဖြတ်တဲ့အထဲမှာ မပါဘူးဆိုရင်တော့ ဒါကအရမ်းကို နစ်နာနို်င်တယ်ပေါ့နော်။ သူတို့အတွက်မကဘူး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပြောရမလား၊ အဲဒါတွေမှာ နစ်နာမှုတွေ ရှိနိုင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

၂၁ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များကသာလျှင် ဆုံးဖြတ်ချက်ချသည့်နေရာတွင် ပါဝင်ခွင့်ရှိနေပြီး စာချုပ်လက်မှတ်မထိုးထားသည့် KNPP အနေဖြင့် သဘောတူ ဆုံးဖြတ်ချက်ချသည့် အပိုင်းတွင် မပါဝင်နိုင်သည့် အနေအထား၌ ရှိနေသည်။

“အားလုံးပါဝင်နို်င်ဖို့ကတော့ ကြိုးပမ်းမယ် ဆိုတဲ့ဟာမျိုးကတော့ ကျနော်တို့သိရတယ်လေ။ ကျနော်တို့အနေနဲ့ တက်ရောက်ခွင့်တော့ ပေးပြီးတော့ တကယ် ထဲထဲဝင်ဝင် ဆွေးနွေးခွင့် ၊ ဆုံးဖြတ်ခွင့်မပေးဘူးဆိုတဲ့ဟာက အဓိပ္ပါယ်မရှိဘူးလို့တော့ ကျနော်တို့ထင်တာပေါ့နော်”ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ်က ဆိုသည်။

ဆုံးဖြတ်ချက်ချသည့်အပိုင်း ပါဝင်ခွင့်မရ ဟူသောအချက်သည် အစိုးရ၏ မူဘောင်တစ်ခုအနေဖြင့် မဟုတ်ဘဲ NCA မူဘောင်ထဲတွင်သာဖြစ်ကြောင်း ၂၁ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ( ၁ )အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦး ကပြောသည်။

“အဓိက ကတော့ အရင်အစိုးရက မူလည်းမဟုတ်ဘူး။ NCA ကဖြစ်လာတယ်။ ဒီ NCAကို အစိုးရဘက်ကလည်း လိုက်နာရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တဲ့သူကလည်း လိုက်နာရတယ်။ လက်မှတ်ထိုးတဲ့သူတွေအားလုံး။ NCA ခုုလုပ်တဲ့ လုပ်ငန်းစဉ်တွေအားလုံးကို ကျော်လို့မရဘူး။ NCAမှာ ဘာတွေရေးထားလဲဆိုတော့ NCAမှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သာ ဆွေးနွေးပွဲမှာ UPDJC မှာပါဝင်လို့ရတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံတွင် နိုင်ငံရေးနှင့် လုံခြုံရေးကို အဓိက ဆွေးနွေးမည်ဖြစ်ပြီး ဩဂုတ်လ နောက်ဆုံးပတ်ကျင်းပတွင် ကျင်းပနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။

Recent posts