spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့အတွင်း ပြောင်းစိုက်ခင်း ၈ ဧကခန့် ငမြှောင်တောင်ပိုးများ စားသောက်ဖျက်ဆီး

Author

Date

Category

နော်ဒွေးအယ်ခူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ငမြှောင်တောင်ပိုးများ ကျရောက်သည့်ပြောင်းစိုက်ခင်းကို အခြားပြောင်းဧကများသို့ မကူးစက်စေရန်အတွက် ပြောင်းခင်း ၈ ဧကခန့်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အခုဖယ်ခုံမှာဆိုရင် စုစုပေါင်းပျက်စီးသွားတဲ့ဧကမျိုးတော့မရှိဘူး။ ၈ ဧကတော့ ထိခိုက်သွားတာပေါ့ အခုဒီကွင်းပေါ့။ ဒါကပထမဆုံးစဖြစ်တာအားလုံးပေါင်း ၈ဧကတော့ ထိခိုက်တယ်။ အစ်မတို့ ဘာလို့မီးရှို့တာလဲဆိုရင် တောင်သူရဲ့သဘောဆန္ဒအရပေါ့၊ အမှန်တော့ ဖျက်ဆီးလိုက်ရင် အခြားခင်းကိုမကူးတော့ဘူးပေါ့နော” ဟုဖယ်ခုံမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းထက် ကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ ၃၃၆ အနီး၌ ပိုးကောင်များ စားသောက်ဖျက်ဆီးထားသည့်  ပြောင်းစိုက်ခင်းများကို ဖယ်ခုံမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြောင်းစိုက်တောင်သူတို့မှ ပြောင်းပင်များကို ခုတ်ထွင်ရှင်းလင်းပြီး မီးရှှို့ကာဖျက်ဆီးခဲ့သည်။

ဖျက်ဆီးခံရသောပြောင်းခင်းကို မီးရှှို့ဖျက်ဆီးခြင်းနှင့် မြေလှန်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ကျန်ရှိနေသောပြောင်းနှင့် အခြားစိုက်ခင်းများသို့ ကူးစက်ပြန့်နှံ့ခြင်းမဖြစ်ရလေအောင် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဒေါ်သင်းသင်းထက်ကဆိုသည်။

(၂၀၀) ဧကရှိသည့်ပြောင်းစိုက်ခင်းထဲသို့ ငမြှောင်တောင်ပိုးများဝင်ရောက် စားသောက်ဖျက်ဆီးရာမှ ၈ ဧက ပျက်စီးသွားပြီး တန်ဖိုးကျပ်(၁၈)သိန်းခန့် ဆုံးရှှုံးသွားကြောင်း တောင်သူဦးစောလှဒူက ပြောသည်။

၎င်းက “တခြားဟာလည်းအများကြီးရှိသေးတယ်ပေ့ါ မပျက်စီးသေးတာတွေ ထပ်ကူးမှာစိုးလို့ ဆက်ပြီးကူညီပေးဖို့ ဌာနဆိုင်ရာတွေကိုတောင်းဆိုချင်တယ်” ဟု ဦးစောလှဒူကပြောသည်။

ပျက်စီးသွားသည့်ပြောင်း ၈ ဧကကိုလည်း ငမြှောင်တောင်ပိုးများ စားသောက်ဖျက်ဆီးပြီးနောက် တစ်ပတ်အကြာမှ သတိထားမိခဲ့ကြောင်း တောင်သူများကဆိုသည်။

၎င်းတို့အနေဖြင့်  ပျက်စီးသွားသောပြောင်းအစား အခြားအစားထိုးမျိုးစေ့ကို စိုက်ပျိုးရေးဌာနမှ ကူညီပေးနိုင်ရန် တောင်းဆိုထားသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ “ဒီခင်းကိုအကုန်ဖျက်လိုက်၊ ဖျက်လိုက်ရင် အခြားကိုမကူးတော့ဘူး။ ဘာပြန်လုပ်ပေးမ လဲဆိုရင် အခြားသီးနှံကိုစိုက်ချင်တယ်ဆိုရင် နေကြာစိုက်မလားမျိုးရှာပေးမယ် ပြန်စိုက်၊ ဒီတစ်ခင်းအတွက် သီးနှံမျိုး ပြန်ရှာပေးမယ် ၈ ဧကဆိုလည်း ၈ ဧကပေါ့။ ထိခိုက်တဲ့ ဧကတော့ တင်ပေးထားတယ်။ ကျွန်မတို့ ဌာနပိုင်းကပေါ့ မျိုးပြန်ပေးမယ်ပေါ့” ဟုပြောထားသည်။

လက်ရှိအချိန်တွင် ကျန်ရှိနေသေးသည့် စိုက်ခင်းများသို့ ငမြှောင်တောင်ပိုးများ ဝင်ရောက်လာနိုင်သည့်အတွက် တောင်သူများ၏စိုက်ခင်းများကို သက်ဆိုင်ရာဌာနများမှ စစ်ဆေးနေပြီးပညာပေးလုပ်ငန်းများပါ လုပ်ဆောင်နေကြောင်း သိရသည်။

ငမြှောင်တောင်ပိုးများမကျရောက်သေးသည့် စိုက်ခင်းများကို ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ရာတွင် စိုက်ခင်းများကို ပိုးသတ်ဆေးကြိုတင်ဖြန်းထားခြင်း၊ နေ့စဉ် ကွင်းဆင်းစစ်ဆေးခြင်း၊ ပေါင်းရှင်းခြင်းများ ပြုလုပ်ထားရန်လိုပြီး စိုက်ခင်းပတ်ပတ်လည်တွင်လည်း ၁ပေခွဲအနက် မြောင်းတူးဖော်ထားပြီး ပိုးသတ်ဆေးများ ဖြန်းထားသင့်ကြောင်း ဒေါ်သင်းသင်းထက်ကဆိုသည်။

ပြောင်းပင်များကို ပိုးသတ်ဆေးဖြန်းသည့်အခါတွင် အကျႌရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ နှာခေါင်းစည်း၊ ဦးထုပ် စသည့် လုံခြုံသည့်အသုံးအဆောင်ပစ္စည်းများကို အသုံးပြုသင့်ကြောင်း ၎င်းကလမ်းညွှန်ထားသည်။

ဖျက်ဆီးပုံလက္ခဏာမှာ အရွက်များတွင် ဖျက်ဆီးခံထားသည့်အပေါက်များရှိနေခြင်း၊ အရွက်အနားများစုတ်ပြတ်နေခြင်း၊ လောက်ကောင်၏ မစင်များကိုတွေ့ရမည်ဖြစ်သည်။

ငမြှောင်တောင်ပိုးသည် ပြောင်းနှင့် အခြားသီးနှံများဖြစ်သောစပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်အပါအဝင် သီးနှံအမျိုးပေါင်း (၈၀)ခန့်ကို စားသောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်းကီလိုမီတာ (၁၀၀) အထိပျံသန်းနိုင်စွမ်းရှိသည့် ဖျက်ပိုးဖြစ်ကြောင်း သီးနှံကာကွယ်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းငမြှောင်တောင်ပိုးသည် အိနိ္ဒယနိုင်ငံတွင် ပထမဆုံးတွေ့ရှိနေပြီး မြန်မာနိုင်ငံတွင်းဒေသအချို့ရှိ စိုက်ခင်းများ၌လည်း စားသောက်ဖျက်ဆီးနေပြီ ဖြစ်သည်။

spot_img
spot_img

Recent posts