spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့ အနောက်ဘက်ခြမ်း ခါးဘယ်ကျေးရွာမှာ အထက်တန်းကျောင်းအထိဖွင့်နိုင်ဖို့ မျှော်လင့်နေကြ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့ အနောက်ဘက်ခြမ်း ခါးဘယ်ကျေးရွာအုပ်စုရှိ ကိုယ်ထူကိုယ်ထဖွင့်လှစ်နေတဲ့ ခါးဘယ်စာသင်ကျောင်းမှာ ကျောင်းနေအရွယ် ကလေးတွေ ကျောင်းဆက်တက်နိုင်ဖို့အတွက် အထက်တန်းအထိ ဖွင့်လှစ်သင်ကြားနိုင်ဖို့ ဒေသခံတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေက မျှော်လင့်နေကြပါတယ်။

ခါးဘယ်ကျေးရွာအုပ်စုမှာ စာသင်ကျောင်း၇ကျောင်းရှိပြီး အထက်တန်းအထိ ဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းမရှိသေးပါဘူး။ ခါးဘယ်ကျေးရွာက စာသင်ကျောင်းတစ်ကျောင်းသာ အလယ်တန်းအထိ ဖွင့်လှစ်နေတဲ့ကျောင်းဖြစ်ပြီး အုပ်စုအတွင်း တခြားကျေးရွာတွေက ကျောင်းတွေဟာဆိုရင် မူလတန်းကျောင်းတွေသာဖြစ်ပါတယ်။

အခုလို အထက်တန်းအထိဖွင့်လှစ်နိုင်ဖို့က ကျောင်း ဆရာ၊ ဆရာမ၊ စာသင်ဆောင်နဲ့ သင်ထောက်ကူ၊ စာရေးကိရိယာတွေလိုအပ်တယ်လို့ ခါးဘယ်ကျေးရွာ ကျောင်းတာဝန်ခံ ဆရာမ လွှီးဇာပီးပီက ပြောပါတယ်။

ဒါ့အပြင် ကလေးတွေအနေနဲ့ အခက်အခဲအမျိုးမျိုးကြားက တခြားနေရာတွေကို အထက်တန်းကျောင်းသွားတက်ရောက် မသင်ယူနိုင်တဲ့အတွက် ကျောင်းထွက်ရတဲ့ကလေး နည်းပါးလာနိုင်တယ်လို့ ဆရာမ လွှီးဇာပီးပီက ပြောပါတယ်။

“ခါးဘယ်တစ်ရွာကိုလေ ဘာဖြစ်လို့လဲဆိုရင် နောက်တစ်နှစ်ဆိုရင် ကျမတို့ အခုဒီသင်လာတဲ့ အထက်တန်းဆိုရင် ဟိုယာတက်ရမယ်ဆိုရင် ဒါကြီးက နေရာထိုင်ခင်းက အဆင်မပြေဘူးလေနော။ အခုဆိုရင် တချို့သွားပြီး ပြန်လာတာမျိုးရှိတယ်။ နေရာထိုင်ခင်း အဆင်မပြေတဲ့အတွက်ပေါ့နော။ အဲ့ဒီအတွက် ကျမတို့ဆိုရင် ဖြစ်စေချင်တယ်ပေါ့နော။ ခါးဘယ်ကို အထက်တန်းလေးတော့ ဖွင့်စေချင်တယ်။ ဒါမှ ကိုယ့်ကလေးကလည်း ကျောင်းဆက်တက်မှာလေ။ မဟုတ်ရင် စားဝတ်နေရေးအခက်အခဲ။ နေရာထိုင်ခင်းအခက်အခဲတွေနဲ့ ပြန်လှည့်လာရတာမျိုး မဖြစ်ခိုင်းစေချင်ဘူးပေါ့။” လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်ချင်တဲ့ကလေးတွေ နည်းပါးအောင် အသိပညာပေးတာတွေ လုပ်ဆောင်နေတာရှိတယ်လို့ ပညာရေးအပိုင်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ကယောစာပေယဉ်ကျေးမှုအဖွဲ့ရဲ့
အတွင်းရေးမှူးဆရာမတစ်ဦးက ပြောပါတယ်။

“မိဘတွေက အလုပ် သူတို့ရဲ့ စားဝတ်နေရေးပေါ့နော။ စားဝတ်နေရေးကြောင့် ကလေးတွေကို တောင်ယာမှာပဲ ပြန်ခေါ်အိပ်လိုက်တာတို့ အဲ့ဒီလိုမျိုး ကလေးတွေက တောင်ယာသွားသွားရင်းနဲ့ ကျောင်းဘက်ကို စိတ်မပါတော့တာတို့ အဲ့ဒီလိုမျိုးတွေလည်း ကြုံရတယ်ပေါ့နော။ အဲ့ဒါတွေလည်းရှိတယ်။ ဒါပေမယ့် တတ်နိုင်သလောက်တော့ အခုဆိုရင် မိဘတွေကို လိုက်ပြီးတော့ ပညာပေးနေတာတွေတော့ လုပ်နေပြီပေါ့နော။ မိတွေကို ပညာပေးတယ်။ ကလေးတွေကို ကျောင်းထွက်နှုန်းနည်းအောင်။ နောက်ပြီးတော့ ကျောင်းထဲမှာ ကိုယ့်ရဲ့ ပညာရှာတဲ့အပိုင်း ပြန်စိတ်ဝင်စားလာအောင် အဲ့ဒီလိုမျိုးတွေကိုတော့ မိဘတွေကိုတော့ ပြန်ပြီး တိုက်တွန်းထားတာတွေရှိတယ်။ အဲ့ဒီလိုမျိုး တော့ ပြန်လုပ်ထားတယ်။” လို့ ကယောစာပေယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဆရာမတစ်ဦးက ပြောပါတယ်။

ခါးဘယ်အလယ်တန်းကျောင်းမှာ ကျောင်းသား ၂၈၀ယောက်ကို ဆရာ၊ ဆရာမ ၁၀ယောက်က သင်ကြားပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာ အလယ်တန်းအထိ ဖွင့်လှစ်နိုင်ဖို့အတွက် မူကြိုက စားဖိုဆောင်ကို စာသင်ကျောင်းအနေနဲ့ ပြုလုပ်ခဲ့ရပြီး သင်ကြားနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အလယ်တန်းအထိသင်ကြားနေရတဲ့အတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်ထောက်ကူပစ္စည်းတွေကို ပြုလုပ်နေရတယ်လို့ ခါးဘယ်ကျောင်းက အလယ်တန်းပြ ကျောင်းဆရာတစ်ဦးက​ ပြောပါတယ်။

” အခုက ကလေးတွေဆီကနေ တောင်းမယ်ဆိုရင်လည်း ကျနော်တို့ အများကြီး တောင်းလို့လည်းမရ။ သူတို့ဆီကနေ တိုက်ရိုက်တောင်းမယ်ဆိုရင်လည်း မရ။ နောက် တစ်ချိန်လုံး ထောက်ပံ့ကြေးပဲ မျှော်ကိုးနေမယ်ဆိုရင်လည်း ထောက်ပံ့မယ့် သူကော ဘာကော အပြည့်အဝ ထောက်ပံ့မှု မရှိနိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်က လမ်းခရီးလည်းဝေးတယ်။ နောက်ပြီး အလှူရှင်တွေဘာတွေ ရှာမယ်ဆိုရင်တောင်မှ လိုင်းကမရှိခါကျတော့ ဒီသင်ထောက်ကူခါကျတော့ အဆက်အသွယ်မှုအရမ်းနည်းတယ်။ ကိုယ့်ဟာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှိတာလေးနဲ့ပေါ့နော။ ဟိုဟာနည်းနည်း ဒီဟာနည်းနည်း အဲ့ဒီလိုမျိုးပဲ လုပ်ရတာပေါ့။” လို့ သူက ပြောပါတယ်။

ခါးဘယ်ကျောင်းဟာ ကိုဗစ်ဖြစ်ပွားတဲ့အချိန်က ကျောင်းကို ပိတ်ထားခဲ့ရပြီး ကိုဗစ်သက်သာချိန် ၂၀၂၁ခုနှစ် မတ်လ ကနေစပြီး ယာယီကျောင်းအနေနဲ့ ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

ခါးဘယ်ကျေးရွာအုပ်စုမှာ ကျောင်းသားပေါင်း ၆၀၀ကျော်ရှိပြီး မူလတန်းကျောင်း ၆ကျောင်းနဲ့ အလယ်တန်းအထိ ဖွင့်လှစ်နေတဲ့ကျောင်း တစ်ကျောင်းသာ ရှိတာဖြစ်ပါတယ်။

spot_img
spot_img