spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘဝကို အရှုံးမပေးဘဲ နိုင်ငံတကာတက္ကသိုလ်ကျောင်းတက်ခွင့်ရဖို့ ကြိုးစားခဲ့သူ

Author

Date

Category

ကရင်နီသူရေးသားသည်။

လွိုင်ကော်မြို့နယ်၊ နိုးကိုးစံပြကျေးရွာက အဖေဦးညေးရယ်နဲ့ အမေဒေါ်နန်းစေးတို့ကနေ မွေးဖွားလာတဲ့ မောင်နှမငါးယောက်အနက် အငယ်ဆုံးဖြစ်သူ ခူးဆော်ရယ်ဟာ ဩဂုတ်လ ၁ ရက်နေ့ ၂၀၁၉ခုနှစ်ကနေစပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ Child Dream က ထောက်ပံ့ပေးတဲ့ စကောလားရှစ်ကို ယူပြီး လေးနှစ်တိုင် တက်ရောက်ကာ ပညာသင်ယူခွင့်ရပြီဖြစ်ပါတယ်။ 

ခူးဆော်ရယ်ဟာ သာမန်တောင်သူမိသားစုကနေ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက မွေးမိခင်ရဲ့စောင့်ရှောက်မှုကို မခံခဲ့ရဘဲ အဖိုးအဖွား၊ အစ်ကို အစ်မတွေရဲ့ ဖေးမစောင့်ရှောက်မှုတွေနဲ့ ပညာသင်ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။ 

မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ကိုယ့်မွေးရပ်မြေမှာပဲ တက်ရောက်ပညာသင်ခဲ့ပြီး၊ အထက်တန်းပညာကို ဆက်လက်မသင်ယူတော့ဘဲ ဒီးမော့ဆိုမြို့မှာဖွင့်လှစ်တဲ့ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကိုပဲ ဆက်လက်တက်ရောက် ခဲ့ပါတယ်။ 

ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ဆိုတာ လူငယ်တွေအတွက် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့၊ လူထုအဖွဲ့အစည်းတွေမှာ ဝင်ဆံ့နိုင်အောင် သင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် ရ နှစ်အတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားပေါင်း ၃၀ဝနီးပါးခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဒီလိုပဲ ခူးဆော်ရယ်ဟာလည်း ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းမှာ ၂၀၁၄မှာပြီးသွားတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေကြောင့်လည်းပါသလို၊ ကိုယ်ကိုယ်၌ကလည်း နောင်တစ်ချိန် ခေါင်းဆောင်တစ်ဦးဖြစ်ချင်တာတွေကြောင့် ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ကို ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။ 

သူဟာဆိုရင် ၂၀၀၉-၁၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်လို့ စိတ်ဓာတ်တွေကျကာ ကျောင်းထွက်ပြီးတော့ အပြင်မှာ သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပါတယ်။ 

̏ ကျွန်တော် ဆယ်တန်းဖြေပြီး ဆယ်တန်းကျတဲ့အချိန် အိမ်ကလူတွေက၊ ကျွန်တော့်ရဲ့မိသားစုတွေကပေါ့ နောက်တစ်နှစ်ပြန်ကြိုးစားပါဦးပေါ့။ ဆိုတော့ ကျွန်တော်က ပညာရေးဆို လုံးဝအရှုံးပေးပြီပေါ့နော၊ ကျောင်းတက်ရမယ့် ကိစ္စလုံးဝမပြောတော့နဲ့ ဆိုတဲ့အဆင့်ထိ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။” လို့ ဆော်ရယ်က ပြောပါတယ်။

အဲဒီနောက်မှာမှ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကို ကြားသိခဲ့ရပြီး ကျောင်းပြန်တက်ချင်စိတ်တွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ 

“ဆယ်သဲရောက်ရှိလာတဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ ကျွန်တော် ပြန်တွေးကြည့်မိတာကတော့ ကိုယ့်ကံက ဒီဘက်ပဲပါတယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော။˝ လို့ ပညာရေးကို အရှုံးပေးချင်စိတ် ဖြစ်ခဲ့ဖူးတဲ့အကြောင်း ပြောပြသွားပါတယ်။

ဆော်ရယ်လိုပဲ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကနေပညာသင်ကြားခဲ့ကြတဲ့သူတွေဟာ ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသလို၊ တချို့ကလည်း အစိုးရဝန်ထမ်း၊ တချို့ကလည်း ကိုယ်ပိုင်အလုပ်၊ တချို့ကလည်း ပညာဆက်လက်သင်ယူနေကြဆဲ စသည်ဖြင့် နေရာအသီးသီးမှာ ကိုဒူးကိုယ်ချွန် ဖြစ်နေကြပါတယ်။ 

ဆော်ရယ်ကတော့ ဆယ်သဲကျောင်းပြီးသွားတော့ ပညာဆက်လက်လေ့လာဆည်းပူးမှုတွေ ကြိုးစားသင်ယူခဲ့ပါတယ်။ ဆယ်သဲကနေ ၂၀၁၄ခုနှစ်ကျောင်းပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းက ကရင်နီအမျိုးသားကောလိပ်(KnNC)မှာ ဇွဲလုံ့လမလျှော့သေးဘဲနဲ့ ပညာဆက်လက် သင်ယူခဲ့ပြန်ပါတယ်။ KnNC ကျောင်းကို ထပ်တက်ဖို့ သူရွေးခြယ်ခဲ့ရခြင်းက နိုင်ငံတကာကျောင်းတစ်ခုခုမှာ ကျောင်းဆက်လက်တက်လှမ်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲလို့ သိရပါတယ်။ ဒီကျောင်းကို ဆက်တက်ခွင့်ရဖို့လည်း အများကြီးကြိုးစားခဲတယ်လို့ ဆိုပါတယ်။ 

“KnNCတက်နိုင်ဖို့က ကျောင်းက သတ်မှတ်ထားတဲ့ ဝင်ခွင့်စာမေးပွဲကို ကျွန်တော်အောင်ခဲ့လို့ ကျောင်းတက်ခွင့်ရခဲ့တာပါ။ ပြီးတော့ ကိုယ့်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရပါတယ်။ ဥပမာ- ဖြေရမယ့် ဘာသာရပ်တွေ စာကြိုကြည့်ရတယ်။” လို့ ခူးဆော်ရယ်က ရှင်းပြပါတယ်။ 

အဲ့ဒီကောလိပ်ကို သုံးနှစ်တိတိကြိုးစားသင်ယူခဲ့ပြီးတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မင်းမဟော်(Minmahaw Higher Education Program)ကို တစ်နှစ်ပညာသင်ယူခွင့်ရရှိခဲ့ပါတယ်။ KnNC ကနေ မင်းမဟော်ကျောင်းကိုတက်ခွင့်ရဖို့ လျှောက်လွှာတွေတင်ပြီးတော့ ဝင်ခွင့်ဖြေဆိုရပါတယ်။ အဲဒီနောက် အင်တာဗျူးတွေဖြေပြီးအောင်မှ အဲဒီမင်းမဟော်ကျောင်းကိုတက်ရပါတယ်။ 

အဲဒီကျောင်းမှာတော့ အဓိက အင်္ဂလိပ်စာကို ထပ်မံသင်ယူခွင့်ရခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်စာကို တစ်နှစ်သင်ယူပြီးနောက်မှာ General Education Development (GED)ဆိုတဲ့ အမေရိကန်က မေးခွန်းတွေ ဖြေခဲ့တယ်လို့ ဆိုပါတယ်။ မေးခွန်းအဆင့်ဆင့်တွေ ဖြေဆိုအောင်မြင်ခဲ့ပြီးတော့ အခုဆိုရင်သူက ဘန်ကောက်တက္ကသိုလ်မှာ ပညာဆက်လက်တက်ရောက်သင်ယူဖို့ စကောလားရှစ် ရယူနိုင်ခဲ့ပါပြီ။ 

ဒါကြောင့် ဩဂုတ်လ ၁ရက်နေ့မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Asia-Pacific International University (AIU) ကိုတက်ရောက်ခွင့်ရတော့မယ်လို့သိရပါတယ်။ သူယူထာတဲ့ အထူးပြုဘာသာရပ်ကတော့ (Education)ပညာရေး အထူးပြုဘာသာရပ်ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကရင်နီပြည်က လူငယ်တွေ ထိုင်းနိုင်ငံ(ဘန်ကောက်)၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတို့မှာ တက္ကသိုလ်တက်ခွင့်ရသွားတဲ့ လူငယ်တွေ မနည်းပါဘူး။ မြန်မာနိုင်ငံကအစိုးရတွေ တရားဝင်အသိအမှတ်မပြုသေးတဲ့ ကျောင်းကနေလည်း နိုင်ငံတကာအသိအမှတ်ပြု ကျောင်းတွေဆီကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။ 

တက္ကသိုလ်ဝင်ခွင့်၊ ကျောင်းအပ်ခ အစစအရာရာဈေးကြီးတဲ့ခေတ်မှာ ခူးဆော်ရယ်လို သာမန်ကျောင်းသား တစ်ယောက်အနေနဲ့ နိုင်ငံခြားတက္ကသိုလ်လေးနှစ် တက်ရောက်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် အလှူရှင်တွေကိုယ့်ကို ထောက်ပံ့ချင်လာအောင် ကိုယ့်ဘက်က လိမ္မာရေးခြားရှိပြီး ကြိုးစားရမှာပါ။ ဒီတော့ ခူးဆော်ရယ်ကတော့ Child Dream ကနေပေးတဲ့ Scholarship လေးနှစ်ကို ရရှိလိုက်ပါပြီ။ 

ဆယ်သဲကျောင်းတက်ပြီး ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ တစ်ထောင့်တစ်နေရာမှာ ဝင်ရောက်အားပြုပေးနေကြတဲ့ ကျောင်းသားတွေများသလောက် ခူးဆော်ရယ်ကပဲ ပညာရေးအပိုင်း ကိုပဲဆက်လက် ရွေးချယ်ခဲ့လို့ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာတက္ကသိုလ်ကို တက်လှမ်းနိုင်ခဲ့တာ ဂုဏ်ယူစရာဖြစ်လာပါတယ်။ 

ဒီလိုတက်လှမ်းရတာ သူ့အတွက် စိန်ခေါ်မှုတွေအရမ်းများပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို အောင်နိုင်ဖို့ ခူးဆော်ရယ်တစ်ယောက် သူ့ကို အစပျိုးခဲ့တဲ့ကျောင်းက အခြေခံကိုယူပြီး ကြိုးစားခဲ့လို့ပါ။

̏ တစ်ဆင့်ပြီးတစ်ဆင့် အချိန်ပိုပေးရတယ်ပေါ့နော။ အဲ့ခါကျတော့ ဒါက စိန်ခေါ်မှုတွေ အများကြီးတွေ့ရတယ်။˝ လို့ ခူးဆော်ရယ်က ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ပြောပြပါတယ်။ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံတကာတက္ကသိုလ်တစ်ခုမှာတက်ရောက်ရတော့မယ့် ခူးဆော်ရယ်က သူ့ရဲ့အနာဂတ်မှာ ပညာရေးဘက်ကို ပိုပြီးဦးတည်သွားလိမ့်မယ်လို့ ပြောပါတယ်။ 

̏ ကျွန်တော့်ရဲ့အနာဂတ်က ပညာရေးဘက်မှာ ပိုပြီး ရပ်တည်လိမ့်မယ်ပေါ့နော။ ကျွန်တော်သိတဲ့အရာတစ်ခုကို၊ တတ်တဲ့အရာတစ်ခုကို ပိုပြီးတော့မှ မျှဝေပေးမယ်။ တစ်ဖက်မှာလည်း မျှဝေပေးမယ်။ တစ်ဖက်မှာလည်း ပညာတော်သင်ဆက်သွားဖို့ ကျွန်တော်ရည်ရွယ်ထားတယ်ပေါ့နော။ ဒီတက္ကသိုလ် ၄နှစ်တက်ပြီးရင် မာစတာတွေရဖို့ ဆက်လေ့လာဖို့ ကျွန်တော်ကြိုးစားသွားမယ်၊ အရှုံးမပေးဘူး။˝ လို့ပြောပါတယ်။ 

လေးနှစ်ကျောင်းပြီးသွားရင်လည်း ပညာရေးအပိုင်းကို ဆက်လက်လျှောက်လှမ်းမယ်၊ ဒါမှမဟုတ် သူ့ကို အစပြုပေးခဲ့တဲ့ဆယ်သဲကျောင်းမှာပဲ ပညာတွေ ပြန်သင်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ 

̏ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်ကျောင်းပြီးလို့ရှိရင် ဒီဆယ်သဲမှာ ပြန်ကူရင်ကူမယ်။ နှစ်ခုတော့ရှိတယ်ပေါ့နော။ အဓိက ကျွန်တော်လုပ်မှာက ဒီပညာရေးပဲ။ တစ်ချက်က ကျွန်တော်ဒီဆယ်သဲမှာ ပြန်ကူဖို့ရှိတယ်ပေါ့နော။˝ လို့ ခူးဆော်ရယ်က သူ့ရဲ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။ 

ပညာရေးကို အဆုံးမသတ်နိုင်လို့၊ ပညာရေးနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုချင်လွန်းလို့ စိန်ခေါ်မှုတွေ အမျိုးမျိုးကြားကနေ နိုင်ငံတကာကျောင်းသားတွေနဲ့ ယှဉ်ပြိုင်ပြီးစကောလားရှစ်ရနိုင်ဖို့ ကြိုးစားပြီး နောက်ဆုံးရရှိလာခဲ့တဲ့အတွက်ကြောင့်လည်း ဘဝမှာစိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ကြောင်း ခူးဆော်ရယ်က ပြောပြပါတယ်။ 

လက်ရှိ ပညာသင်ကြားနေကြသေးတဲ့ ကရင်နီကျောင်းသားလူငယ်တွေကို အချိန်အားသရွေ့ စာလေ့လာစေချင်ကြောင်း၊ အဖိုးတန်တဲ့ ပညာတော်သင်ခွင့် ရရှိနိုင်ဖို့ ကြိုးစားစေချင်ကြောင်း ပြောပါတယ်။ 

ဒါမှသာ နောင်တစ်ချိန် တိုင်းပြည်ကို ပြန်ပြီးအကျိုးပြုနိုင်တဲ့ ခေါင်းဆောင်တွေဖြစ်လာမယ်လို့ ခူးဆော်ရယ်က ပြောပါတယ်။

ဆက်လက်ပြီး ကျောင်းသားလူငယ်တွေအနေနဲ့ ပညာရေးအပိုင်းသော်လည်းကောင်း၊ နည်းပညာအပိုင်း သော်လည်းကောင်း၊ နိုင်ငံခြားပညာတော်သင် ရရှိနိုင်ဖို့ အကြံညဏ်သော်လည်းကောင်း သိချင်တာရှိရင်လည်း ဆက်သွယ်ဆွေးနွေးတိုင်ပင်ဖို့ ခူးဆော်ရယ်က ဖိတ်ခေါ်လိုက်ပါတယ်။ 

spot_img
spot_img

Recent posts