spot_imgspot_imgspot_imgspot_img
Wednesday, October 9, 2024
spot_imgspot_imgspot_imgspot_img

ဘိန်းပန်းတွေရဲ့ နေဝင်လုနီးချိန်

Author

Date

Category

ခွန်းကလိုင်းဖရီး

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနေရာကနေ တတိယအများဆုံးအဆင့်သို့ လျော့ကျသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘိန်းထုတ် လုပ်မှု ဒုတိယ အများဆုံး နေရာမှာရှိခဲ့ပေမယ့် တတိအများဆုံးနေရာမှာ ရှိခဲ့တဲ့ မက္ကဆီကိုနိုင်ငံက နောက်ပိုင်းမှာ ဓာတုဗေဒသုံးပြီး မူးယစ်ဆေးဝါးတွေ အမြောက်အများထုတ်လုပ်တာကြောင့် ကမ္ဘာ့ဒုတိယ နေရာကို ရောက် သွားတာပါ။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇာဝတ်မှုခင်းဆိုင်ရာရုံး (UNODC) ရဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုစစ်တမ်း (၂၀၁၉) အရ ၂၀၁၉ ခုနှစ်မှာ ဘိန်းစိုက်ပျိုးတဲ့ ပမာဏ ၁၁ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ၂၀၁၄ ခုနှစ်မှ စတင်ပြီး ယခင် ၂၀၁၉ ခုနှစ်အထိ ကျဆင်းလာပြီး၊ ၂၀၁၇ ခုနှစ်မှာ ဟတ်တာ ၄၁၀၀၀၊ ၂၀၁၈ ခုနှစ်မှာ ဟတ်တာ ၃၇၃၀၀ နဲ့ ၂၀၁၉ ခုနှစ်မှာ ဟတ်တာ ၃၃၁၀၀ အထိ နှစ်အလိုက် ကျဆင်းခဲ့တယ်လို့ ဖော်ပြပါတယ်။

ဘိန်းစိုက်ပျိုးမှုဟာ ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ စိုက်ပျိုးတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ စုပေါင်းပြီး ဘိန်းစိုက်ပျိုးတဲ့ခင်းကို လိုက်လံဖျက်ဆီးခဲ့စဉ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တစ်ခုတည်းရဲ့ ဘိန်းစိုက်ပျိုးမှု လျော့ကျလာတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ရှမ်းပြည်မြောက် ပိုင်းမှာ ၇ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ပိုင်းမှာ ၈ ရာခိုင်နှုန်းနဲ့ ရှမ်းတောင်ပိုင်းမှာ ၁၇ ရာခိုင်နှုန်း အသီးသီး လျော့ကျလာ တာကို တွေ့ရပါတယ်။

ကယန်းဒေသတွင်း ဘိန်းစိုက်ပျိုးမှု
ခုလို ဘိန်းစိုက်ပျိုးမှု လျော့နည်းလာတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းထဲမှာဆိုရင် ဖယ်ခုံမြို့နယ်ရှိ ကယန်းဒေသ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒေသတွင်း ဘိန်းစိုက်ပျိုးဧက မခန့်မှန်းနိုင်ပေမယ့် စိုက်ပျိုးမှုရဲ့ ၁၀ ပုံ ၁ ပုံခန့်တာ ရှိတော့တယ်လို့ ဘိန်းစိုက်တောင်သူတွေက ခန့်မှန်းပြောဆိုပါတယ်။ အခုလို လျော့နည်းလာတာဟာ ဘိန်းဈေးကွက် ပျောက်နေတာကြောင့်လို့ တောင်သူ စခွန်းအေးမောင်က မှတ်ချက်ပြုပါတယ်။

“ဒီနှစ်အခြေအနေဆို လုံးဝနည်းပြီ။ ဘာဖြစ်လဲဆို တရားမဝင်တဲ့အတွက်ကြောင့်ရော၊ နိုင်ငံတော်လည်း လိုက်ဖမ်းဆီးတာများတယ်။ ပြီးတော့ ဈေးကွက်လည်း ပျောက်နေတယ်။”
ဘိန်းစိုက်ပျိုးတဲ့လုပ်ငန်းကို မိဘ၊ ဘိုဘွားတွေ လက်ထက်ကတည်းက လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာ တောင်သူတွေက ဘိန်းအစား တခြားသီးနှံတွေကို အစားထိုးစိုက်ပျိုးချင်နေကြပါပြီ။

စခွန်းအေးမောင်တစ်ယောက် အခုဆိုရင် ဘိန်းအစား ပြောင်း၊ လက်ဖက်နဲ့ ထောပတ်ကို ၃ ဧက အကျယ်ရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင်ခြံထဲမှာ သီးညှပ်ပုံစံနဲ့ စိုက်ပျိုးထားပါတယ်။

ဘိန်းစိုက်ပျိုးမှုနဲ့ အစားထိုးသီးနှံ
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးတဲ့ ပြည်နယ်လေးခုရဲ့ မြို့နယ်ပေါင်း ၅၁ မြို့နယ်မှာ ဘိန်းစိုက်ခင်းတွေကို တိုက်ဖျက် သွားမှာဖြစ်သလို အစားထိုးသီးနှံတွေ ပေးအပ်မယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဖယ်ခုံမြို့နယ်၊ ကယန်းဒေသမှာရှိတဲ့ ဘိန်းစိုက်ပျိုးတဲ့ တောင်သူတွေတွက်တော့ ဒီစီမံချက်က အကျုံးမဝင် သေးပါဘူး။

စိမ်းစိုနေတဲ့ တောင်ယာခင်းထဲက တဲကလေးထဲမှာ တစ်ယောက်တည်း ရိုးရာစုပ်ခေါင်သောက်ရင်း ထိုင်နေတဲ့ စခွန်းလောရင်းတစ်ယောက် ဒီနှစ်တော့ ပြောင်းဖူး၊ စပါးနဲ့ အာလူးခင်းတွေကို ခြံအပြည့်စိုက်ထားကို တွေ့ရ ပါတယ်။ ဘိန်းစိုက်ပျိုးရာသီကျရင် ဘိန်းခင်းအနည်းငယ်လောက်သာ လုပ်ကိုင်တော့မယ်လို့ သူက ဆိုပါတယ်။ စခွန်းလောရင်းတို့ တောင်သူတွေ လုပ်ကိုင်နေတဲ့ ဘိန်းခင်းတွေကို ဌာနဆိုင်ရာတွေက လာရောက်ဖျက်ဆီး တတ်ပေမယ့် တောင်သူတွေရဲ့ စားဝတ်နေရေးမထိခိုက်အောင် အစားထိုးလုပ်ဆောင်ပေးတာ မရှိဘူးလို့ သူက ဆိုပါတယ်။

“အမှန်တကယ်ဦးလေးသိသလောက်ဆို ဘိန်းဖျက်တယ်ဆိုတာ အစားထိုးပေးပြီးတော့ ဖျက်မလား၊ ဖျက်ပြီး တော့ အစားထိုးပေးမလား။ ဒီနှစ်ချက်နော်။ အခု အစားထိုးလည်း မပေး၊ ဖျက်တယ်။ ဖျက်ပြီးလည်း အစားထိုး မပေးဘူး။”

ဘိန်းစိုက်တောင်သူတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေကို အခွန်ပေးဆောင်ကြရတာမျိုး ရှိပါတယ်။ “ဥပဒေကို ချိုးဖောက်ချင်လို့ စိုက်တာမဟုတ်ဘူး။ နိုင်ငံတော် တော်လှန်ပုန်ကန်ချင်လို့ စိုက်တာမဟုတ်ဘူး။ မိသားစု စားဝတ်နေရေး အခက်အခဲ လုံးဝမတတ်သာလို့ ကျနော် တို့ စိုက်ခြင်းသာဖြစ်တယ်လေ။”

ဘိန်းစိုက်တောင်သူ ဘဝကို ခါးသီးနေတဲ့ သူကတော့ ခံစားချက်တွေထည့်ပြီးတော့ ပြောပါတယ်။ “ဘိန်းစိုက် တာ သားကောင်တွေ၊ လူမိုက်၊ ဥပဒေ ချိုးပေါက်တဲ့ကောင်ပြောတာက သူတို့ပြောပြော၊ ကျနော်တို့အတွက်တော့ သူတို့မမြင်ဘူး။ သူတို့မသိဘူး”

ဘိန်းစိုက်ပျိုးတာကို မလုပ်ကိုင်ချင်တော့တဲ့ တောင်သူတချို့ကတော့ အစိုးရရဲ့ အစားထိုးကူညီထောက်ပံ့တာကို မျှော်လင့်နေကြတာ တွေလည်းရှိလို့ လူငယ်အမျိုးသမီး မူဘယ်ရောနိကာက ဆိုပါတယ်။

“သူတို့လည်း မျှော်နေတယ်။ အစိုးရကနေ တဖက်တလှမ်းဘယ်လို ညီကူမလဲဆိုတာ အချို့လည်း စောင့်စားနေတာရှိတာပေါ့။ ဘိန်းစိုက်မယ့်အစား အခြားဟာ လုပ်ချင်တဲ့ သူလည်း ရှိမှာပဲ၊ ကျမထင်တယ်။”

ဖယ်ခုံမြို့နယ်ရှိ ဘိန်းစိုက်ပျိုးတဲ့ ဧရိယာတွေမှာ ကယန်းလူမျိုးတွေ အများစုလုပ်ကိုင်ကြပေမယ့် ကယန်းလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီး ခွန်းအေးမောင်က ဘိန်းအစားထိုးသီးနှံထောက်ပံ့ရေးနဲ့ပတ်သက်ပြီးတော့ လုပ်ပိုင် ခွင့် မရှိတဲ့အတွက် မလုပ်ဆောင်ပေးနိုင်ဘူးလို့ ဆိုပါတယ်။

“ဒါကတော့ National plan လုပ်မှရမယ်လေ။ တစ်ဦးတစ်ယောက်ထလုပ်လို့ ဘယ်ရမလဲ။ ဘိန်းအစားထိုး လုပ်ငန်းဆိုတာက နိုင်ငံတော်ကနေ တိုက်ရိုက်ကိုင်တွယ်မှပဲ ဖြစ်မှာ”

ကယန်းဒေသမှာ ဘိန်းစိုက်ပျိုးမှု လျော့ချနိုင်ဖို့အတွက် အစိုးရဖက်က ကူညီလုပ်ဆောင်တာ မရှိပေမယ့် ဖယ်ခုံဂရုဏာ အဖွဲ့က အစားထိုးသီးနှံထောက်ပံ့တာတွေ ရှိပါတယ်။

ဖယ်ခုံဂရုဏာအဖွဲ့ရဲ့ စီမံချက်တာဝန်ခံ လို့လိုက အစားထိုးသီးနှံထောက်ပံ့တဲအပေါ် ခုလို ရှင်းပြပါတယ်။ “ကျနော်တို့ကတော့ စီမံချက်ပဲပေါ့။ အဓိက ဘိန်းအစားထိုးသီးနှံ အဲ့ပုံစံပါပဲ။ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းပြီးတော့ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကြောင်း တစ်ခု ပိုင်ဆိုင်ဖို့ပေါ့။ အဲ့ဒါကြောင့်မို့လို့ အဲဒီရည်ရွယ်ချက်နဲ့ပဲ ကျနော်တို့ နှစ်ရှည်ပင် ပံ့ပိုးရခြင်းဖြစ်ပါတယ်။”

ဒီလို ဘိန်းအစားထိုး သီးနှံတွေကို ပံ့ပိုးတဲ့နေရာမှာ ကော်ဖီ၊ ဖာလာ၊ ထောပတ်၊ လိမ္မော်နဲ့ ဝဥစတဲ့ သီးနှံ ပျိုးပင်တွေ၊ မျိုးစေ့တွေ ပါဝင်တယ်။

ဖယ်ခုံဂရုဏာက အခုလို သီးနှံပျိုးပင်တွေကို ၂၀၁၆ ခုနှစ်ကတည်းက ထောက်ပံ့တာဖြစ်ပြီး ၎င်းတို့အဖွဲ့အစည်းရဲ့ ၂၀၂၀ ခုနှစ်စာရင်းအရ ဝဥမျိုးစေ့ ပိဿ ၅၃၃၂ နဲ့ ထောပတ်ပျိုးပင် ၃၇၅၀၀ ကို ထောက်ပံ့ထားပါတယ်။

ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးတဲ့ တောင်သူတွေ အဆင်ပြေစေဖို့အတွက် လအိကျေးရွာရှိ ဟန့်အို တိုက်နယ် ကက်သလစ်သာသနာ၊ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ပေါသန်းက ခုလို သုံးသပ်ပါတယ်။

“အခုက မစိုက်နဲ့ပဲ ပြောတော့၊ ဘာမှ မပေးဘူးဆိုတော့ ဘာမှ မထူးဘူးပေါ့နော်။ အကယ်၍ မစိုက်နဲ့ ပြီးတော့မှ ဒီဟာစိုက်ပေးပါ။ ဒီဟာလုပ်ပေးပါ။ ဒါဈေးကွက်တစ်ကယ်လုပ်ပေးမယ်။ ဖော်ဆောင်ပေးမယ်ဆိုရင် အဲ့ဒီဟာတွေ ကလည်း အားလုံးကလည်း သဘောပေါက်လာမယ်လို့ မျှော်လင့်တာပေါ့နော်။”

ဖာသာရ်ပေါသန်းဟာ ဒေသတွင်း ဘိန်းစိုက်ပျိုးမှု လျော့ချနှိုင်ဖို့အတွက် လမ်းပြတဲ့အနေနဲ့ စံပြကော်ဖီစိုက်ခင်းကို သာသနာက ပိုင်တဲ့ မြေကွက် ၂ ဧကနီးပါးပေါ်မှာ အပင်ရေ ၇၀၀ စိုက်ပျိုးထားပါတယ်။ “ဘိန်းစိုက်ပျိုးရေးလို့ ပြောလိုက်တဲ့ အခါမှာ ဒါဟာရေရှည်မဟုတ်ဘူးဆိုတာ အားလုံးအသိပဲပေါ့နော်။ ဒါကြောင့်မို့လို့ ဒီနှစ်ရှည်ပင်ကို စမ်းပြီး စိုက်ကြည့်တာ။ ပထမဦးဆုံးကတော့ ကော်ဖီပင်ပေါ့နော်။ ကော်ဖီပင် တချို့ စိုက်ပြတယ်။”

ဒါပေမယ့်လည်း နှစ်ရှည်ပင်စိုက်ပျိုးတာဟာ အချိန်ကြာတဲ့အတွက် လက်ရှိ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ တောင်သူတွေက နှစ်တိုပင်တွေကိုလည်း စမ်းသပ်စိုက်ပျိုးနေကြတယ်လို့ စခွန်းအေးမောင်က ရှင်းပြပါတယ်။

“အခြားသီးနှံတွေက ပြောင်းစိုက်ချင်ပြီ။ အခြားသီးနှံဆိုလည်း အာလူးစိုက်မလား၊ နှစ်တိုပေါ့နော်။ ကျနော်တို့ နှစ်ရှည်တော့ စိုက်ကြပါတယ်။ ဒါမယ့် နှစ်ရှည်က လေး၊ ငါးနှစ်မှ စားရမယ့်အသီးလေ။ စားဝတ်နေရေးက လေး၊ ငါးနှစ်မှ အဆင်ပြေမှာ။ နှစ်တိုကို ဘာစိုက်ရမလဲဆိုတာ ကျနော်တို့ အမျိုးစမ်းနေတယ်။”

လွတ်မြောက်ချင်ပြီ
ခုထိ ဆပ်စရာ အကြွေးတွေ ကျန်နေသေးပေမဲ့လည်း ပျော်ပျော်နေတတ်သူ တစ်ဦးပါ။ တစ်ချိန်ကျရင် သူအခု စိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်ခြံထဲကနေ အကျိုးအမြတ်တွေရလာရင် အသက်ရှုချောင်သွားမယ်လို့ စခွန်းကားလို က ယုံကြည်နေပါတယ်။

စခွန်းကားလိုက သူ့ မိသားစုပိုင် ၇ ဧက ကျယ်ဝန်းတဲ့ ခြံမှာ ထောပတ် အပင်ရေ ၇၀၀၊ ဝဥပင် ၁၃၀၀နဲ့ အခြား ငှက်ပျော်၊ သရက်၊ ပိန္ဒဲနဲ့ ကော်ဖီစတဲ့ နှစ်ရှည်ပင်တွေလည်း စိုက်ပျိုးထားပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ ဘဝကို စိတ်ကုန်တာ ၂၀၁၃ ခုနှစ် ကတည်းကလို့ သူက ပြောပါတယ်။

“၂၀၁၃ ခုနှစ်မှာ အရိုးသားဆုံးပြောမယ်ဆို ကျနော် ၁၀ ဧကကျော်စိုက်တယ်။ ကိုယ်ပိုင် အရင်းတစ်ကျပ်မှ မရှိဘူး။ သူများဆီမှာ သိန်း ၇၀ ကျော်တောင်မှ သွားချေးယူတယ်။ အဲ့ဒီနှစ်က ရာသီဥတုကြောင့် ဘိန်းက အားလုံးနီးပါးပျက်တယ်။ အတိုးရော၊ အရင်းရော သိန်း ၁၀၀ ဆပ်ရတယ်။ မြေကွက်တွေ ကျသွားတာပေါ့၊ ပစ္စည်းတွေ၊ ဒါကြောင့် စိတ်ကုန်သွားတာ။”

ဘိန်းအစားထိုးသီးနှံအဖြစ် တောင်သူတွေက ဒေသတွင်း အလှူရှင်ကပေးတာရော၊ ကိုယ်ထူကိုယ်ထပါ ထောပတ်ပင်ရေ (၁) သိန်းခန့် စိုက်ပျိုးထားကြပေမယ့်လည်း ဈေးကွက် အခြေအနေမသိပဲ စိုက်ပျိုးလုပ်ကိုင်နေ ကြရပါတယ်။

“ထောပတ်စိုက်ပါ ငါဝယ်မယ်၊ ဘယ်ကုမ္ပဏီ၊ ဘယ်အစိုးရ၊ ဘယ်ဌာနမှ မပြောဘူး။ ဒါပေမယ့် ကိုယ့်အသိနဲ့ ကိုယ်တအားလွတ်မြောက်ချင်တော့ အကြွေးဘဝကနေလွတ်မြောက်ချင်တယ်၊ ဘိန်းစိုက်တဲ့ ဘဝကနေ လွတ်မြောက်ချင်လို့ မျက်စိမိတ်ပြီးတော့ လုပ်လိုက်တာ။”

အခုလို ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးလုပ်ကိုင်ဖို့ တောင်သူတွေ စိတ်ဝင်စားလာကြပေမယ့် အခက်အခဲရှိ တာကြောင့် အစိုးရကို လာရောက် ကူညီစေချင်နေကြပါတယ်။

“လောလောဆယ် အမျိုးတော့ ထုတ်ပေးစေချင်တယ်။ ဒုတိယကတော့ အတိုးမဲ့ပေါ့။ အလာကားမပေး သည့်တိုင်အောင် ငွေအတိုးမဲ့တော့ ထုတ်ပေးစေချင်တယ်။ နောက် ခြံကာဖို့ သံဆူးတွေပေါ့နော်။ အစိုးရ ဈေးနှုန်းနဲ့ သော်လည်းကောင်း ထုတ်ပေးစေချင်တယ်။”

သီးနှံဈေးကွက်
ကယန်းဒေသတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်စေချင်ရင် နိုင်ငံတော်အနေနဲ့ အစားထိုး သီးနှံဖော်ဆောင်ပေးဖို့ လိုအပ်သလို သီးနှံဈေးကွက်ကို ဖော်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။

“ကျနော်တို့ကို ကုပ္မဏီနဲ့ ချိန်တ်ဆက်ပေးဖို့၊ တိကျတဲ့ ဈေးကွက်တစ်ခုရှိဖို့ အဲ့လိုမျိုးရှိမှပဲ ဘိန်းက ပပျောက်နိုင်မှာပါ။ အဲ့လိုမျိုးလုပ်ပေးလို့ရှိရင် ဘိန်းစိုက် တော့မှာ မဟုတ်ဘူး။” လို့ တောင်သူခွန်းရကောက်က ဆိုပါတယ်။

တောင်သူစခွန်းအေးမောင်ကလည်း အလားတူ သီးနှံဈေးကွက် ဖော်ဆောင်ပေးဖို့ကိုပဲ မှတ်ချက်ပြု ပြောဆိုပါ တယ်။

“ထောပတ်တို့၊ အဓိက နှစ်ရှည်ပေါ့နော်။ ဝဥတို့ပေါ့နော်။ အဲဒီဈေးကွက်ကို သူတို့ ဖော်ဆောင်ပေးဖို့လိုတယ်။ နည်းနည်း ဖော်ဆောင်ပေးဖို့ လိုတာပေါ့နော်။”
ဘိန်းအစားထိုး သီးနှံအတွက် ခိုင်မာတဲ့ ဈေးကွက်မရှိမှာကို တောင်သူ ခွန်းရကောက်ကတော့ စိုးရိမ်နေပါတယ်။

“ဝဥဖြစ်ဖြစ်၊ ထောပတ်ဖြစ်ဖြစ် ကျနော်တို့ စိုက်စမ်းလာပြီ။ အောင်လည်း အောင်ပြီ။ ဒါမယ့် အဲ့ဒီဟာက စိုက်လို့တော့ရတယ်။ ကျနော်တို့ စိုက်လို့ရတယ်။ ဒီစိုက်တဲ့ဟာ ဈေးကွက်မရှိရင်၊ ခိုင်မာတဲ့ ဈေးကွက်တစ်ခု၊ သေချာတဲ့ ဈေးကွက်တစ်ခုမရှိရင် ကျနော်တို့ ဘဝက ပြန်ပြီး ပြိုလဲတော့မှာပဲ။”

တကယ်လို့များ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးအောင်မြင်မယ်၊ သေချာခိုင်မာတဲ့ သီးနှံဈေးကွက်တစ်ခုကို ဖော်ဆောင်ပေးနိုင်မယ်ဆိုရင် ကယန်းဒေသမှာ ဘိန်းပန်းတွေရဲ့ နေဝင်ချိန် မလွဲဧကန် ရောက်လာမယ်လို့ ထင်မြင်မိပါတယ်။

spot_img
spot_img

Recent posts