လာမည့်နှစ်တွေမှာ ရေရှားပါးမှုဖြေရှင်းနိုင်ဖို့ ကျပ်သန်းပေါင်း သုံးသောင်းခြောက်ထောင်ကျော် အစိုးရကိုတင်ပြထား

0
962

စိုးထိုက်အောင်

လာမည့်နှစ်တွေမှာ ကယားပြည်နယ်အတွင်းရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ မြစ်ချောင်းအင်းအိုင်ကနေ ရေပေးဝေနိုင်ရေးစီမံကိန်းကို ကျပ်သန်းပေါင်း သုံးသောင်းခြောက်ထောင်ကျော်ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရကို တင်ပြထားတယ်လို့ ကယားပြည်နယ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ရဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားချက်အရ သိရပါတယ်။

လာမည့် ၂၀၂၁-၂၂ ဘတ်ဂျက်နှစ်တွေမှာ အစိုးရဘတ်ဂျက်ချပေးနိုင်ဖို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကနေ ကယားပြည်နယ်ရဲ့ ရေရရှိရေးအတွက် ရေးဆွဲဆောင်ရွက်ထားတဲ့ လုပ်ငန်းစီမံကိန်းအချက်အလက်အရ စုစုပေါင်းကျပ်သန်းပေါင်း သုံးသောင်းခြောက်ထောင်ကိုးရာရှစ်ဆယ်ကျော် ( ၃၆၉၈၆.၆၃၉ကျပ်သန်း)လျာထားတင်ပြထားတယ်လို့ သိရပါတယ်။

အခုလို ပြည်နယ်ရေပေးဝေနိုင်ဖို့ စီမံကိန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ကယားပြည်နယ်လွှတ်တော်မှာ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေရဲ့ရေရှားပါးမှုပြသနာကိုဖြေရှင်းနိုင်ဖို့အတွက် မေးမြန်းခဲ့ပြီးနောက် သက်ဆိုင်ရာ ကယားပြည်နယ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အထက်ပါ အချက်အလက်တွေကို ဆွေးနွေးတင်ပြသွားခဲ့တာဖြစ်ပါတယ်။

“ရေရှားပါးမှုပြသနာဟာ တစ်နှစ်နဲ့ တစ်နှစ်ကြီးမားလာတဲ့အပြင်ရေချိုအရင်းအမြစ်တွေရရှိဖို့လဲ အကျိုးရှိရှိထိထိရောက်ရောက်အသုံးပြုနိုင်ဖို့နဲ့ ရေရှားပါးမှုကိုဖြေရှင်းဖို့နဲ့ ရေထုတ်ယူသုံးစွဲမှုကို နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်လုပ်ငန်းတွေစနစ်တကျဆောင်ရွက်ဖို့နဲ့ တည်ရှိပြီးတဲ့ရေအရင်းအမြစ်စီမံခန့်ခွဲရေးလုပ်ငန်းတွေဖြစ်တဲ့ ဘီလူးချောင်းရေရှည်တည်တံ့သာယာလှပရေးအတွ စံချိန် စံနှုန်းများ၊ ထိန်းသိမ်းဆောင်ရွက်တဲ့ လုပ်ငန်းများဆောင်ရွက်ရန်အထူးလိုအပ်သလိုပဲ ပညာရေဆိုင်ရာရှုထောင့်ကကြည့်မယ်ဆိုရင် ပညာရှင်ဒေါက်တာလှမောင်က Water Economy သည် အရေးကြီးပါကြောင်း၊ ရေအလေအလွင့်မဖြစ်အောင် စက်ရုံအလုပ်ရုံများကြောင့် ရေသယံဇာတတွေပိုမိုပျက်ဆီးလာခြင်း၊ မြစ်၊ချောင်းများကောလာခြင်း စသည့်တို့အတွက်ကြောင့် Eco System ပျက်ဆီးလာခြင်းနဲ့ Water Management Strategy And Water Policy ကိုလုပ်သင့်ပါကြောင်း” ဟု ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

အဲဒီစီမံကိန်းတွေက နန့်တဘက်ချောင်းရေပေးဝေရေးစီမံကိန်းက (၉၄၇၉.၆) ကျပ်သန်းလျာထားပြီး လွိုင်ကော်မြို့ လွိုင်လင်လေးကျေးရွာရှိ အိမ်ခြေ ၁၁၀၃၃ အိမ်အတွက်လျာထားပါတယ်။

ဘီလူးချောင်းရေပေးဝေရေးစီမံကိန်းကတော့ (၆၆၄၁.၃၃ကျပ်သန်း)အတွက် ဖရူဆိုမြို့နယ်အတွင်း ရေရှားပါးကျေးရွာ ၂၅ ရွာနဲ့ ၊ ဖရူဆို၊ဒီးမော့ဆိုမြို့ပေါ်ကို ပေးဝေဖို့လျာထားပါတယ်။
ပွန်ချောင်းရေပေးဝေရေးစီမံကိန်း (၇၅၉၄.၈၆ကျပ်သန်း) အတွက် ဒီးမော့ဆိုမြို့နယ် ရေရှားပါးတဲ့ ကျေးရွာ ၁၂ ရွာအတွက် ၊ ဖရူဆိုမြို့နယ် ၅ ရပ်ကွက်နှင့် ရေရှားပါးရွာ ၂၅ ရွာလောက်ကို လျာထားတင်ပြထားပါတယ်။

စယ်လိုချောင်းရေပေးဝေရေးစီမံကိန်း (၇၀၃၁.၈၈၄ကျပ်သန်း) အတွက် ဖရူဆိုမြို့နယ် ၅ ရပ်ကွက်နဲ့ ရေရှားပါးကျေးရွာ ၂၅ ရွာ လျာထားတင်ပြထားပါတယ်။
ကွိုင်ငံရေထွက်ပေါက်ရေပေးဝေရေးစီမံကိန်း (၆၂၃၈.၉၆၅ကျပ်သန်း)တွေကို ရေးဆွဲဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ကွိုင်ငံရေထွက်ပေါက်ကရေပေးဝေရေးစီမံကိန်းကတော့ ဒေသခံတွေ ရှေးပဝေသဏီထိန်းသိမ်းလာတဲ့အတွက် ထီးပေါ်ဆိုကျေးရွာအုပ်စုက ကန့်ကွက်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဖရူဆိုမြို့နယ်မှာ မြို့ပေါ်အပါအဝင်အုပ်စု(၅)အုပ်စုလောက်မှ ကျေးရွာပေါင်း(၄၀)ဝန်းကျင်က ယခုနှစ် နိုဝင်ဘာလလောက်ကတည်းက ရေရှားပါးတဲ့ပြသနာကိုကြုံနေရပြီး တစ်ချို့အလှူရှင်တွေလာရောက်လှူဒါန်းကြပေမယ့် လုံလောက်မှုမရှိသေးတာကြောင့် ရေရှိတဲ့နေရာတွေမှာ စက်၊ ကားတွေနဲ့ ရေကိုသွားရောက်သယ်ပြီးအသုံးပြုနေကြရတယ်လို့ ဦးသဲရယ်က ဆိုပါတယ်။

ဒါကြောင့် ဖရူဆိုမြို့နယ်အတွင်းရေရှားပါးမှုပြသနာကိုနှစ်စဉ်ကြုံတွေ့နေရပေမယ့် အစိုးရအဆက်ဆက်က ဖြေရှင်းပေးနိုင်ခြင်းမရှိသေးတာကြောင့် ရေရှားပါးမှုပြသနာပိုမိုကြီးမားလာတဲ့အတွက် ပြသနာကို ရေရှည်ဖြေရှင်းခြင်းနဲ့ ရေတိုဖြေရှင်းခြင်းဆောင်ရွက်ပေးဖို့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘဏ္ဍာရေးနှစ်အလိုက် ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ ဆိုတဲ့ မေးခွန်းကိုမေးမြန်းသွားခဲ့တာပဲဖြစ်ပါတယ်။

ရေရှားပါးတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်တဲ့အနေအထားတစ်ခုအထိရောက်အောင် သုသေတနတွေပြုလုပ်သွားပြီး ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကိုလဲ အစိုးရကို တိုက်တွန်းသွားမယ်လို့ ဦးသဲရယ်က ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီဟာနဲ့ပတ်သတ်ပြီး ဖြေရှင်းနိုင်တဲ့အနေအထားတစ်ခုဖြစ်လာအောင် ကျနော်တို့ကတော့ကြိုးစားပြီးတော့ လုပ်မှာပဲ။ ဒါပေမယ့် အကောင်အထည်ဖော်ဆောင်ရွက်တဲ့အပိုင်းမှာကတော့ အစိုးရတာဝန်ဖြစ်တယ်။ အစိုးရ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့အနေအထားမျိုးဖြစ်အောင်လဲ ကျနော်တို့ ဝိုင်းဝန်းကူညီဖို့ အဆင်သင့်ပေ့ါနော်။ ကျနောတို့်ကတော့ ဒီ သုသေတနတွေသေချာလုပ်မှပဲရေအရင်းအမြစ်က ဘယ်လိုအခြေအနေမျိုးဖြစ်လာနိုင်လဲပေါ့။ နောက်ပြီးတော့မှ စိမ့်စမ်းရေတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေကလဲ တစ်ခါထဲပါလာမှာပါ။ ဆိုတော့ အစိုးရအနေနဲ့ ဒါဝိုင်းဝန်းကူညီဖို့နဲ့ CSOတွေပူးပေါင်းဆောင်ရွက်ဖို့အတွက်လဲ တစ်ခါထဲ ကျနော်တို့ အစိုးရကိုတိုက်တွန်းဒါမျိုးလဲ ကျနော်တို့ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။”လို့ ဦးသဲရယ်ကပြောပါတယ်။

၂၀၁၂-၂၀၁၃ခုနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုနဲ့ပြည်နယ် ဘတ်ဂျတ်(၂)ရပ်ပေါင်း ကျပ်သန်းပေါင်း ကိုးရာကိုးဆယ်ကျော် ( ၉၉၃.၈၆၁သန်း)ဖြင့် ကယားပြည်နယ်အတွင်းမှာရှိတဲ့ ဖရူဆိုမြို့နယ်အပါအဝင် ရေရှားပါးတဲ့ ကျေးရွာပေါင်း(၉၇)ရွာအတွက် လုပ်ငန်းပေါင်း(၉၆)ခုနဲ့ ရေရရှိအောင်ဆောင်ရွက်ပေးခဲ့ပြီလို့ သိရပါတယ်။

၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှာ ရေရှားပါးတဲ့ကျေးရွာတွေအတွက် ကျေးရွာပေါင်း(၈)ရွာကို ပြည်ထောင်စုဘဏ္ဍာငွေဖြင့် (၁၆၂.၁၈)သန်းဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်း(၈)ခုကို ဆောင်ရွက်ပေးခဲ့ပြီး၊ ကယားပြည်နယ်အစိုးရအဖွဲရဲ့ မူလရန်ပုံငွေဖြင့်(၁၀၈.၁၂၉)သန်းဖြင့် ကျေးရွာ(၉)ရွာကို ကျေးလက်ရေရရှိရေး (၅)ခုအပါအဝင်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

ရေအရင်းအမြစ်ရှိတဲ့ကျေးရွာတွေမှာ ရေလုံလောက်စွာရရှိဖို့အတွက် စိမ့်စမ်းရေသွယ်ယူခြင်း၊ တွင်းအတိမ်၊ တွင်းအနက်၊ လက်တူးတွင်း၊ မြေသားရေကန်တူးဖော်ခြင်း၊ ချောင်းရေတင်၊ မြစ်ရေတင် အဲ့လိုဆောင်ရွက်ပေးနေပြီးတော့ ရေအရမ်းအမြစ်မရှိတဲ့ကျေးရွာတွေကို မိုးရာသီမှာ မိုးရေသိုလှောင်ပြီး နွေရာသီမှာ ရေရှားပါးတဲ့အချိန် စနစ်တကျ ထုတ်ယူဖို့အတွက် ဂါလံ ၂၃၅၀၀ဆန့်တဲ့ရေလှောင်ကန်တွေကို တည်ဆောက်ပေးနေတယ်လို့ ဦးမော်မော်က ဆိုပါတယ်။