spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်မှုကြောင့် (၃)လအတွင်း ဆေးရုံ၊ ဆေးခန်း (၄)လုံး ထိခိုက်ပျက်စီးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က ဆေးရုံ၊ဆေးပေးခန်း ၄ခုဟာ စစ်ကောင်စီရဲ့
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဗညားက ပြောပါတယ်။ အဆိုပါစာရင်းဟာ မတ်လကနေ မေလအထိ (၃ လ အတွင်း) ရရှိထားတဲ့ စာရင်းတွေဖြစ်တယ်လို့ သူကထပ်ပြောပါတယ်။

“မတ်လကနေပြီးတော့ အနည်းဆုံး ဆေးရုံ အဆောက်အဦး အနည်းဆုံး ၄ လုံး ထိခိုက်ပျက်စီးတာ သိရတယ်ပေါ့နော။ ဖယ်ခုံမြို့နယ်ထဲမှာက ၁လုံး၊ ဒီးမော့ဆိုအရှေ့ခြမ်းမှာက ၂လုံး၊ ဘောလခဲ စောလုံမှာ ၁လုံး အနည်းဆုံး ၄လုံး ကတော့ပစ်ခတ်တိုက်ခိုက်ခြင်းခံရတာတွေ တွေ့ရတယ်။ ကျောင်းကတော့ ၂လုံးလို့ သတင်းရရှိထားတာရှိပါတယ်။” လို့ ဦးဗညားကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း မတ်လ(၂၄)ရက်နေ့ မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါမတကြီးဆေးရုံပျက်စီးခဲ့ပါတယ်။ ဧပြီ ၂၅ရက်နေ့မှာတော့ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းက ဆောင်းဖွေးဆေးရုံ နဲ့ မေလ (၁၇)ရက်နေ့မှာ ဘောလခဲမြို့နယ် စောလုံကျေးရွာ ဆေးပေးခန်းအဆောက်အဦး ၂လုံး တို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

၂၀၂၃ခုနှစ် ဧပြီ ၂၅ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ဆောင်းဖွေး ဆေးရုံ။

စစ်ကောင်စီ အနေနဲ့ အခုလို တိုက်ပွဲမဖြစ်တဲ့နေရာတွေ၊ ဆေးရုံ၊ဆေးပေးခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

“ ကျနော့်အနေနဲ့ပေါ့ ဒီလိုတိုက်ခိုက်တာက သက်သက်မဲ့ စစ်ကောင်စီက လူထုကို သူတို့ စိန်ခေါ်တယ်လို့ ပြောလို့ရတယ်ပေါ့နော။ မဆီမဆိုင် တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိတဲ့နေရာ ဆေးရုံမှာက အပြစ်မဲ့ပြည်သူတွေကို သူတို့ ဗုံးလာကြဲတယ်။ သူတို့ကိုယ်တိုင်က စစ်ရာဇဝတ်မှုကို ကျူးလွန်ဖို့ ဝန်မလေးဘူးပေါ့နော။” လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

မတ်လကနေ မေလတတိယပတ်အထိ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီမီးရှို့ဖျက်စီးမှုတွေကြောင့် အိမ်ခြေ အလုံး (၂၀၀) ထိ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

မေလ (၁၇)ရက် နေ့က လေကြောင်းတိုက်ခိုက်ခံရတဲ့
ဘောလခဲမြို့နယ် စောလုံကျေးရွာဆေးပေးခန်း။
(ဓါတ်ပုံ – ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်)

Recent posts