လောကဓံကို အမေမပါပဲ ရင်ဆိုင်နိုင်ပါ့မလား

0
846

အန်ထောနီ

အဟာရပြည့်ဝစွာမရရှိတဲ့ တစ်နှစ်လေးလသားအရွယ် အမွှာမောင်နှမနှစ်ယေက်အတွက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓံကိုရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ဖားဆောင်းမြို့နယ် မော်ချီးဒေသ ခဲမဖြူကျေးရွာမှာနေထိုင်နေတဲ့ အမွှာမောင်နှမှ နှစ်ယောက်ရဲ့မိခင်ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်မှာပဲ မတော်တဆတစ်ခုကြောင့်အသက်သေဆုံးခဲ့ရပြီး လက်ရှိအချိန်မှာတော့ အဖေဖြစ်သူဦးစောတင်ထူးနှင့် အဖွားဖြစ်သူတို့နဲ့နေနေရပါတယ်။

ဦးစောတင်ထူးမှာ အမွှာမောင်နှမ နှစ်ဦးအပြင် လေးနှစ်သားတစ်ယောက် နဲ့ ကိုးနှစ်သားတစ်ယောက် စုစုပေါင်းကလေး ၄ ယောက်ရှိပါတယ်။

ဦးစောတင်ထူးတို့က မိသားစုစားဝတ်နေရေးအတွက် အရင်ကတည်းက အမျိုးသမီးနဲ့အတူ မိသားစုစားဝတ်နေရေးအတွက် တောင်ယာအနည်းငယ်နှင့် မိုလိုချောင်းမှာ ချောင်းခဲဆေးတဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပါတယ်။

ချောင်းထဲမှာခဲသွားဆေးတဲ့အချိန်ဆိုရင် ကလေးတွေကိုအဖွားဖြစ်သူနဲ့သာ ချန်ထားခဲ့ရမှာဖြစ်ပါတယ်။
အခုလိုခဲသွားဆေးတာ တစ်ရက်ကိုတစ်ပိသာလောက်ရပြီးတော့ တစ်ပိသာကို ဈေးကောင်းရချိန်မှာတော့ တစ်သောင်းနဲ့ပြန်လည်ရောင်းချပေမယ့် မိသားစုအတွက်လိုအပ်တဲ့ စားဝတ်နေရေးနဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေးအတွက် လုံလောက်မှုမရှိတဲ့အတွက် ခက်ခဲနေတယ်လို့ လို့ဆိုပါတယ်။

ဦးစောတင်ထူးအနေနဲ့ အမျိုးသမီးဆုံးပြီးနောက်ပိုင်းမှာတော့ အလုပ်မဆင်းနိုင်သေးပဲ ကလေးနဲ့ နေနေရသေးတယ်လို့ဆိုပါတယ်။

“ အခုလက်ရှိကတော့ အခက်အခဲကတော့ ဒီလိုနေရတယ် ကလေးနဲ့ပဲနေနေရတယ်။ လုပ်ကိုင်စားသောက်ဖို့ကတော့ အဆင်မပြေသေးဘူးပေါ အဲ့လိုပေါ။” လို့ ကလေးတွေရဲ့ဖခင်ဖြစ်သူ ဦးစောတင်ထူး ကပြောပါတယ်။

ဦးစောတင်ထူးဟာ ဧရာဝတီတိုင်းသားဖြစ်ပြီး ဖားဆောင်းဖက်မှာ ဆင်ထိန်းသူအဖြစ်လာရောက်လုပ်ကိုင်ရင်း အခုလိုမျိုး မော်ချီးဒေသဘက်က ကရင်တိုင်းရင်းသူနဲ့ အိမ်ထောင်ကျသွားတာဖြစ်ပါတယ်။
အမွှာမောင်နှမ နှစ်ယောက်စလုံးထဲက တစ်ယောက်ကတော့ မတ်တပ်ထိုင်တတ်နေပြီး ကျန်အမွှာတစ်ယောက်ကတော့ အခုချိန်ထိ လေးဘက်ကုန်းလည်းမသွားနိုင်သေးတာကိုတွေ့ရပါတယ်။

“ အရိုးပျော့တဲ့ပုံစံမျိုးပေါ့ သူမတ်တပ်မထနိုင်ဘူး အဲ့လိုပဲပက်လက်လှဲနေရတယ်” လို့ အဖွားဖြစ်သူ ဒေါ်နော်ဝေါရေး ကပြောပါတယ်။

မိခင်ဖြစ်သူမရှိတော့တဲ့အတွက် ကလေးတွေကိုတော့ ထမင်းရည်နဲ့ ဆန်ပြုတ် ၊ နို့မုန့်ရသလောက်နဲ့ တိုက်ကျွေးနေရပါတယ်။

အဖွားဖြစ်သူကလည်း အသက် ၅၈နှစ် ကျော်ရှိနေပြီဖြစ်တဲ့အတွက် ကလေးကိုကောင်းကောင်းမပြုစုနိုင်တော့တဲ့အခြေအနေမျိုးပါ။

ကလေးအမေမရှိတဲ့နောက်ပိုင်း ကလေးတွေအတွက် စားသောက်စရာတွေကိုနေ့တိုင်းပြင်ဆင်ပေးတယ်လို့ ကလေးတွေရဲ့အဖွားဖြစ်သူ ဒေါ်နော်ဝေါရေး ကပြောပါတယ်။

“ သူတို့အတွက်ကတော့ ထမင်းတို့၊ နို့တို့ အဲ့လိုဖျော်ပေး လုပ်ပေးတယ်” လို့ပြောပါတယ်။
ဖခင်ဖြစ်သူမှာလည်း သားသမီးရှေ့ရေးအတွက်စိုးရိမ်မှုရှိနေပြီး အဆင်မပြေသလို လုပ်သွားမယ်လို့တော့ပြောပါတယ်။

“ ဒီလိုပဲရုန်းကန်နေရမယ်ထင်တာပဲ သူတို့ကိုပြန်ကြည့်လိုက် အလုပ်လုပ်လိုက်ပေါ့”
ဦးစောတင်ထူးအနေနဲ့ ခဲဆေးတာအဆင်မပြေလို့ ပြန်မရောင်းနိုင်တဲ့ရက်တွေလည်းရှိခဲ့ပြီး အဲ့လိုနေ့တွေဆိုရင် သားသမီးတွေကိုကောင်းကောင်းမကျွေးနိုင်ပဲ ရှိတာလေးနဲ့ပဲ စားရတယ်လို့ ဆိုပါတယ်။

“ အလုပ်မသွားအားတဲ့အချိန်မျိုးတို့ တာမှမဟုတ်ရင် ပိုက်ဆံမရှိတဲ့အချိန်နဲ့ အဲ့လိုမျိုးတစ်ခါတစ်လေပြတ်တော့ နည်းနည်းသွားဝယ်တိုက် အဲ့လိုမျိုးပေါ့။ တစ်ထောင်ဖိုးလောက်ဝယ်တိုက်လိုက် နှစ်ထောင်ဖိုးလောက်ဝယ်တိုက်လိုက် အဲ့လိုမျိုး တအားကြီးအကုန်အကျတော့မဟုတ်ဘူးပေါ့ ပြတ်သွားရင်တော့ ကလေးဒုက္ခရောက်သွားမှာပေါ့” လို့ဦးစေားတင်ထူးကပြောပါတယ်။

တစ်ခါတစ်လေ ကလေးတွေနေမကောင်းဖြစ်လာတဲ့အချိန်ဆိုရင် ဆေးရုံမှာအခမဲ့ ပြသခွင့်ရတဲ့အတွက် ဆေးဖိုးဝါးခကုန်ကျသက်သာပေမယ့် အဟာရဓတ်တွေကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။

ကလေးငယ်တွေအတွက် လိုအပ်တဲ့အရာတွေကိုတော့ ကျေးရွာအတွင်းရှိသူတွေကတော့ တတ်နိုင်သလောက်စောင့်ရှောက်ပေးကြတယ်ဆိုပေမယ့်လည်း လိုအပ်ချက်တွေက ရှိနေပါသေးတယ်။

“ လှူမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ကျနော်တို့အတွက်နည်းနည်းပြည့်စုံတာပေါ့နော်။ အခုလောလောဆယ်ဆိုရင်တော့ ကျပ်တည်းတာပေါ့ အဲ့လိုမျိုး တစ်ကယ်လို့အလှူအတန်းပေးမယ်ဆိုရင်တာ့ နည်းနည်း ကိုယ့်အတွက်တော့ ပြေလည်မယ်လို့တော့ထင်တယ်ပေါ့။” လို့ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံးအနေနဲ့ကတော့ အမွာမောင်နှမလိုမျိုးပဲ ငယ်ငယ်ရွယ်ရွယ်နဲ့မိခင် သို့မဟုတ် ဖခင်ဆုံးသွာပြီးတော့ အနာဂတ်အတွက် ခက်ခဲစွာရင်ဆိုင်ဖြေရှင်းရမယ့်ကလေးတွေကို ကူညီထောင့်ပံတဲ့အစီအစဉ်မျိုးတွေ မဆောင်ရွက်ပေမယ့်လည်း လူမှုရေးအရသော်လည်ကောင်း၊ ပုဂ္ဂိုလ်ရေးအရသော်လည်ကောင်း ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ ချိတ်ဆက်ဆောင်ရွက်ပေးတာမျိုးတော့ ရှိတယ်လို့ ဖားဆောင်းမြို့နယ် KNPP ဆက်ဆံရေးရုံးမှာ ၈ နှစ်တာဝန်ယူခဲ့ဖူးတဲ့ ဗဟိုကော်မတီဝင် ပဒိုဦးကွယ်ကပြောပါတယ်။

“ အဲ့တာကတော့ ကျနော်တို့အနေနဲ့ကတော့ မရှိဘူး။ တာပေမယ့်ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရှိမယ်။ နော်ကပြီးကျတော့ မိဘမဲ့ဂေဟာတွေပေါ့ အဲ့တာကိုတော့ ကျနော်တို့ လူမှုရေးအရ၊ ပုဂ္ဂိုလ်ရေးအရအနေနဲ့ပဲ ကျနော်တို့ဆောင်ရွက်ရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီလိုမျိုးမိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ဆိုတဲ့အစီအစဉ်ကတာ့မရှိဘူး။ အဲ့ဒါကိုကျတော့ လူမှုအသင်းအဖွဲ့တွေပူးပေါင်းပြီးတော့မှ ဒီအခုမိဘမဲ့တို့ဘာတို့ပေါ့ ဂေဟာတွေလေး အဲ့လိုပုံစံကိုသွားနိုင်အောင် အဲ့ဒီနည်းလမ်းနဲ့ထောင့်ပံနိုင်အောင်တော့ နည်းလမ်းရှိကောင်းရှိပါတယ်” လို့ပြောပါတယ်။

မော်ချီးဒေသဘက်မှာဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ စစ်အစိုးရလက်ထက် ငြိမ်းချမ်းရေးယူထားပြီးဖြစ်တဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွှတ်ရေး (ကမစည)ရဲ့ ပြည်သူ့စစ်အဖွဲ့ ကော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မထိုးထားသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP လည်းရှိနေတဲ့ဒေသဖြစ်ပါတယ်။

အခုလိုဒုက္ခမျိုးကြုံတွေ့နေရတဲ့ကလေးသူငယ်တွေအတွက် နိုင်ငံတော်အစိုးရကနေပြီးတော့ ထောင့်ပံမှုတွေပေးနေသလို စောင့်ရှောင့်မှုတွေပေးတဲ့အစီအစဉ်တွေလည်းရှိတယ်လို့ (ကမစည) အဖွဲ့အစည်း ဥက္ကဌ ဦးစောရိချဒ်က ပြောပါတယ်။

“ဒါကပုံမှန်ပဲလေးအစိုးရတာဝန်ယူပါတယ်။ ကလေးသူငယ်စောင့်ရှောက်ရေး ဆိုပြီးတော့မှ အစားအသောက်တွေ ဆေးဝါးတွေပုံမှန်လာပေးတယ်။ အဲ့တာအုပ်ချုပ်ရေးမှူးကိုယ်တိုင်က စရင်းလုပ်ထားတယ်။” လို့ပြောပါတယ်။

ဒီလိုအကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် အစိုးရရဲ့ အစီအစဉ်ကိုမေးမြန်းဖို့ သက်ဆိုင်ရာ ဖားဆောင်းမြို့နယ် မိခင်၊ ကလေးကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို မေးမြန်းရန်ကြိုးစားပေမယ့်လည်း ဖြေကြားနိုင်တဲ့သမရှိသေးတဲ့အတွက် အစိုးရကနေ ဘယ်လိုကူညီဖြေရှင်းပေးမလဲဆိုတာ မသိခဲ့ရသေးပါဘူး။