ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာနေ တောင်သူ ဦးဦးရယ်အား ယနေ့ လွိုင်ကော်မြို့မရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်ကပြောပါသည်။
” ဒီနေ့ပဲ သူ့ကလေးကျောင်းသွားပို့တဲ့အချိန်က သူ့ကိုတခါတည်း ဖမ်းခေါ်သွားတာပါ။” ဟု ကိုတူရယ်က ပြောပါသည်။
ဦးဦးရယ်သည် မြေနီကုန်းကျေးရွာနေ တောင်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ဘိုးဘွာစဉ်ဆက်လုပ်ကိုင်စားလာသည့် တောင်ယာမြေဧက ၂ဝခန့်ကို သိမ်းဆည်းထားခြင်းခံရသည့် တောင်သူတစ်ဦးဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိတောင်သူများ၏ စိုက်ပျိုးမြေများပေါ်တွင် ခြေမြန်တပ်ရင်း (ခ.မ.ရ.၂၅၀) နှင့် အမြောက်တပ် (၃၅၆) တို့မှ အုတ်တိုင်များစိုက်ပြီး ခြံစည်ရိုးခတ်ခဲ့ကြပြီး တောင်သူများက ၎င်းခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဦးရယ်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“တောင်ယာမြေကို စစ်တပ်က ခြံစည်းရုံးလာခတ်တော့ သူတို့က ဆုံးရှုံးမှာကြောက်လို့ သွားဖြုတ်တာပေါ့။ စစ်တပ်က ဒါပြည်သူပိုင်ပစ္စည်းဆိုပြီး ပြန်စွဲတာပေါ့။ ဒါက စစ်တပ်က တမင်အလွဲသုံးစားလုပ်တာပါ။” ဟု တောင်သူ တစ်ဦးက ပြောပါသည်။
ဇွန်လအတွင်းတွင် စစ်တပ်၏ ခြံစည်းရိုးများကို ထိုသို့ဖျက်ဆီးပြီးနောက် စစ်တပ်မှ တောင်သူများအား အမှုဖွင့်တိုင်ကြားမှုများပြုလုပ်ခဲ့ရာ ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် ဦးဦးရယ်ကို ဖမ်းဆီးခေါ်သွားလိုက်ခြင်းဖြစ်သည်။
ဦးဦးရယ်ကဲ့သို့ပင် ဒေါမူကလားကျေးရွာနေတောင်သူတစ်ဦး၊ ၃ မိုင်ပကြဲကျေးရွာနေ တောင်သူတစ်ဦးအား ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကပင် လွိုင်ကော်မြို့ရဲစခန်းက ဖမ်းဆီးခေါ်ဆောင် သွားပြီးဖြစ်သည်။
ဖမ်းဆီးခံရသည့် တောင်သူ ၂ ဦးမှာ ကယားပြည်နယ် အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အဖွဲ့ဝင် ဦးကိုရယ် စိုးညွှန့် နှင် ဒေသခံတောင်သူဖြစ်သူ ဦးရှားရယ် တို့ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို ပုဒ်မ ၆(၁)ဖြင့် တရားစွဲထားသည်။
ကယားပြည်နယ်အတွင်းတွင် စစ်တပ်နှင့်တောင်သူများအကြား ပဋိပက္ခဖြစ်ပွားမှုမှာ လွိုင်ကော်မြို့တွင် ခလရ (၂၆၁)၊ အမတ (၃၅၆) ၊ ခမရ (၂၅၀)၊ BE တပ်နှင့် လွိုင်ကော်မြို့နယ်ရှိ ဒေါမူကလားကျေးရွာ၊ လွိုင်တမူကျေးရွာ၊ (၃)မိုင် ပကြဲကျေးရွာ၊ မြေနီကုန်း ကျေးရွာအပါအင် ကျေးရွာ ၁၁ ရွာမှ တောင်သူများဖြစ်သည်။
ဒီးမော့ဆိုမြို့နယ် အမြောတ်တပ် ၃၆ဝ နှင့် ဒေါဆိုရှေ့ကျေးရွာမှ တောင်သူများကလည်း ထိုနည်းတူစွာ ဖြစ်ပွားလျက်ရှိနေသည်။
လက်ရှိကယားပြည်နယ်အတွင်းတွင် စစ်တပ်က ပုဒ်မ ၆(၁)ဖြင့် လွိုင်ကော်မြို့နယ်တွင် ဒေါမူကလားကျေးရွာနှင့် (၃)မိုင်ပကြဲကျေးရွာနေ တောင်သူ ၂ ဦး ၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေါဆိုရှေ့ကျေးရွာနေတောင်သူ ၁၅ဦးကို ပုဒ်မ ၄၄ရ ဖြင့်စွဲထားပြီး ၎င်းတို့အထဲမှ ၄ ဦးနှင့် နောက်ထပ် တောင်သူ ၂ဦး၊ စုစုပေါင်း ဒေါဆိုရှေ့တောင်သူ ၆ ဦး ပုဒ်မ ၆(၁)ဖြင့် တရားထပ်စွဲထားသည်။
ပုဒ်မ ၆(၁)သည် အာမခံမရသည့်အတွက် လွိုင်ကော်ထောင်တွင်ဖမ်းဆီးထားသည်ဟုသိရသည်။ ယနေ့ဖမ်းဆီးသွားသည့် ဦးဦးရယ်အား မည်သည့်ပုဒ်မဖြင့်စွဲသည်ကို မသိရသေးပေ။