spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခသည်များအတွက် အချက်၅ချက်ကို ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ အရေးတကြီးတောင်းဆို

Author

Date

Category

မီမြာ၊ ဦးမြာ

ဩဂုတ်လ၁၉ရက်တွင်ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့တွင် ပူပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ ဒုက္ခသည်များအတွက် အရေးတကြီးအချက်၅ချက်တောင်းဆိုလိုက်ပါသည်။

ထိုအချက်၅ချက်မှာ တစ်နိုင်ငံလုံးစစ်ပွဲရပ်စဲပေးရန်၊ စစ်ရှောင်ပြည်သူများ မိမိနေရပ်ပြန်ပြည်သူများ၏ အခွင့်အရေးအားကာကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများရရှိအောင် ဆောင်ရွက်ပေးရန်၊ လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့များ တိုးမြှင့်ပေးအပ်ရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုးများကို ကာကွယ်ရန် ဖြစ်သည်။

ထိုအချက်များတောင်းဆိုရသည်မှာ စစ်ပွဲများကြောင့် ထိခိုက်နစ်နာလျက်ရှိသော ပြည်သူများနှင့် ဖိအားအမျိုးမျိုးကြောင့် နေရပ်ပြန်ခြင်း သို့မဟုတ် ပြန်လည်နေရာချထားခြင်းခံရသော သူများနှင့် ဆပ်လျင်း၍ အလွန်အမင်းစိုးရိမ် ပူပန်လျက်ရှိသောကြောင့်ဖြစ်သည်ဟု ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်တွင်ပါရှိပါသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ကရင်နီဒုက္ခသည်စခန်းမှ ဒုက္ခသည်တချို့ပြန်လာသည်မှာ သုံးကြိမ်ပေါင်း လူဦးရေ ၁၁ဝ ဦး ရှိနေပြီဖြစ်သည်။ ထပ်မံပြန်မည့်သူများလည်းရှိနေသည်ဟု ကရင်နီဒုက္ခသည်စခန်းကော်မတီဥက္ကဌ ဦးလွီးဇီ ထံမှ ကြားသိရပါသည်။

ယခုလအတွင်း ပြန်မည့်သူများနှင့် UNHCR တို့မှ ပူးပေါင်းပြီး စီစဉ်ထားသည်ဟုဆိုပါသည်။ စခန်းကော်မတီနှင့် တိုင်ပင်ညှိနှိုင်းခြင်းမရှိသည့်အတွက် သတင်းအချက်အလက်အသေးစိတ်ကိုမူ မသိရကြောင်းဆိုပါသည်။

လက်ရှိအချိန်အထိ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)နှင့် (၂)တွင် လူဦးရေ တစ်သောင်းတစ်ထောင် ကျော်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ ပြည်တွင်းသို့ ပြန်သွားသည့်ဒုက္ခသည်အများစုသည် စစ်ဘေးဒဏ်ကြောင့် ပြန်သွားသည့်သူများမဟုတ်ဘဲ ၂၀၁ဝနောက်ပိုင်းတွင် ရောက်ရှိလာကြသည့်သူများဖြစ်သည့်အတွက် နောက်ပိုင်းတွင်ကျန်ရှိသည့် မြေယာများ၊ အိုးအိမ်များဆုံးရှုံးမည်ကိုကြောက်နေကြသည့်သူများတချိုပါရှိသည်ဟု ဦးလွီးဇီက ပြောပါသည်။

၂၀၀၅ ရှေ့ပိုင်းတွင် စစ်ဘေးဒဏ်ကြုံခဲ့ရသည့်သူများသည်ပြန်ချင်သော်လည်း ပြန်ရန်အတွက် နေရာ အခက်အခဲဖြစ်နိုင်သဖြင့် ပြန်သည့်သူများမရှိသေးကြောင်း သိရသည်။ ၂၀၀၅ – ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် ဒုက္ခသည်စခန်းရောက်ရှိလာသည့်သူအများစုသည် ပညာသင်ရန်အခက်အခဲရှိသည့်သူများနှင့် ကျန်းမာရေးဆေးကုသရန်ရောက်ရှိလာကြသူများဖြစ်ကြသည်ဟု သိရသည်။

“များသောအားဖြင့် စခန်းထဲမှာနေတဲ့လူတွေကတော့ ပြန်ဖို့ကတော့ ဆန္ဒရှိပါတယ်။ သူတို့ပြန်ချင် ကြတယ်။ ဒါပေမဲ့ တခုကပြန်လို့ရှိရင် ဘယ်မှာပြန်နေကြမလဲပေါ့။ သူတို့က ဒီ၂၀၀၅မတိုင်ခင် တုန်းကဆိုလို့ရှိရင် ရွာတွေက ရွာလုံးကျွတ်ပြောင်းတယ် ပြီးတော့အစိုးရတပ်ကနေ ပြီးတော့မှ ရွာတွေမီးရှို့တယ်။ နောက်ပြီးတော့ များသောအားဖြင့် ပွန်ချောင်းနဲ့ ဒီသံလွင်ကြားကရွာတွေ နောက်သံလွင်အရှေ့ဘက်ခြမ်းကရွာတွေ ဆိုလို့ရှိရင် အခုထိက ရွာပြန်တည်နိုင်တဲ့ အနေအထားမျိုး မရှိသေးဘူးပေ့ါနော။ သူတို့ပြန်ချင်ပေမဲ့လည်း ပြန်လို့မရဘူးပေါ့နော။”လို့ ဦးလွီးဇီကပြောပါသည်။

ကရင်နီဒုက္ခသည်စခန်းမှပြည်တွင်းပြန်လာသည့်သူများထဲမှ တချို့သောမိသားစုများသည် အစိုးရဘက်မှ အာမခံချက်တစုံတရာပေးထားခြင်းမရှိသည့်အတွက် တရွာပြီးတရွာပြောင်းရွှေ့နေထိုင်နေကြသည့် သူများလည်းရှိနေသည်။

မြန်မာအစိုးရမှလက်ရှိ ချမှတ်အကောင်ထည်ဖော်မည့် ရွေ့ပြောင်းဒုက္ခသည်(IDP) စခန်းများပိတ်သိမ်းရန် မဟာဗျူဟာ စီမံချက်ချထားပါသည်။

ဒုက္ခသည်စခန်း ပိတ်ရန်အတွက် ယခုအချိန်သည်စောလွန်းသေးသည်ဟု ဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး အရပ်ဖက်အဖွဲ့စည်းများက သုံးသပ်ထားကြသည်။

အကြောင်းရင်းသည် မြန်မာနိုင်ငံအခြေအနေသည် ပြည်သူလူထုဘဝလုံခြုံရေးကိုပင် မပေးနိုင်သေးသည့် အနေအထားတစ်ရပ်ရှိသည်။

နေရပ်စွန့်ခွာစစ်ဘေးတိမ်းရောင်သူများနှင့် နေရပ်ပြန်သူများ၏ နိုင်ငံသားအခွင့်အရေးများကို အစိုးရနှင့်တပ်မတော်များအနေဖြင့် အပြည့်အဝတာဝန်ခံပေးရန် လိုအပ်ပါသည်။

IDP များနှင့် ပဋိပက္ခဒဏ် ခံရသူအားလုံး၏ အခွင့်အရေးကို အသိအမှတ်ပြုသည့်၊ နိုင်ငံတကာလူသားချင်စာနာထောက်ထားမှု ဥပဒေ၊ လူ့အခွင့်အရေးဥပဒေ စံချိန်စံညွှန်းများနှင့် ကိုက်ညီသောနေရပ်ပြန်ရေး ပြန်လည်နေရာချထားရေး မဟာဗျူဟာစီမံချက်မျိုးကို သာအကောင်အထည်ဖော်သင့်ပါသည်ဟုလည်း ပူးပေါင်းလုပ်ငန်စဉ်အဖွဲ့၏ ကမ္ဘာ့လူသားချင်းစာနာ ထောက်ထားရေးနေ့ရက်ဆိုင်ရာ သဘောထား ထုတ်ပြန်ထားချက်မှာ ပါရှိပါသည်။

ဒုက္ခသည်များသည် စစ်ဘေးဒဏ်ကြောင့်တိမ်းရှောင်ကြရသည့် နိုင်ငံသားများဖြစ်သည့်အတွက် အစိုးရမှ ပြန်လည်နေရာချထားရေးသည် အနည်းဆုံး ၃ နှစ် ဝန်ဆောင်မှုပေးသင့်သည်ဟု ကရင်နီဒုက္ခသည်စခန်း ဥက္ကဌ ဦးလွီးဇီက တောင်းဆိုလိုပါသည်။

“အစီအစဉ်တကျနဲ့အစီအစဉ်တွေရေးဆွဲပြီးတော့မှ သူတို့ကို ဒါဥပဒေချိုးဖောက်လို့သူတို့နိုင်ငံ တခြားနိုင်ငံရောက်သွားတယ်ဆိုတဲ့ဟာမျိုးမထားဘဲနဲ့ ဒါကနိုင်ငံသားဘဲဆိုပြီးပြန်လည်လက်ခံဖို့လိုတယ်။” ဟု ဦးလွီးဇီက ဆက်ပြောသွားပါသည်။

မြန်မာနိုင်ငံတွင်လူ၉သိန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ များကို လိုအပ်နေပါသည်။

ကမ္ဘာအနှံ့အပြားရှိလူသန်းပေါင်း၁၃ဝခန့်သည် စစ်ဘေးနှင့် သဘာဝဘေးဒဏ်များကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရပါသည်ဟု ပူးပေါင်းလုပ်ငန်စဉ်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

spot_img
spot_img

Recent posts