spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ဒေါပေါ်ကလဲကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး ဒေသခံအမျိုးသမီးတစ်ဦးသေဆုံး၊ ၄ဦးထက်မနည်းဒဏ်ရာရ

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ (ဇွန်လ ၉ရက်) ညနေ ၄နာရီဝန်းကျင်က လွိုင်ကော်မြို့ ဒေါပေါ်ကလဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းဝင် တစ်ဦးက ပြောပြပါတယ်။

သေဆုံးသွားသူမှာ အသက်၂၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝမ်းဗိုက်မှာ လက်နက်ကြီးစ ထိမှန်ထားတယ်လို့ သူက ပြောပါတယ်။

“ ဗိုက်မှာ လက်နက်ကြီးထိတာ။ နိုးကူးရောက်မှဆုံးတာ။ ဗိုက်ပွင့်သွားတယ်ပြောတယ်။ အူတွေဘာတွေလည်း ထွက်သွားတယ်ပြောတယ်။ ကျန်တဲ့ လေးယောက်ရဲ့ အခြေအနေက အသက်အန္တာရာယ်တော့ မစိုးရိမ်ရပါဘူး။ အခုက ညဖြစ်နေတဲ့အတွက် အဲ့ဒီရွာထဲကို သွားမကယ်နိုင်ဘူး။ အဲ့ဒီ သူတို့ထွက်လာနိုင်တဲ့လူ အဲ့ဒီလေးယောက်ကိုပဲ ကျနော်တို့ ဆေးရုံပို့ပေးနိုင်တယ်ပေါ့။ အဲ့ဒီရွာထဲမှာလည်း ဒဏ်ရာရထားတဲ့လူတွေလည်း ရှိတယ်လို့ သိရတယ်။ အဲ့တာတော့ မကယ်ထုတ်နိုင်သေးဘူးပေါ့နော။” လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေါပေါ်ကလဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျေးရွာအတွင်း ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အတွက် လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီး ကျေးရွာအတွင်း နှစ်လုံးကျရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ရွာနားမှာက တော်တော်များတယ်။ ၁၅လုံး အလုံး ၂၀လောက်ကျတယ်။ ရွာထဲမှာက နှစ်လုံးကျတယ်။ နှစ်လုံး လုံးက လူတွေထိကုန်တယ်ပြောတယ်။ “ လို့ ရွှေလွိုင်ကော်ပရဟိတအသင်းဝင် တစ်ဦးကဆက် ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ ခလရ ၄၂၇က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက်၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၃ရက်နေ့မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာထဲကို လက်နက်ကြီး လေးလုံးကျရောက်ခဲ့ပြီး ဒေသခံတစ်ဦးလက်နက်ကြီးစင်ထိ ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၃ရက်နေ့ကနေ ဇွန်လ ၉ ရက်နေ့အထိ  လက်နက်ကြီးကြောင့် အရပ်သား သေဆုံးသူ ၃ဦး၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား ၈ဦးနဲ့ စစ်ကောင်စီသတ်ဖြတ်ခံရသူ တစ်ဦးရှိနေပါတယ်။ 

spot_img
spot_img