သစ်တောတွေနဲ့ဖုံးလွှမ်းထားတဲ့ ပေခီးကျေးရွာလေးအကြောင်း

စူးမယ်

ပေခီးကျေးရွာဆိုတာ ဖရူဆိုမြို့နယ်ရဲ့အနောက်တောင်ဖက် မိုင် ၈ဝ လောက်ဝေးတဲ့ သိုသီဖိုအုပ်စုထဲက ကျေးရွာလေး တစ်ရွာပါ။
အဲဒီရွာကိုသွားဖို့ ကားလမ်းမပေါက်သေးတဲ့အတွက် ခြေလျင်နဲ့သွားရပါတယ်။ ကျမတို့ ခြေလျင်နဲ့သွားနေကြပေမယ့် တောင်အောက်မှာရှိနေတဲ့ရွာရယ်၊ သစ်ပင်တွေ ဖုံးလွှမ်းထားတဲ့ အနေအထားတွေရယ်ကြောင့် ဘယ်နားမှာရွာရှိတယ်ဆိုတာ ချက်ချင်းရှာတွေ့နိုင်ဖို့က မလွယ်လှပါဘူး။

မတ်စောက်နေတဲ့တောင်အတိုင်းဆင်းသွားပြီး လမ်းခွဲလေးတွေတွေ့ရင် မှန်းပြီးလျှောက်ရပါတယ်။ မိနစ် ၃ဝ လောက်ဆင်းသွားပြီးတဲ့အချိန်မှာတော့ အရင်ဆုံးကြားလိုက်မိတာက ကလေးတွေရဲ့ စာဖတ်သံလေးတွေပါ။
နောက်ထပ်အချိန်နည်းနည်းလမ်းထပ်လျှောက်လိုက်တာနဲ့ အရင်ဦးဆုံးတွေ့ရတာက ဘုရားကျောင်းခြံဝင်းထဲမှာ ဆောက်ထားတဲ့ စာသင်ကျောင်းလေးပါ။ အဲဒီနောက်မှာတော့ အိမ်ကလေးတွေ။
ဆက်ပြီး ရွာထဲကိုဆင်းသွားချိန်မှာတော့ အိမ်တွေက တိတ်ဆိတ်နေပြီး လူတွေကိုသိပ်မတွေ့ရတဲ့အတွက် အထူးအဆန်းဖြစ်သလို ခံစားနေရပြန်ပါတယ်။

လူနေအိမ်ခြေ ၁၄ အိမ်သာရှိနေပြီး လူဦးရေ ၅ဝ ကျော်သာရှိနေတဲ့အဲဒီရွာမှာ သက်ကြီးရွယ်အို၊ ကလေးငယ်ရှိတဲ့ အမျိုးသမီးတွေနဲ့ ကျောင်းနေကလေးတွေသာ ရွာထဲမှာရှိနေကြတာပါ။ ရွာထဲက အမျိုးသားတွေကတော့ တောင်ယာလုပ်ငန်းခွင်တွေဆီ သွားကြပြီး သူတို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရပါတယ်။

စာသင်ကျောင်းခန်းထဲမှာ ညီငယ်၊ ညီမငယ်လေးတွေကို ကျောမှာ ပိုးထားပြီး ကလေးတွေ စာသင်နေကြတာကို တအံ့တဩနဲ့ တွေ့နေရတယ်။

ပေခီးရွာရဲ့ တစ်ခုတည်းသော ကျောင်းအဖြစ် အစိုးရ မူလတန်းကျောင်းသာ ရှိနေပါတယ်။ ရွာမှာရှိတဲ့ မိဘတွေကတော့ သူတို့ အလုပ်သွားတဲ့အချိန်မှာ ကလေးတွေကို အိမ်မှာ ဒါမဟုတ်ရင် ကျောင်းနေအရွယ်ရောက်တဲ့ သား သမီးတွေကို ကျောင်းကိုပဲ အပ်ထားခဲ့တာမျိုး လုပ်ကြတယ်လို့ ဆိုပါတယ်။
ကျောင်းနေတဲ့ ကလေးတွေအတွက် မူလတန်းကျောင်းပြီးလို့ အလယ်တန်းကျောင်း ဆက်တက်နိုင်ရန်ဖို့ ဖရူမြို့ကို သွားရတယ်လို့ ဒေသခံ ကျောင်းဆရာမ နော်ဖူဘားက ပြောပါတယ်။

နော်ဖူဘား က “အခက်အခဲရှိတယ် မိဘတွေက ဆင်းရဲတော့ မပို့နိုင်ဘူးလေ။ တချို့ သွားပြီး ပြန်လာတဲ့ကလေးတွေလည်း ရှိတယ်။”လို့ ပြောပါတယ်။

စားဝတ်နေရေးအတွက် တောင်ယာတစ်ခုတည်းကိုသာ အားကိုးပြီး စပါးနဲ့ ဖလာကို စိုက်ကြတာ ဖြစ်တဲ့အတွက် လေးတန်းအောင်မြင်သွားတဲ့ ကလေးတွေကို ဖရူဆိုမြို့မှာ ငါးတန်း ဆက်ထားပေးနိုင်ဖို့ မိဘတွေ အခက်တွေ့နေကြတာ ဖြစ်တယ်လို့ ဆရာမက ဆက်ပြောပါတယ်။

သူတို့ရဲ့ တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကြောင်းက တစ်နှစ်စာ စားလောက်ရုံသာရှိပါတယ်။ တစ်ခါတလေ ရာသီဥတုနဲ့ ပုံမှန်မဟုတ်တဲ့ သီးနှံတွေဖျက်တဲ့ ကြွက်လိုမျိုး ဒါမှမဟုတ် အိမ်မွေး ကျွဲ၊နွားတွေဖျက်တာမျိုးနဲ့ကြုံလာရင် ပုံမှန်ထက် စားနပ်ရိက္ခာ ပြတ်လပ်တာမျိုး ရင်ဆိုုင်နေကြရတာပါ။
ဒီအဖြစ်တွေ ကြုံလာရပြီဆိုရင် မိသားစုဝမ်းစာအတွက် အခြားဒေသကို ငွေရှာထွက်ရပြီး အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းနေကြရပါတယ်။

အသက် ၆၅နှစ်အရွယ် ဦးစောထူးက “တချို့လူတွေက မော်ချီးမှာ ပိုက်ဆံသွားရှာကြတယ်။”လို့ ရွာက အမျိုးသားတွေ ဝင်ငွေရှာတဲ့ အကြောင်းကို ပြောပြပါတယ်။
ပေခီးရွာကနေ မော်ချီးကိုနှစ်ရက်ကြာလမ်းလျှောက်ပြီး အလုပ်လုပ်ကြရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပေခီးရွာဟာ အရင် စစ်အစိုးရလက်ထက် ဖြတ်လေးဖြတ် ကာလတုန်းက စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေ အခြေချနေထိုင်ကြတဲ့ရွာပါ။ ပြေးရင်းလွှားရင်း အန္တရာယ်ကင်းစေနိုင်မယ့် နေရာတွေမှာပဲ ပြောင်းရွှေ့အခြေချကြရပါတယ်။ တစ်ခါတလေ ရွှေ့ပြောင်းနေရတဲ့နေရာတွေက တောင်တန်းတွေကြားမှာ ရှိနေတဲ့အတွက် အသက်မွေးဝမ်းကျောင်းအရေး လုပ်ကိုင်စားသောက်ကြရတာ အဆင်မပြေခဲ့ကြဘူးလို့ သိရပါတယ်။ဒေသဖွံ့ဖြိုးမှု နောက်ကျတာနဲ့အတူ ရွာရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအထိကို မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပေခီးရွာရဲ့ အဓိက စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေခြင်းက ဒေသဖွံ့ဖြိုးရေးတွေလုပ်ဆောင်ဖို့အတွက် အစိုးရမဟုတ်တဲ့လူမှုအဖွဲ့အစည်း(NGO)တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လက်လှမ်းမမှီမှုကို ဖြစ်စေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကျေးလက်ဦးစီးဌာနက ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်းလောက်ကိုသာ ဒီရွာအတွက် လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ ကျေးရွာမှာ ရေပေးဝေရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်းကိုသာ လာရောက်လုပ်ဆောင်နိုင်ပါသေးတယ်။

ဒီစီမံကိန်းကို လာရောက်လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းက အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ သိုသီးဖို ကျေးရွာအုပ်စုမှာ တာဝန်ကျတဲ့ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးဟိန်းမင်းလတ်ကဆီက သိရပါတယ်။

သူတို့ရဲ့ရွာဟာ တောင်စောင်းအောက်မှာရှိပြီး ချောင်ကျတဲ့နေရာမှာရှိနေတဲ့အတွက် ကလေးတွေရဲ့ ပညာရေးတိုးတက်မြင့်မားဖို့၊ ရွာသားတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးပြေလည်နိုင်ဖို့က ရွာကိုလူသူတွေ အရောက်အပေါက်များဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့အပေါ် မူတည်နေလိမ့်မယ်လို့ ဒေသခံ ဆရာမတစ်ဦးဖြစ်တဲ့ နော်ဖူးဘာက ပြောပါတယ်။

ကယော(ပရဲ့)လူမျိုးတွေနေထိုင်ကြတဲ့ပေခီးရွာလေးကို အခုလိုချမ်းအေးတဲ့ ဒီဇင်ဘာလ ဒုတိယအပတ်လောက်မှာ ရောက်ရှိခဲ့ပြီး ဒေသခံတွေနဲ့အတူ ကျမ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီလို ဝေးလံခေါင်ပါးတဲ့ အရပ်ဒေသ၊ လူအသွားအလာနည်းတဲ့ ဒေသတွေဘက်က လူမှုဘဝတိုးတက်မြင့်မားလာဖို့ဆိုရင် ကျမနဲ့အတူ တာဝန်ရှိတဲ့သူတွေအားလုံးက ကြိုးစားရအုံး မှာဖြစ်ပါတယ်။

Comments

comments

Next Post

ကယားပြည်နယ်နေ့ဈေးဆိုင်ခန်းများ ယခင်နှစ်ကထက် ဈေးပိုကြီး

Mon Jan 9 , 2017
စိုင်းလင်းလင်းဦး ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်၌ ဈေးရောင်းချရန်အတွက် နေရာချပေးထားသော ဆိုင်ခန်းနေရာများ ယခင်နှစ်ကထက် ဈေးပိုကြီးနေသည်ဟု သိရသည်။ ပစ္စည်းအမျိုးမျိုးရောင်းချရန်၊ စားသောက်ကုန်များရောင်းချရန်၊ ပျော်ပွဲရွင်ပွဲပြုလုပ်ရန်နေရာများနှင့် အိမ်သာနေရာများအတွက် နေရာဖြစ်သည်။ ပျံကျဈေးတန်းတွင် ယခင်နှစ်က ကျပ်နှစ်သိန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင် သုံသိန်းကျော်ဝယ်ယူနေရကြောင်း ရေမုန့်ရောင်းရန် ပျံကျဈေးတန်းတွင်ယူထားသော ကိုထွန်းလင်းအောင်က ပြောသည်။ “တဆင့်ပြီးတဆင့် သုံးဆင့်လောက်ဖြစ်သွားတော့ ဈေးတက်သွားတယ်။ ပြီးတော့ ဆိုင်ခန်းလည်း ကိုယ်လိုချင်တဲ့နေရာမရဘူး။ ကိုယ်လည်း ကလေးငယ်နဲ့ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ယူရမှာပဲလေ။ ကျနောတို့ နှစ်သိန်း နှစ်သိန်းခွဲလောက်ဆို မဆိုးဘူး။” ကိုထွန်းလင်းအောင်က ပြောကြားသည်။ ထို့အပြင် ပျော်ပွဲရွင်ပွဲတန်းများတွင် ၁ဝ ပေအခန်းကို ယခင်နှစ်က သုံးသိန်းကျပ်သာ ဝယ်ယူခဲ့ရသော်လည်း ယခုနှစ်မှာ ငါးသိန်ကျပ် အထိပေးဝယ်ခဲ့ရသဖြင့် […]