spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသမီး အခွင့်အရေးဆုံးရှုံးနေမှု အသိပညာ ပေးသည့်အပိုင်း လိုအပ်

Author

Date

Category

မူအက်စတာ၊ ဖဲဘူး

ဖရူဆိုမြို့ အနောက်ဘက်ခြမ်း မိုင်နှစ်ဆယ်ကျော်ရှိသည့် ပရဲကယောဒေသဘက်က အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးနေမှု အသိပညာပေးသည့်အပိုင်း လိုအပ်ချက်များရှိနေသည်ဟု အမျိုးသမီးအရေးဆောင်ရွက်နေကြသည့် လူထုအဖွဲ့အစည်းက ဆိုကြသည်။

ကျေးလက်တောရွာများတွင်ရှိသည့် အမျိုးသမီးများသည် ၎င်းတို့တွင် မည်သည့်အခွင့်အရေးများရှိနေသည်၊ ၎င်းတို့အတွက် အမျိုးသမီးများနေ့ ရှိနေသည်ကို သိရှိသူမရှိသေးသည့်အတွက်ကြောင့် ၎င်းတို့၏ အခွင့်အရေးများသိရှိနိုင်ရန် အတွက် ပရဲကယောအမျိုးသမီးအဖွဲ့မှ ကယောဒေသ ဟိုယာကျေးရွာတွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရွာမှာက ဘယ်သူမှလာ မလုပ်ပေးကြဘူး သူတို့ကလည်း ရှိတယ်လို့တောင်မသိကြတဲ့သူတွေပေါ့။ ဒီကယောဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှုတွေအကြောင်း အသိပညာက အဲ့လောက်ထိမရှိသေးဘူး၊ ဒါကြောင့် ကျွန်မတို့က ဒီလိုလာလုပ်ရခြင်းဖြစ်တယ်။ ဒါပထမဆုံးအကြိမ် ကျင်းပပေးခြင်းဖြစ်ပါတယ်” ဟု ပရဲကယောအမျိုးသမီးအဖွဲ့အစည်း ဥက္ကဌ မချယ်ရီမိုးက ပြောပါသည်။

ကယောဒေသတွင်းရှိသည့် အမျိုးသမီးများသည် အခြားဒေသရှိ အမျိုးသမီးများထက် အခွင့်အရေးပိုမိုဆုံးရှုံးနေကြောင်း မချယ်ရီမိုးက ဆက်ပြောသည်။

“အရင်ခေတ် သမိုင်းတွေကိုပြန်ကြည့်မယ်ဆိုရင် ဒါက တကယ့် Conflit area ဆိုတော့ ပိုပြီးတော့ ဒဏ်တွေသင့်ခံနေရတယ်။ အခြားလူမျိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖွံ့ဖြိုးရေးနိမ့်ကျတယ်ပဲ ပြောပြော၊ အမျိုးသမီးအခွင့်အရေးကို ရကိုမရရှိသေးတဲ့ ဒေသဖြစ်နေတယ်ပေါ့နော”

ကယောဒေသတွင် အမျိုးသမီးများ၏ အခွင့်အရေးဆိုသည်မှာ ရှိသည်ဟုပင်မသတ်မှတ်ကြပေ၊ ၎င်းတို့ကိုယ်တိုင်လည်း ၎င်းတို့၏ အခွင့်အရေးကို မသိရှိခဲ့ခြင်းဖြစ်သည်။

ကယောဒေသတွင် မည်သည့်ဥပဒေမှ စိုးမိုးမှုရှိမနေခြင်းကြောင့် ၎င်းတို့သည်လည်း ၎င်းတို့၏ အခွင့်အရေးကိုမသိတော့ပဲ ဆုံးရှုံးခံလိုက်ရခြင်းများရှိနေကြောင်း သိရသည်။

“သူတို့က အများအားဖြင့် သူတို့ရဲ့ အပျိုစင်ဘဝကို တန်ဖိုးမထားကြဘူး၊ တစ်ချို့မိသားစုရှိတဲ့ ယောကျာ်းလေးက မိန်းကလေးရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးလိုက်ပြီဆိုရင် တောင်းလျော်တယ်၊ အဓိက သူတို့ရဲ့မိဘတွေက တာဝန်ယူပြီးတော့ တောင်းလျော်တယ်၊ ဥပမာ ကယောဓလေ့ထုံးစံအနေနဲ့ဆိုရင်တော့ နွားတစ်ကောင် သို့မဟုတ် နွားတစ်ကောင်နဲ့ ပိုက်ဆံသိန်း ၂ဝ ဆိုရင် သိန်း၂ဝ အဲ့လိုပဲ၊ သူတို့က ထုံးစံလိုမျိုးပဲ ဖြစ်သွားတယ်လေး သူတို့က လျော်ပြီးသွားပြီဆိုရင် ပြီးပြီလေး” ဟု ကယောအမျိုးသမီး မဘောမိုက ပြောပါသည်။

အချို့ ရှေးကျသည့် ကယောဒေသတွင်းရှိ အမျိုးသမီးများသည် ၎င်းတို့၏ အခွင့်အရေးကို ငယ်စဉ်ကတည်းက ဆုံးရှုံးခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိဘများသည် သမီးကို ငယ်စဉ်တည်းက ၎င်းတို့ကြိုက်နှစ်သက်သည့် သူတစ်ဦးဦး၏ သားနှင့် စေ့စပ်ထားပေးခဲ့ကြသည်။ ထို့ကြောင့် ၎င်းအမျိုးသမီးသည် အသက်အရွယ်ရောက်လာချိန်တွင် ရွေးချယ်စရာလမ်း မရှိတော့ပေ။ ဤတွင် ၎င်း၏အခွင့်အရေးကို တစ်ကြိမ်ဆုံးရှုံးရပြီဖြစ်သည်။

၎င်းတို့ စေ့စပ်ချိန်တွင် မိန်းကလေးဘက်မှ ကျွဲတစ်ကောင်နှင့် အခြား လက်ဆောင်ပစ္စည်းများကို မိန်းကလေး၏ မိဘများက လက်ခံရရှိခဲ့သည်။ သို့သော် ၎င်းတို့အရွယ်ရောက်လာ၍ မကြိုက်လျှင် မိန်းကလေးဘက်မှ လက်ခံရရှိခဲ့သည့် လက်ဆောင်၏နှစ်ဆ ပြန်လျော်ရသည်။ ထို့ကြောင့် ၎င်းမိန်းကလေးက နှစ်ခါပြန် နစ်နာလေသည်။

ထို့ကြောင့် ကျေးလက်တောရွာဘက်တွင် အမျိုးသမီးများ၏ အခွင့်အရေးကို ပို၍သိရှိရစေရန် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ကယောဒေသတွင် ပထမဦးဆုံးပြုလုပ်ရခြင်းဖြစ်သည်။

spot_img
spot_img

Recent posts