spot_imgspot_imgspot_imgspot_img
Monday, December 2, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက်မှု သံသရာအောက်က အကြမ်းဖက်ခံရသူတွေ

Author

Date

Category

စူးမယ်

ဝါးထံရံ၊ ဖက်မိုး မိုးထားတဲ့ အိမ်တွေဟာ တစ်လုံးနဲ့ တစ်လုံး ကပ်ပြီး ရှိနေပါတယ်။ ဝါးခြမ်းပြားတွေနဲ့ ကာရံထားတဲ့ ခြံဝင်းထဲမှာ ဖက်မိုးထားတဲ့ နှစ်ထပ်ဆောင်ကြီးတစ်ခုကို တွေ့နေရပါတယ်။

အဆောင်ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေကိုပဲ တွေ့နေရပါတယ်။ အဲဒီထဲက အသားညှိညှိ ဆံပင်ရှည်ရှည်နဲ့ အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ယောက်က ကလေးထိန်းနေတာကို တွေ့ရပါတယ်။

အဲဒီနေရာဟာ ထိုင်းမြန်မာ နယ်စပ် ကရင်နီ ဒုက္ခသည်စခန်းက အမျိုးသမီးတွေအတွက် Safe House လို့ ခေါ်တဲ့ လုံခြုံအိမ်ပဲ ဖြစ်ပါတယ်။ အဲဒီလုံခြုံအိမ်မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ လာရောက် ခိုလှုံကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ မျက်နှာပေါ်မှာ ညှိမဲနေတဲ့ အရာလေးတွေ ကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့ တစ်လလောက်တုန်းက Women Safe House လို့ခေါ်တဲ့ လုံခြုံအိမ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူကတော့ ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းကို နှစ် ၂ဝ ကျော် လာရောက်နေထိုင်ခဲ့သူ မော်ဘော်မယ်(နာမည်လွှဲ)ပဲ ဖြစ်ပါတယ်။ 

မော်ဘော်မယ်က “သူက နေ့ည မရွေး မူးနေတာ။ မူးရင်လည်းရိုက် မမူးလည်း ရိုက်နေတာပဲ။ ဘယ်မှလည်း သွားလို့မရဘူး။ အပေါင်းအသင်းတွေလည်း မရှိတော့ဘူး။ အမျိုးတွေ သွားလည်လည်း မရဘူး။ အပေါင်း အသင်းတွေလည်း မရှိတော့ဘူး။ အိမ်မှာ ပိတ်လှောင်ထားတာ လနဲ့ချိီရှိသလို လေးငါးခြောက်ရက် အဲလိုလည်း ရှိတယ်။ အိမ်ထဲမှာပဲ နေရတယ်။ အမျိုးတွေကိုလည်း လည်ခွင့်မရှိဘူး။ ကျမကိုလည်း လာမလည်ရဲကြတော့ဘူး”လို့ သူကြုံတွေ့ခဲ့တာတွေကို အသံတုန်တုန်နဲ့ ပြောပြ  သွားပါတယ်။ 

မော်ဘော်မယ်ရဲ့ အမျိုးသားဟာ အရက်သေစာကို အမြဲသောက်စားပြီး ရိုက်တတ်သလို အခြား အမျိုးသားတွေနဲ့လည်း စွပ်စွဲ ပြောဆိုပြီး ရိုက်နက်လေ့ရှိပါတယ်။

စိတ်မထင်ရင် အိမ်မှာ သော့ခတ်ပြီး ပိတ်လှောင်ထားတတ်သလို ပိတ်လှောင်ထားခံရချိန်မှာ ထမင်းကို နပ်မှန်အောင် မစားခဲ့ရဘူးလို့ ပြောပါတယ်။

မော်ဘော်မယ်ဟာ သူ့အမျိုးသားရဲ့ ရိုက်နက်မှုအောက်မှာ မျက်လုံးထဲက သွေးထွက်ခဲ့တာတွေ၊ လမ်းမလျှောက်နို်င်တဲ့အထိ အရိုက်ခံရတာတွေ၊ ဓါးမြှောင်ကိုင်ပြီး ခြိမ်းခြောက်တာတွေ၊ နားထင်ကို ကန်လို့ သတိမေ့တာတွေအထိ ဖြစ်ဖူးကြောင်း ပြောပါတယ်။

“ညဖက်မှာဆိုရင်လည်း ကျမစိတ်မပါပဲ အတင်းနေတာရှိတယ်။ နင်က ငါ့မိန်းမပဲ ငါနဲ့ မအိပ်ချင်ရတာလဲဆိုပြီး ရိုက်နက်တယ် ကန်တယ်။ တစ်ခုခု စိတ်မလိုမကျဖြစ်ရင် ရိုက်ပြီ ကန်ပြီ အဲလိုအမြဲလုပ်တာ” လို့ မော်ဘော်မယ်က ပြောပါတယ်။

ဒါ့အပြင် သူမ အလုပ်လုပ်လို့ ရတဲ့ လုပ်အားခတွေကိုလည်း သူ့အမျိုးသားကသာ တစ်ယောက်တည်းသာ သိမ်းပြီး အသုံးပြုတတ်တယ်လို့ ပြောပါတယ်။

လူမှု ပါတ်ဝန်းကျင်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခံနေရမှုတွေ ရှိနေတတ်ကြပါတယ်။ ဒီလို အကြမ်းဖက်မှုတွေက တိုက်ရိုက် မြင်တွေ့နိုင်တဲ့ အကြမ်းဖက်မှုှတွေ ရှိသလို၊ တိုက်ရိုက် မျက်မြင်  မတွေ့နိုင်တာ တွေလည်း ရှိနေပါတယ်။

တိုက်ရိုက် မြင်တွေ့နိုင်တဲ့ အကြမ်းဖက်မှုတွေကတော့ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေကြတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ကိုယ့်ပတ်ဝန်းကျင် အပါအဝင် နေရာ  တော်တော်များများတွေ့နေရတတ်ကြပေမယ့်လည်း မိသားစုအတွင်း စကားများ ရန်ဖြစ်တာ ရိုက်နက်နေတာဟာ ပါတ်ဝန်းကျင်မှာ မြင်နေရသူတွေကတွက်ကလည်း သမရိုးကျ မြင်တွေ့နေရတဲ့ ပုံစံတွေလိုတောင် ဖြစ်နေပါပြီ။

ဒီလိုအကြမ်းဖက်မှု ခံနေရတိုင်း အများအားဖြင့် ခံနေရသူတွေဟာ အမျိုးသမီးတွေဖြစ်နေတာကို တွေ့ရပြန် ပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ထောင်ရှင်အမျိုးသမီး ၅ ဦးမှာ ၁ဦးက အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်မှုကို ခံနေရ တယ်လို့ မတ်လ ၂၃ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန်န၊  မြန်မာနိုင်ငံ လူနေမှု ဘဝနဲ့ ကျန်းမာရေးဆိုင်ရာ စစ်တမ်း ၂၀၁၅-၂၀၁၆ ထုတ်ပြန်ဆွေးနွေးပွဲ အခန်းအနားမှာ တင်ပြခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

နေ့စဉ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရမှုကို ခံနေရတဲ့ တစ်ချိန်တည်းမှာပဲ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိုလည်း အမျိုးသမီးတွေက ရင်ဆိုင်နေရာတာ ဖြစ်ပါတယ်။

အဲဒီလို အမျိုးသမီးတွေထဲမှာ ထိုင်း- မြန်မာနယ်စပ် ကရင်နီ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေတဲ့ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။  

အမျိုးသားရဲ့ ရိုက်နက်မှုတွေကို မခံနို်င်တော့တဲ့အဆုံး မော်ဘော်မယ်ဟာ ကရင်နီ အမျိုးသမီး အစည်းရုံး ( KNWO – Karenni National Women Organization ) ရဲ့ လုပ်ငန်းတွေထဲမှ WCP ( Women and Child Protection ) က Safe House မှာ လာရောက်ခိုလုံနေပါတယ်။

လူဦးရေသောင်းချီခိုုလုုံနေထိုုင်နေကြတဲ့ ကရင်နီ ဒုုက္ခသည်စခန်းတွင်းမှာရှိပြီး တလကိုု အနည်းဆုုံး အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် မိသားစုု ငါးစုုလောက် လုုံခြုံအိမ်လေးဆီကိုုလာရောက် ခိုုလုုံကြရတယ်လိုု့ ကရင်နီအမျိုးသမီးအစည်းအရုုံး (KNWO)ထံမှသိရှိရပါတယ်။

စခန်းတွင်းက လုုံခြုံအိမ်လေးအစီအစဉ်ဟာ KNWOရဲ့ လုုပ်ငန်းစဉ်ထဲကတခုုအပါအဝင်ပါ။ အိမ်တွင်းအကြမ်း ဖက်မှုဖြစ်ရာကနေ လုုံခြုံအိမ်လေးဆီကိုုရောက်လာကြတာဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဟာ ဒေသတိုင်းမှာ ရှိနေနိုင်ပေမဲ့ ကရင်နီ ဒုက္ခသည်စခန်းမှာတော့ ပုံမှန်ထက် မြင်တွေ့နေရပြီး ဝင်ငွေ မရှိခြင်း၊ အရက်သေစာ ရလွယ်၍ သောက်စားမူးယစ်ခြင်းအပြင် စိတ်ထွက်ပေါက်မရှိတာဟာ အကြမ်းဖက်မှုဖြစ်တဲ့ အကြောင်းအရာ မဟုတ်သော်လည်း တွန်းအားပေးတဲ့ အကြောင်းအရာ ဖြစ်ကြောင်း Women Safe House တာဝန်ခံ မော်ပိုးမယ်က ပြောပါတယ်။

“အဲလိုတွေကြောင့် ဖြစ်နိုင်ပေမယ့် အဓိက အကြမ်းဖက်ဖြစ် ရတဲ့ အကြောင်းအရင်းတော့ မဟုတ်ဘူး။ အဲဒါတွေက ( အရက်သေစာ၊ စိတ်ထွက်ပေါက်) အကြမ်းဖက်မှုကို တွန်းအားပေးစေတဲ့ အရာဖြစ်တယ်။ သူတို့က စခန်းထဲမှာပဲ နေနေရတာလည်း ပါတယ်။ နောက် မူးယစ်ဆေးဝါးကြောင့်လည်းပါတယ်။ ငွေးရေးကြေးရေး အဆင်မပြေတာတွေက တိုးအားပေးတဲ့ အရာဖြစ်တယ်”လို့ မော်ပိုးမယ်က ပြောပါတယ်။

လုုံခြုံအိမ်သိုု့လာရောက်ခိုုလုုံကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တိုု့ရဲ့ လုုံခြုံရေးကိုု အမျိုးသမီးဝန်ထမ်းနဲ့ အမျိုးသားဝန်ထမ်းတွေ အချိန်ပြည့် ချထားရပါတယ်။

စိတ်ပိုုင်းဆိုုင်ရာ၊ ရုုပ်ပိုုင်းဆိုုင်ရာ၊ လိင်ပိုုင်းဆိုုင်ရာ အကြမ်းဖက်ခံထားရတဲ့သူတွေမိုု့ မိမိတိုု့ရဲ့ လုံခြုံမှု၊ အားပေးနှစ်သိပ့်မှု၊ သတင်းအချက်အလက်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တရားရေးလွဲပြောင်းပေးမှု စတဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေပါတယ်။

ယခင် လုံခြုံအိမ်စရှိတုန်းက ရပ်ကွက်မူး၊ အဖွဲ့အစည်း သို့ တစ်စုံတစ်ဦးက လာရောက်ပို့ပေးတာရှိပေမယ့် အခုနောက်ပိုင်း အကြမ်းဖက်ခံနေရပြီဆိုလျှင် မည်သူကမှ ပို့စရာမလိုပဲ သူတို့ဘာသာ လာနေကြပါပြီ။

ကရင်နီ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးများဟာ သာမာန်ထက် အကြမ်းဖက်မှုကို ပိုခံစားနေရကြ ပါတယ်။  တစ်ချိန်တည်းမှာပဲ အကြမ်းဖက်မှု ပုံစံ မျိုးစုံကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ အမျိုးသမီးတွေဟာ ဖိစီးမှု ခံနေရတဲ့ တစ်ပြိုင်လက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရပါတယ်။

ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်း ၂ဝ ကျော် ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည် စခန်းမှာ ထွက်ပြေး တိမ်းရှောင်း နေလာခဲ့ကြပြီး ဒုက္ခသည်တွေဟာ စခန်းအပြင်ကို ထွက်ခွင့် မရှိတဲ့အတွက် ထွက်ပေါက်မရှိပဲ ဖိစီးမှုတွေ ခံစားလာခဲ့ကြပါတယ်။  

နိုင်ငံတကာ အလူူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်လာခဲ့ကြ လက်ရှိအချိန်မှာ ထောက်ပံ့မှု အမျိုးမျိုး လျှော့ချလာတဲ့အပေါ် ဒုက္ခသည်များက ရုန်းကန် ရှာစားလာရတဲ့အပေါ် ဖိစီးမှုတွေကြောင့် ကြမ်းဖက်မှုတွေ ဖြစ်လာတယ်လို့ သုံးသပ်မိကြောင်း ကရင်နီ ဒုက္ခသည်စခန်းကော်မတီ ဒု-ဥက္ကဌ နော်ခူဖောက ပြောပါတယ်။

ကရင်နီ ဒုက္ခသည် စခန်းကော်မတီ ဒု-ဥက္ကဌ နော်ခူဖောက “ကျမတို့ ဒုက္ခသည်မှာလည်း နှစ်ရှည်လများ ခုဏ ပြောသလိုမျိုး စိတ်ထွက်ပေါက်လည်း မရှိဘူး။  ကိုယ့်အိမ်လည်း မဟုတ်ဘူး။ ကိုယ့်နေရာဒေသလည်း မဟုတ်တဲ့အချိန်မှာ ထောက်ပံ့မှုတွေကလည်း အမျိုးမျိုး လျှော့ချလာတဲ့အပေါ်မှာ လူထုတွေကလည်း သူတို့ဟာသူတို့ ရုန်းကန် ရှာစားလာရတဲ့အပေါ်မှာဆိုလို့ရှိရင် ဖိစီးမှုတွေဖြစ်လာတယ်။ အဲဒီအပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်လို့ ကျမအနေနဲ့က အဲလိုသုံးသပ်မိတယ်”လို့ ပြောပါတယ်။

ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းမှာ ဆယ်ကျော်သက်အထက် (၁၂နှစ်အထက်) အမျိုးသမီးနဲ့ ကလေးငယ် ဦးရေ ၅၀၀ဝ ခန့်ရှိပြီး တစ်နှစ်အတွင်း အမှတ် ၁နှင့် အမှတ် ၂ စခန်းမှာ လုံခြုံအိမ်သို့ အကြမ်းဖက်ခံ အမျိုးသမီး လာနေသူတွေဟာ နှစ်စဉ် အမှုပေါင်း ၇ဝအထိ ရှိတယ်လို့ သိရပါတယ်။

လုံခြုံအိမ်ရှိတဲ့အတွက် အမျိုးသမီးတွေ အကြမ်းဖက်ခံထားရတာများတယ်လို့ ထင်နေရပေမယ့် အကြမ်းဖက်ခံရသော်လည်း မလာရဲတဲ့ သူတွေဟာလည်း အများအပြားရှိနေသေးသလို အမျိုးသမီးတွေကိုပဲ ကာကွယ်ပေးတဲ့ နေရာလို့ အထင်မှားသူတွေလည်းရှိတယ်လို့ ပြောပါတယ်။

လုံခြုံအိမ်ဆိုတဲ့ နာမည်မပေးခင်မှာ WCC Community Women Center အမျိုးသမီးထုဂေဟာဆိုပြီး ၂၀၀၁ခုနှစ်မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး အသိုင်းအဝန်းထဲက အလုပ်လက်မဲ့ဖြစ်နေတဲ့ အမျိုးသမီးတွေ စာဖတ်ဖို့၊ အပ်ချုပ်ပညာ၊ အိမ်တွင်းမှုလုပ်ငန်း စတဲ့အရာတွေကို လာရောက်သင်ယူဖို့ နဲ့ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ထားတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးထုဂေဟာကို နယ်စပ် ကရင်နီ အမှတ် ၁မှာဖွင့်လှစ်တာဖြစ်ပြီး ၁ဝပြည့်မှာ လုံခြုံအိမ်သို့ ပြောင်းလဲခေါ်ဆိုလိုက်တာဖြစ်ပါတယ်။ အခုဆိုရင် လုံခြုံအိမ်ဟာ ကရင်နီ အမှတ် ၁နဲ့ ၂တင်မဟုတ်တော့ပဲ ၂၀၁၂ခုနှစ် မတ်လအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီနဲ့ အစိုုးရတိုု့အကြား အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ပြည်တွင်းကိုု လုုပ်ငန်းတွေတိုးချဲ့လုုပ်ကိုုင်လာခဲ့ပါတယ်။

ကရင်နီ ကျန်းမာရေးဌာနတွင် စိတ်ဝေဒနာ ခံစားနေရသူများအတွက် psycho Social ကို အဓိကထားကုသပေးပြီး အများအားဖြင့် အရက်ကြောင့် ခံစားရတဲ့ လူနာရှင်များ၊ စိတ်ဓါတ်ကျရောဂါ ခံစားနေသူများ၊ စိတ်ကစဉ့်ကလျားဖြစ်နေသူများနှင့် စိတ်ဒဏ်ရာ ရနေသူများ အများဆုံး လာရောက်ပြီး ယခုနှစ်အတွင်းတွင် အမျိုးသမီးများ ယခင်နှစ်တွေထက် လာရောက်သူများလာကြောင်း ကရင်နီ ကျန်းမာရေး အရာရှိ ဟယ်နရီက ပြောပါတယ်။

ဟယ်နရီက “စိတ်ပိုင်းဆိုင်ရာ လူနာတွေကို ကြည့်မယ်ဆိုရင် ပါတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီး ဖြစ်နေတယ်။ ပါတ်ဝန်းကျင်က တည်ငြိမ်မှုမရှိရင် စိတ်ပိုင်းဆိုင်ရာတွေက ဖြစ်လာတယ်။ တတိယနိုင်ငံ အခြေအနေကြောင့်လား။ နိုင်ငံရေး အခြေအကြောင့်လားအဲလိုတွေပေါ့။ နောက် တစ်ယောက်နဲ့ တစ်ယောက် တစ်မိသားစုနဲ့ တစ်မိသားစုက လေးစားမှုမရှိကြဘူး။ တစ်ယောက်ယောက်က စိတ်ပိုင်းဆိုင်ရာ ခံစားနေရပြီဆိုရင် သူက အရူးပဲ လို့သွားပြောလိုက်တော့ ခံရသူက ပိုခံစားရတာပေါ့။ ပါတ်ဝန်းကျင်နဲ့လည်း အရမ်းဆိုင်တယ်”လို့ ပြောပါတယ်။ 

အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာတာဟာ အဓိက အလုပ်အကိုင် စားဝတ်နေရေးကြောင့်လည်း ပါတာဖြစ်တဲ့အတွက် စခန်းအခြေအနေနဲ့ဆိုလျှင် ဒီပြသာနာတွေ ရှိနေသမျှ အကြမ်းဖက်မှုတွေ ရှိနေဦးမှာပဲလို့လည်း သုံးသပ် ပြောဆိုကြပါတယ်။

လူဦးရေ တစ်သောင်းငါးထောင်ခန့်သာ ရှိနေတဲ့ ကရင်နီ ဒုက္ခသည်စခန်း ၂ခုမှာ တစ်နှစ်အတွင်း အမှုပေါင်း ၇ဝအထိ ရှိနေတယ်ဆိုရင်ဖြင့် ကရင်နီ ပြည်နယ်အတွင်းမှာ ရှိနေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဒီလို အကြမ်းဖက်မှုကို ဘယ်လောက်ထိ ခံနေရမလဲဆိုုတာကိုု တွေးကြည့်တာနဲ့သိနိုုင်လောက်ပါပြီ။

ဒါကြောင့် ဒီအကြမ်းဖမ်မှုတွေ လျော့ချလာနိုုင်အောင် မိမိတိုု့ ကိုုယ်ပိုုင်ဆုုံးဖြတ်ချက်တွေနဲ့ရွေးချယ်ခဲ့ကြတဲ့ ဘဝလက်တွဲဖေါ်တွေ တဦးပေါ်တဦးတန်ဖိုုးထားတဲ့ စိတ်ဓါတ်တွေ စတင်မွေးဖွားကြဖိုု့လိုုနေပါပြီ။

အိမ်ထောင်ဖက်ရဲ့ ရိုက်နက်မှုကို အမြဲခံနေရတဲ့ မော်ဘော်မယ်ကတော့ နောက်ဆုံးအနေနဲ့ သူ့အတွေးလေးကို အခုလို ပြောပါတယ်။

မော်ဘော်မယ်က “သူ ကျမကို အဲလောက်ရိုက်မှတော့ ကျမ သူ့ကို ကွာရှင်းနို်င်ရင် ကျမအတွက် အကောင်းဆုံးပဲ”လို့ ပြောပါတယ်။

spot_img
spot_img

Recent posts