ကျောင်းချိန်မှာ ထည့်သွင်းသင်ကြားဖို့ လိုအပ်နေတဲ့ တိုင်းရင်းသားစာပေ ဖွံ့ဖြိုးရေး

ကန္တာရဝတီတိုင်း(မ်)

ရေရှည်တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအတွက် အခြေခံပညာရေးကျောင်းတချို့မှာ ကျောင်းပြင်ပအချိန် သင်ကြားနေရတာဟာ စိတ်ဝင်စားမှုအားနည်းတာကိုတွေ့ရတဲ့အတွက် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး ထောက်ပြဝေဖန်မှုတွေ ရှိလာနေပါတယ်။

ကျောင်ချိန်အတွင်း ထည့်သွင်းသင်ကြားနိုင်ရေးဟာ တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထမဆုံးခြေလှမ်းအဖြစ် လိုအပ်တယ်လို့ ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီရဲ့ ဥက္ကဌ ခူးပလုရယ်က ပြောပါတယ်။

“တစ်ချို့ကျောင်းမှာလည်း ဆရာ/မ တွေရှိရဲ့သားနဲ့ မသင်ပေးဘူး ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ကို ဖဲ့မပေးနိုင်ဘူး ဒီမှာအားနည်းချက်တစ်ခုရှိလာတာကကျောင်းချိန်ပြင်ပလို့ ပြောတဲ့ခါကြရင် ဥပမာ ကျောင်းမတက်ခင် (၈) နာရီ နှင့် (၉) နာရီကြား ဒါမှမဟုတ်ကျောင်းဆင်းပြီး (၃)နာရီ နှင့် (၄) နာရီကြား ဆိုတော့ ဆရာ/မတွေအဲ့မှာ ပန်းနေပြီ။ ကိုယ့်ရဲ့မိသားစုကိစ္စ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ဖြစ်တဲ့ခါကျတော့ ဒီဟာကိုသီးသန့်အချိန်တစ်နာရီလောက် သင်မယ်ပြောတော့ လည်းတစ်ချိူ့ကလည်း စိတ်မပါတော့ဘူ တချို့ကလည်းပင်ပန်းနေပြီး အဲ့ခါကြတော့ ဒီသင်ကြားရေးက အရမ်းကိုနှောင့်နှေးပြီးတော့ မှထိခိုက်ခဲ့ရတာပေါ့။

ဆိုတော့ ဒီကျောင်းတွင်း တကယ့်ကျောင်းချိန် အချိန်ဇယားတွေထဲမှာ သင်ကြားပေးနိုင်ဖို့လည်းအစိုးရဘက်ကနေလည်းသေသေချာချာ ပညာရေးဌာနဘက်ကနေလည်းသေသေချာချာ ပြန်ပြီးတော့မှလုပ်ပေးဖို့လိုတာပေါ့ ဒါမှဘဲကလေးတွေကလည်းပိုပြီးတော့မှ Refrect ဖြစ်တာပေါ့။”လို့ ခူးပလုရယ်က ပြောပါတယ်။

အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာ၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ကျောင်းသားမိဘတွေကနေပြီး မဖြစ်မနေ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတဲ့အတွက်ကြောင့် ကျောင်းချိန်မှာ တိုင်းရင်းသားစာပေသင်ကြားနိုင်ရေးဟာ လွယ်မယောင်နဲ့ ခက်ခဲနေဆဲပါ။

ဒီးမော့ဆိုမြို့ အထက်တန်းကျောင်းတွေမှာတော့ ကယားစာပေနဲ့ ကယန်းစာပေကို ကျောင်းစာသင်ချိန် ပြင်ပချိန်မှာ သင်ကြားပေးလျက်ရှိပါတယ်။ ကယန်းစာပေကိုတော့ မနက် ၈ နာရီကနေ ၉ နာရီတစ်ချိန် ၊ ကယားစာပေကိုတော့ ကျောင်းဆင်းချိန် ညနေ ၃ နာရီကနေ ၄ နာရီထိ တစ်ချိန် သင်ကြားပေးနေတာပါ။

ကျောင်းစတင်ဖွင့်လှစ်တဲ့ ဇွန်လ ၁ ရက်နေ့ကနေ ယခု ဒီဇင်ဘာလကုန်အထိ သင်ကြားပေး နေတာဖြစ်ပါတယ်။ 
ဒါကြောင့် ကျောင်းမှာ မိခင်ဘာသာစကားသင်ကြားဖို့ အခက်အခဲတစ်ခုဖြစ်စေတဲ့ အကြောင်းအရာတစ်ခု လည်းဖြစ်လာပါတယ်။

တချို့ကျောင်းတွေမှာတော့ တိုင်းရင်းသားစာပေသင်ကြားပေးနိုင်ပြီဖြစ်ပေမယ့် ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းတော်တော်များများမှာ သင်ကြားခြင်း မပြုနိုင်ကြသေးပါဘူး။

အဓိကတော့ ကျောင်းအုပ်နဲ့ မိဘ ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကလည်း တိုင်းရင်းသားစာပေ စည်းရုံးသင်ကြားပေးနေရတဲ့အပိုင်းမှာ အခက်အခဲဖြစ်စေပါတယ်။

ဒီးမော့ဆိုမြို့ အထက်တန်းကျောင်းက အလယ်တန်းပြဆရာမ ဒေါ်ဂျဲနီဝင်းက 
“ကယားစာပေ ဆရာမ တွေကိုခန့်အပ်ပေးနိုုင်ရင် ပိုကောင်းတာပေါ့နော အဓိကကတော့ ကလေးတွေကိုစည်းရုံးရနည်းနည်းခက်ခဲတယ် အဲ့တာတစ်ခုပါဘဲ။”လို့ သူက ဆိုပါတယ်။

သင်ကြားပေးနေတဲ့ ဆရာ/မတွေအတွက်လည်း အစိုးရကနေ စပြီးတော့ ထောက်ပံ့ကြေးတွေပေးနေပြီဆိုပေမယ့်လို့ တစ်ချို့ကျောင်းတွေရသလို တစ်ချို့ကျောင်းတွေ မရသေးဘူးလို့လည်း သိရပါတယ်။ 
အခု ဒီးမော့ဆိုမြို့ အထက်တန်းကျောင်းက တိုင်းရင်းသားစာပေသင်ကြားပေးနေတဲ့ ဆရာမတွေကိုတော့ တစ်လလျှင် သုံးသောင်းနှုန်းဖြင့် ယခုနောက်ဆုံးသင်ကြားတဲ့ လရောက်မှ ထောက်ပံ့ကြေး စုစုပေါင်း ထုတ်ပေးမှာဖြစ်ပါတယ်။

အစိုးရဘက်မှလည်း တိုင်းရင်းသားစာပေသင်ကြားနိုင်ရေး ဘတ်ဂျက်တွေ ချထားတယ်လို့ ဆိုပေမယ့်လို့ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ချိတ်ဆက်ဆောင်ရွက်မှုမှာ ကွာဟမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒီအပေါ် ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ခူးပလုရယ်က “အဲ့ခါကြတော့ ဒါကအစိုးရဘက်ကသူတို့ချမှတ်ထားတဲ့ ဒီညွန်ကြားချက်တွေ ဒီဥပဒေတွေကို တကယ်လည်းလက်တွေ့အကောင်အထည်ဖော်ဖို့လိုတယ် ဆိုတဲ့ဟာပေါ့ သမန်ကာလျှံကာလုပ်လို့မရဘူးတိုင်းရင်းသားစာပေကို တစ်ခါတလေကြရင် ကျနော်တို့တွေ့တဲ့ဟာတွေဘာတွေလည်း ဆိုတာ တစ်ခါတလေကြရင် တိုင်းရင်းသားစာပေဆိုတော့လည်း ဒီလောက်အရေးမကြီးပါဘူးဆိုပြီး အလေးမထားတာမျိူးတွေ တွေ့ရတယ် ဒါမျိုးလုံးဝမလုပ်သင့်ဘူး။”လို့ ခူးပလုရယ်က ပြောပါတယ်။

စာပေနှင့်ယဉ်ကျေးမူကော်မတီအနေနဲ့လည်း စာပေနှင့်ပတ်သက်တဲ့ စာအုပ်တွေ သင်ရိုးတွေပြင်ဆင်ထားဖို့လိုအပ်နေပါသေးတယ်။ သို့မှသာ အခြေခံပညာကျောင်းတွေမှာ သင်ကြားရေးအပိုင်း အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်လို့ ခူးပလုရယ်က ဆက်ပြောပါတယ်။

မြို့ပေါ်နေထိုင်ကြတဲ့ မိဘတွေအများစုတွေဟာဆိုရင်လည်း မိမိတို့ရဲ့ ကလေးတွေကို မိခင်ဘာသာစကား အသုံးပြုတာတွေ နည်းပါးလာပြီး မျိုးဆက်သစ်တွေ မိခင်ဘာသာစကားကို မတတ်တော့တဲ့အတွက် ကျောင်းမှာ မိခင်ဘာသာစကားသင်ကြားဖို့ စိတ်ပါဝင်စားမှုအပိုင်းမှာ အားနည်းလာရတဲ့ အကြောင်းအရင်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

“ မြို့ပေါ်က ကလေးတွေက ကပ်ပြားများသည့်အတွက် မိခင်ဘာသာစကားကိုသိပ်မပြောကြတော့ဘူး။ ဒါကကျွန်မသင်ရတာနည်းနည်းအခက်အခဲရှိတာပေါ့။နောက်ပြီးတော့ကျွန်မတို့ကပ်ပြားကလေးက ဘာတွေများလည်းဆိုတော့ ကယားနှင့် ကယန်း၊ ကယားနှင့်ဂေဘား၊ဂေဘားနှင့် ကယော တွေများတာပေါ့။အဲ့ခါကြတော့ ကျွန်မတို့ကယားစာသင်တဲ့အခါနည်းနည်းအခက်အခဲရှိတယ် ဘာကြောင့်လည်းဆိုတော့မိဘတွေ မိဘကိုယ်တိုင်ကလည်းကယားစကားကိုမပြောပေးကြတော့ဘူး။ ကယန်းတွေလည်းကယန်းတွေမပြောပေးကြတော့ အဲ့တော့စကားကအစသင်ပေးရတော့အခက်အခဲလေးတစ်ချိူ့ရှိပါတယ်။”လို့ ဒီးမော့ဆိုမြို့ အထက်တန်းကျောင်းမှ ကယားစာပေသင်ကြားပေးနေတဲ့ အထက်တန်းပြဆရာမ ဒေါ်ရှားမိုးက ပြောပါတယ်။

တိုင်းရင်းသားစာပေ ရေရှည်သင်ကြားနိုင်ရေးအတွက် ပိုပြီးထိရောက်တဲ့ သင်ကြားရေးစနစ်တွေကို ပိုပြီးကောင်းမွန်လာဖို့က လွှတ်တော်ထဲမှာ ဆောင်ရွက်ပေးဖို့ အများကြီးလိုအပ်နေတာဖြစ်တဲ့အတွက် တိုင်းရင်းသားစာပေအဖွဲ့တွေကနေပြီး အဆိုတင်သွင်းစရာတွေ ရှိမယ်ဆိုရင် အဆိုတင်ပေးဖို့အဆင်သင့်ပဲလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“ကျွန်တော်တစ်ယောက်အနေနဲ့ ပြောရမည်ဆိုရင် ဒီစာပေနှင့်ပတ်သက်တဲ့ကိစ္စ ကတော့ ဒီလွတ်တော်ထဲမှာ လုပ်ဖို့တော့ အများကြီးလိုတာပေါ့နော အများကြီးထဲမှာမှ အဓိကကတော့ ကျွန်တော်တို့ကယားစာပေနှင့် ယဉ်ကျေးမူကော်မတီ နှင့် ချိတ်ဆက် ပြီးတော့မှ ကျွန်တော်တို့လုပ်ဖို့လိုအပ်တာပေါ့။”လို့
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

လက်ရှိကယား(ကရင်နီ)ပြည်နယ်မှာဆိုရင် ကျောင်းတွေမှာ ကယားစာပေနဲ့ ကယန်းစာပေတွေကိုသာ အများစုသင်ကြားနေကြတာဖြစ်ပြီး ကယောဒေသဘက်မှာ ကယောစာပေစတင် သင်ကြားပေးတဲ့ ကျောင်းတွေ ရှိလာနေပါပြီ။

ဒီဇင်ဘာလ ၂၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်က လူငယ်စကားဝိုင်းမှာဆိုရင်လည်း တိုင်းရင်းသားစာပေတွေအရေးနဲ့ပတ်သက်လို့ ဒေသခံလူငယ်ကိုယ်စားလှယ်တစ်ဦးက တင်ပြဆွေးနွေးခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီထက်မက ဆောင်ရွက်သွားနိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေတဆင့်လည်း စီစဉ်ဆောင်ရွက်ပေးမယ်လို့ ကတိပြုပြောထားပါတယ်။

Comments

comments

Next Post

နိုင်ငံခြားသားခရီးသည် လည်ပတ်ခွင့်မရှိသော ကယားပြည်နယ်ရှိ မြို့ ၃ မြို့အား ကန့်သတ်မှုမှ ပယ်ဖျက်

Fri Jan 26 , 2018
စည်သူ ယခင်က နိုင်ငံခြားသားခရီးသည်များ လည်ပတ်ခွင့်မရှိသော ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့တို့ကို ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကာ အဆိုပါမြို့များသို့ ၂၀၁၈ ဇန်နဝါရီလမှစ၍ ခွင့်ပြုမိန့်တင်စရာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်သည်။ ထို့ပြင် ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာနှင့် တနီးလာလဲကျေးရွာများတိုု့ကိုလည်း ကန့်သတ်နယ်မြေမှ ပယ်ဖျက်ပေးလိုက်ပြီဖြစ်သည်။ ၂၀၁၆ ခုနှစ်က ပြည်နယ်အစိုးရမှာ ဖွင့်လှစ်ခဲ့သော မယ်စဲ့ကုန်သွယ်ရေးစခန်းမှတဆင့် နိုင်ငံခြားသားများဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး အဆိုပါကန့်သတ်နယ်မြေများအား ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန(လွိုင်ကော်ရုံးခွဲ)၏ ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။ “ဒီမှာကိုယ်တို့ကတော့ မယ်စဲ့ နယ်စပ်ပေါက်ဖွင့်ဖို့အတွက် ရည်ရွယ်ထားပြီး ကန့်သတ်ပြီးပယ်ဖျက်ထားတဲ့သဘောပဲလေး။ ဟိုအရင်တုန်းကဆို အဲ့ဒီနေရာတွေက ကန့်သတ်နယ်မြေဖြစ်တယ်လေး။ ဘောလခဲ၊ ဖာဆောင်း၊ မယ်စဲ့တို့ဖက် သွားလို့မရဘူးလေး။ အခုလောလောဆယ်မှာ နယ်စပ်ပေါက်မဖွင့်သေးတော့ မရဘူးလေး ပြီးတော့ […]