ကန္တာရဝတီတိုင်း(မ်)

ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ဒေသခံအများစုသည် စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျှက်ရှိသည်။ စပါးစိုက်ပျိုးရန်အတွက် ရေရရှိသော နေရာများတွင် လယ်စပါးများ စိုက်ပျိုးကြရာ၌ ဈေးအတန်အတင့် ရရှိနေသော်လည်း၊ အခြား ကုန်းမြင့်ဒေသဘက်တွင် စိုက်ပျိုးသည့် စပါး၏ ဈေးကွက်သည် ကွာဟမှုများ ရှိနေသည်။

ကယားပြည်နယ်သည် ကုန်းမြင့်ဒေသအများစုဖြစ်ပြီး မြေပြန့်အနည်းငယ်သာ ရှိသည်။ ကုန်းမြင့် ဒေသဘက်တွင်အများစုနေထိုင်ကြသည့်အတွက် ရွေ့ပြောင်းတောင်ယာဖြင့် အသက်မွေးကြရသည်။ အဓိက ဝင်ငွေရရှိသော အရင်းအမြစ်မှာ ဆန်စပါးစိုက်ပျိုးခြင်း လုပ်ငန်းသာ ဖြစ်သည်။ သို့သော် အိမ်ထောင်စု အများစုသည် လယ်ယာစိုက်ပျိုးရေးတစ်ခုတည်းဖြင့် စားဝတ်နေရေး မဖူလုံနိုင်ပေ။

စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းကြသည့် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာကို ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (လွိုင်ကော်)မှ သုတေသနပြုလုပ်ခဲ့ရာတွင် အများစုက ၆ လအောက်သာ မိသားစုအတွက် ဖူလုံသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရိုးရာဓလေ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ရာ၌ အချို့သောနေရာများတွင် ကာလရှည်ကြာစွာ မြေယာအနားပေးခြင်းစနစ်ဖြင့် အသုံးပြုကြပြီး ရွှေ့ပြောင်းတောင်ယာ စနစ်ဖြင့်သာ အသက်မွေး ဝမ်းကြောင်းနေခြင်းဖြစ်သည်။

“ပြောင်းတို့ ပဲစင်းငုံ၊ မြေပဲတို့စိုက်ပီးတော့ ရောင်းတာကို အဓိကသူတို့ အားကိုးနေတာပေါ့။နောက်ပီးတော့ လယ်၊ စပါးပေါ့နော တောင်ယာစပါးကျ စီးပွားဖြစ် မရောင်းရဘူး လယ်စပါးကျတော့ အဝယ်ဒိုင် ရှိခါကျတော့ တစ်ချို့ကျရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုတာပေါ့နော။ အများအားဖြင့် ဒီစိုက်ပျိုးရေးမှာပေါ့နော အဓိက အသက်မွေးဝမ်းကျောင်းတယ်” လို့ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်းမှ စီမံကိန်းမန်နေဂျာ ဒေါ်ခရစ္စတီးနာက ပြောပါသည်။

ခူးပရာကျေးရွာကို မြေယာအသုံးချမှုနှင့် ကာဗွန်ပမာဏကို သုတေသနပြုလုပ်ထားရာတွင်ခူးပရာတောင်သူများ၏ ကောင်းမွန်ထိရောက်သည့် တောင်ယာအနားပေးခြင်း စီမံခန့်ခွဲမှုကြောင့် ရွှေ့ပြောင်းတောင်ယာ ရာသီစက်ဝန်း တစ်လျှောက်လုံးတွင် ကြွင်းကျန်အပင်များသစ်ပင်အဖြစ် ရှိနေသော အမြစ်ဖွာများနှင့် မြေဆီလွှာကာဗွန်တို့ကိုထိန်းသိမ်းစုဆောင်းထားသည်ဟု ဆိုထားသည်။

ထို့ကြောင့် ခူးပရာဒေသရှိ ရွေ့ပြောင်းတောင်ယာမြေများတွင် စုစုပေါင်းကာဗွန်သိုလှောင်မှုသည် အတော်အတန်ပင်ပေါများသည်ဟု ဖော် ပြထားသည်။ ကာဗွန်သိုလှောင်မှု ကောင်းစေသည့် အတွက်လည်း တစ်ဖက်တွင် သင့်တော်သည့် ရွေ့ပြောင်းတောင်ယာကို လုပ်ကိုင်စေနိုင်ရန် ကောင်းမွန်သည့် မြေယာအသုံးချမှု စီမံခန့်ခွဲမှုဖြင့် လုပ်ကိုင်၍ ဖြစ်သည်ဟုဆိုနိုင်ပါသည်။

သို့သော် ထွက်ရှိလာသည့်စပါးသည် စားဝတ်နေရေးပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ယခုကဲ့သို့သော ရွေ့ပြောင်းတောင်ယာကိုလည်း တစ်ဖက်မှာက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသည်ဟု ဆိုကာ ထိန်းသိမ်းဖို့ လည်း ပြောဆိုနေကြပါသည်။

“ရွေ့ပြောင်းတောင်ယာလုပ်တာဟာ သစ်တောတွေကို ခုတ်ပြီးမီးရှို့ရတယ်၊ ပြီးလို့ရှိရင် ပေါင်းလိုက်မယ်၊ အနားပေးမယ်လို့ ပြောတယ်ပေါ့နော၊ သစ်တောတွေခုတ်လိုက်ပြီဆိုရင် ကျမတို့ဒီးမော့ဆို အနောက်ဘက်မှာဆိုရင် တောင်ကတုံးတွေ ဖြစ်နေပြီ၊ အဲ့လိုသစ်တောတွေ ခုတ်ပြီးမီးရှို့တယ်ဆိုတော့ ကာဗွန်ဓာတ်ငွေ့တွေကို အများကြီးထုတ်စေတယ် ရာသီဥတုကို အများကြီးပြောင်းလဲစေတယ် ဒါကြောင့် ရွေ့ပြောင်းတောင်ယာလုပ်တာကို ထိန်းသိမ်းသင့်တယ်၊ ရွေ့ပြောင်းတောင်ယာအစား နှစ်ရှည်ပင်တွေကို ပြောင်းစိုက်သင့်တယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုထားသည်။

သို့သော် ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းသည် ရာသီဥတုကို မဆိုးရွားစေပဲ တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းစေကြောင်း ဒေါ်ခရစ္စတီးနာမှ ပြောကြားခဲ့ပါသည်။

“ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းအားဖြင့် တစ်နှစ်တစ်နှစ် သူတို့ခုတ်လိုက်တဲ့ သစ်ပင်တွေကနေ ပြန်ထွက်လာတဲ့ သစ်ပင်အရွက်နုတွေဟာ ကာဗွန်တွေကို အရမ်းစုပ်ယူပါတယ်။ ဒီနှစ်ရှည်ပင်ရဲ့ ကာဗွန်စုပ်ယူမှုနဲ့ ရွေ့ပြောင်းတောင်ယာတွေရဲ့ ကာဗွန်စုပ်ယူမှုနဲ့ မတူပါဘူး။ ရွေ့ပြောင်းတောင်ယာလုပ်ခြင်းက မြို့ပေါ်က ကားတွေစက်တွေထုတ်လွှတ်လိုက်တဲ့ ကာဗွန်တွေ စုပ်ယူတာ ဘယ်လောက်ကွာလဲဆိုတာ သိသိသာသာကို ကွာခြားပါတယ်” ဟု ဒေါ်ခရစ္စတီးနာက ပြောပါသည်။

သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ထိန်းသိမ်းမည့် နည်းပညာများ ၊ အထောက်အပံ့များကို အစိုးရကကောင်းမွန်သည့် မြေယာအသုံးချမှု စီမံချက်လည်း ဆောင်ရွက်ဖို့ လိုအပ်ပါသည်။ ၂၀၁၅ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာစာတမ်းတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု အတိုင်းအတာနှင့် ထိခိုက်စေသော အန္တရာယ်များကို လျှော့ချရန်နှင့် ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို ဖန်တီးရန် အသိပညာပေးခြင်း ၊ လက်တွေ့အထောက်အပံ့ပေးခြင်းတို့ဖြင့် ရွေ့ပြောင်းတောင်ယာကို ဖယ်ရှားသွားမည်ဟု ပါရှိသည်။

သို့သော်လည်း ကယားပြည်နယ်ဒေသ၏ လက်ရှိအခြေအနေတွင် ဒေသခံများစုက ရွေ့ပြောင်းတောင်ယာဖြင့်သာ အသက်မွေးနေကြရသည်။ တစ်ဖက်တွင်မူ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း ဥပဒေသည် ဗဟိုထိန်းချုပ်ထားသည်။ ပြည်နယ်အဆင့်တွင် စီမံခန့်ခွဲ၍လည်း မရနိုင်သေးသည့်အတွက် ပြည်နယ်အတွင်း ပြဿနာကိုမူ ပြည်ထောင်စုအဆင့် လယ်ယာမြေဥပဒေအတွင်း ထည့်သွင်းပြင်ဆင်ရန်လည်း ခက်ခဲနေသည်။ 

“သူက ရွှေ့ပြောင်းတောင်ယာနဲ့ ပတ်သက်ပြီး တရားဝင် ပြောမထားဘူး။ရွေ့ပြောင်းတောင်ယာနဲ့ပတ်သက်ပီး တစ်ကြောင်းပဲ ပါတယ်။ ဆိုတော့ ရွေ့ပြောင်းတောင်ယာဆိုတာက ဗဟိုမြေလယ်ယာခန့်ခွဲရေးရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတယ်” ဟု ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်းမှ စီမံကိန်းမန်နေဂျာ ကိုအောင်ခင်ဆင့်က ပြောပါသည်။

၂၀၁၆ ခုနှစ် အမျိုးသားမြေအသုံးချမှု မူဝါဒ တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချမှု အခွင့်အရေးများအပိုင်း(၈)တွင် ဌာနေ တိုင်းရင်းသားများ၏ ရိုးရာမြေအသုံးချမှု အလေ့အထများကို ထည့်သွင်း ပြဌာန်းထားသည်။ မိမိတို့ ဒေသအတွင်းရှိ ရွေ့ပြောင်းတောင်ယာဖြင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာလုပ်ငန်းများ၏ လိုအပ်ချက်များ ၊ ပြဿနာများသည် သက်ဆိုင်ရာဌာနေတိုင်းရင်းသားက အများဆုံရင်ဆိုင်ကြုံတွေ့နေကြရဆဲဖြစ်သည်။

ထို့ကြောင့် ပြည်နယ်အသီးသီးမှ ရွေ့ပြောင်းတောင်ယာနှင့် ပတ်သက်သည့် သုတေတသနပြုစာတမ်းများ ထွက်လာခဲ့ပြီး ဥပဒေပြုရေးကော်မတီသို့ တင်ပြနိုင်လျှင် ဥပဒေပြုရာတွင် ပိုမိုထိရောက်နိုင်မည်ဖြစ်ပေသည်။

ကောင်းမွန်သည့် ရွေ့ပြောင်းတောင်ယာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းစနစ် ပေါ်ထွန်း
လာနိုင်ရေးသည် ဒေသခံများအတွက် ပြည်နယ်အဆင့် ရေးဆွဲနိုင်ရန် ရှေ့ဆုံးကမားမားမတ်မတ် ကနဦးရပ်တည်တောင်းဆိုပေးရမည့်သူများမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်ပါသည်။

 

Comments

comments