spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၅၃၅မှတ်နဲ့ အမှတ်အများဆုံးအဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ မပန်းဖြူဖြူဝင်းနှင့် တွေ့ဆုံခြင်း

Author

Date

Category

မပန်းဖြူဖြူဝင်း

“(၁၀)တန်းဆိုတာ အရာအားလုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရေးတော့ကြီးပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်” ဟုဆိုလာတဲ့ ကယားပြည်နယ်မှာ ဘာသာစုံဂုဏ်ထူး ၅၃၅မှတ်နဲ့ အမှတ်အများဆုံးအဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ မပန်းဖြူဖြူဝင်းနှင့် တွေ့ဆုံခြင်း

နော်ဒွေးအယ်ခူ

ကန္တာရဝတီတိုင်း(မ်)စ် – ညီမရဲ့နာမည်ကို မိတ်ဆက်ပေးပါအုံး။

ပန်းဖြူဖြူဝင်း – သမီးနာမည်က မပန်းဖြူဖြူဝင်း ဖြစ်ပါတယ်ရှင့်။ အသက်က (၁၆)နှစ်ရှိပါပြီ။

ကန္တာရဝတီတိုင်း(မ်)စ် – မိသားစုအကြောင်းကိုလည်း မိတ်ဆက်ပေးပါ။

ပန်းဖြူဖြူဝင်း -မိသားစုက သမီးမွေးချင်းတော့မရှိပါဘူး။ သမီးတစ်ယောက်ထဲပါ။ အဖေက ဒေါက်တာအောင်ဆန်းဝင်းပါ။ အမေက ဒေါက်တာအေးကျော့ကျော့လင်းပါ။ အဖေက အခုလက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ  ဓတ်မှန်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်ရှင့်။

ကန္တာရဝတီတိုင်း(မ်)စ် – (၁၀)တန်းစာမေးပွဲကြီးကို ဘယ်ကျောင်းက အောင်မြင်ခဲ့တာလဲ။

ပန်းဖြူဖြူဝင်း – အထက(၁)လွိုင်ကော်မှာ (၁၀)တန်းစာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်)စ် – (၆)ဘာသာဂုဏ်ထူးရှင်တစ်ယောက်အနေနဲ့ ဝမ်းသာပီတီစကားလေးပြောပေးပါ။

ပန်းဖြူဖြူဝင်း – ဒီလို (၆)ဘာသာဂူဏ်ထူးထွက်တဲ့အတွက် အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီလိုထွက်လာတာက ဆရာ/မတွေကိုလည်း ကျေးဇူးဆပ်တဲ့သဘော၊ ပြည်နယ်ဂုဏ်ဆောင်တဲ့သဘော ဖြစ်တဲ့အတွက်လည်း အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်။

ကန္တာရဝတီတိုင်း(မ်)စ် – ခြောက်ဘာသာဂူဏ်ထူးရရှိအောင် ဘယ်လိုကြိုးစားခဲ့ရလဲ။

ပန်းဖြူဖြူဝင်း – ဂုဏ်ထူး(၆)ခုထွက်ရမယ်လို့ (၁၀)တန်းစတက်ခင်ကတည်းက ရည်စူးပြီး ကြိုးစားခဲ့ပါတယ်။ ညီမက Guide လည်းမရှိတော့ ကိုယ်လိုအပ်တဲ့ဘာသာကို ဖြည့်ဆည်းပြီးတော့ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်)စ် – ဂုဏ်ထူးမှတ်ရရှိအောင် ဘာသာရပ်အလိုက် ဘယ်လိုပြင်ဆင်ကြိုးစားခဲ့လဲ။

ပန်းဖြူဖြူဝင်း – မြန်မာစာဆိုလို့ရှိရင် အလွတ်ကျက်ရမယ့် ခက်ဆစ်တွေ၊ အလင်္ကာတွေ၊ ကောက်နုတ်ချက်တွေ၊ သဒ္ဒါအဓိပ္ပါယ်သတ်မှတ်ချက်တွေဆိုရင် အလွတ်ရအောင် တခါတည်း ပိုင်ပိုင်နိုင်နိုင်နဲ့ကျက်ပြီးတော့ စာမေးပွဲကြီးနီးတဲ့အချိန်မှာလည်း မေးခွန်းအစုံအလင်နဲ့ တစ်စုံပြီး တစ်စုံ သေသေချာချာလေ့ကျင့်ခဲ့ပါတယ်။ ပြီးတော့ စကားပြေ၊ ရေသည် အပုဒ်ရှည်တွေဆိုရင်လည်း ဆရာတွေရဲ့ စံပြအဖြေတွေကို နှိုင်းယှဉ်လေ့လာပြီးတော့ ကိုယ့်အရေးအသားနဲ့ကိုယ် ပြန်ဖြေနိုင်အောင်လို့ နှစ်စကတည်းကလေ့ကျင့်ခဲ့ပါတယ်။ စာစီစာကုံးဆိုရင်လည်း တစ်ပတ်ကို အနည်းဆုံးသုံးပုဒ်ပြီးအောင် ဖတ်ဖြစ်ပြီးတော့ ဘယ်လိုခေါင်းစဉ်လာရင် ဘယ်လိုအချက်အလက်မျိုးတွေ ထည့်ဖြေမလဲဆိုတာတွေကို တစ်ခါတည်း စဉ်းစားလေ့ကျင့်ခဲ့ပါတယ်။

အင်္ဂလိပ်စာဆိုရင်လည်း အရင်ကတည်းက အမှတ်အများကြီးရအောင် ဖြေမယ်ဆိုပြီးတော့ ရည်စူးခဲ့တာပါ။ Grammar ဆိုရင်လည်း ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လုပ်ပြီးတော့မှ ဆက်တိုက်လေ့ကျင့်ခဲ့ပါတယ်။ ညဏ်စမ်းဆိုရင်လည်း အမြဲလေ့ကျင့်ခဲ့ပါတယ်။ Easy, Letter ဆိုရင်လည်း တစ်လကို အနည်းဆုံး ၆ပုဒ်၊ ရပုဒ်လောက် လေ့ကျင့်ခဲ့ပါတယ်။ အားတဲ့အချိန်မှာလည်း Text တွေ Poem တွေကိုလည်း အသေးစိတ်ဖတ်ပြီးတော့ အပြန်ပြန်အလှန်လှန်ဖတ်ပါတယ်။

သချင်္ာဘာသာရပ်ဆိုလည်း ကိုယ်နဲ့မရင်းနှီးတဲ့ပုစ္ဆာတွေဆိုရင် ကိုယ်နဲ့ပိုရင်းနှီးအောင် ထပ်ခါထပ်ခါ တွက်ပါတယ်။ နားမလည်တာတွေရှိရင် ဆရာ/မတွေကို အကူအညီတောင်းပါတယ်။ ကိုယ်မပိုင်နိုင်သေးတဲ့အခန်းတွေ အတွက်လည်း အချိန်အများကြီးပေးပြီး ပြန်လည်လေ့ကျင့်ခန်း လုပ်ခဲ့ချိန်မှာလည်း သေချာလုပ်ခဲ့ပါတယ်။

Chemistry (ဓာတုဗေဒ)ဆိုရင်လည်း ပုံသေနည်းတွေကို အပြန်ပြန် အလှန်လှန် လေ့ကျင့်ပြီး ရေးခဲ့ပါတယ်။ ၁မှတ်တန်၊ ၂မှတ်တန် ညဏ်စမ်းအတွက်ပါရအောင် Textကို သေချာဖတ်ခဲ့ပါတယ်။ ပြီးတော့ အမှတ်ရမယ့်အခန်းတွေကို သင်ကတည်းက တစ်ခါတည်း လေ့လာကျက်မှတ်ခဲ့ပါတယ်။

Physic(ရူပဗေဒ)            ဆိုရင်လည်း တစ်ခန်းသင်ပြီးတိုင်း အဲတစ်ခန်းနဲ့ဆိုင်တဲ့ ပုံသေနည်းတွေ မေးခွန်းဟောင်းတွေကိုလည်း တစ်ခါတည်း အသေးစိတ် သေချာလေ့ကျင့်ခဲ့ပါတယ်။

Bio(ဇီဝဗေဒ)ဆိုရင်လည်း ကိုယ်မပိုင်တဲ့အပိုင်းတွေဆိုရင် အားတဲ့အချိန်မှာ သေချာလေ့ကျင့် ဆွဲပြီးတော့ ဒီစာမေးပွဲအတွက် အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်)စ် – ဒီလိုရလဒ်တွေနဲ့ ပတ်သက်ပြီး ကိုုယ့်ကိုယ်ကိုယ်ကော အားရကျေနပ်မှုရှိလား။

ပန်းဖြူဖြူဝင်း – ဂုဏ်ထူးခြောက်ဘာသာထွက်တာဆိုတော့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အခုညီမရမှတ်က ၅၃၅မှတ်ရှင့်။ တကယ်တော့ ညီမ ဒီထက်မှန်းခဲ့တာပါ။ ဒီလောက်ရတော့လည်း ဝမ်းနည်းတယ်လို့တော့မရှိပါဘူး။ နည်းနည်းတော့ အားမရဖြစ်မိပါတယ်။

ကန္တာရဝတီတိုင်း(မ်)စ် – ဘယ်ကျောင်းတွေ မှာ ပညာသင်ခဲ့ဖူးတာလဲ ညီမ။

ပန်းဖြူဖြူဝင်း – သူငယ်တန်းကနေ စတုတ္ထတန်းကို အမက၊ ကျောက်ဆည်မှာနေခဲ့ရပါတယ်။ ၂၀၁၂မှာ အဖေက လွိုင်ကော်ကို တာဝန်ကျတဲ့အတွက် (၅)တန်းနှစ်ကစလို့ အထက(၁) လွိုင်ကော်မှာပဲ နေခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်)စ် – အနာဂတ်ရည်မှန်းချက်အတွက်ကော ဘယ်ကျောင်းတက်ဖို့ ဆုံးဖြတ်ထားလဲ။

ပန်းဖြူဖြူဝင်း – ဆေးတက္ကသိုလ်တက်မှာပါရှင့်။

ကန္တာရဝတီတိုင်း(မ်)စ် – ကယားပြည်နယ်အတွက် ဘယ်အပိုင်းမှာ ပြန်ပြီးအကျိုးပြုချင်လဲ။

ပန်းဖြူဖြူဝင်း –  ဟုတ်ကဲ့။သမီးဆရာဝန်ဖြစ်တဲ့အချိန်မှာလည်း ဒီလွိုင်ကော်က တစ်ခြားနေရာထက်စာရင် ပိုပြီးအေးချမ်းပြီးတော့ ပျော်စရာကောင်းတယ်လို့ သမီးအနေနဲ့ထင်ပါတယ်။ ဒီနေရာကနေပဲ သမီးကိုအောင်မြင်အောင် ပြုစုပျိုးထောင်ပေးတဲ့အတွက် ကယားပြည်နယ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ ဆရာဝန်ဖြစ်ရင်လည်း ဒီနေရာမှာ ပြန်လာပြီး တာဝန်ထမ်းဖို့ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်)စ် – တက္ကသိုလ်ဝင် စားမေးပွဲကြီးကို မအောင်မြင်ခဲ့တဲ့သူတွေအတွက်လည်း ဘယ်လိုအားပေးချင်လဲ။

ပန်းဖြူဖြူဝင်း – (၁၀)တန်းဆိုတာ အရာအားလုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရေးတော့ကြီးပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တဲ့စိတ်နဲ့ ကြိုးစားမယ်ဆိုရင် ပြန်ပြီးတော့ အဆင်ပြေသွားမှာပါ။

ကန္တာရဝတီတိုင်း(မ်)စ် – (၁၀)တန်းတက်မည့် ကျောင်းသူ/သားတွေကို ညီမလိုမျိုး ရလဒ်ကောင်းထွက်ဖို့အတွက် အားပေးစကားပြောပေးပါအုံး။

ပန်းဖြူဖြူဝင်း -(၁၀)တက်မယ့် မောင်လေး၊ ညီမလေးတွေအတွက်ပေါ့နော (၁၀)တန်းကို နှစ်စကတည်းက သေသေချာချာ စာတွေ ပုံမှန်လုပ်မယ်။ ကိုယ့်ရဲ့ဇွဲ၊ ရည်မှန်းချက်ကို တသမတ်တည်းထားပြီးတော့ အစကတည်းက သေချာကြိုးစားမယ်ဆိုရင် ဒီစာမေးပွဲကြီးကိုလည်း ပေါ့ပေါ့ပါးပါးဖြေဆိုနိုင်ပြီးတော့ ရည်မှန်းထားတဲ့အတိုင်း ဖြစ်မှာပါ။

ကန္တာရဝတီတိုင်း(မ်)စ် – ညီမအနေနဲ့ ထပ်ပြီးဖြည့်စွက်စကားလေး ပြောပေးနိုင်ပါတယ်။

ပန်းဖြူဖြူဝင်း – ဒီလို တက္ကသိုလ်ဝင်စာမေးပွဲကို  (၆)ဘာသာဂုဏ်ထူးထွက်ပြီးတော့ အမှတ်များများနဲ့ဖြေဆိုအောင်မြင်တာ သမီးတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုတော့မဟုတ်ပါဘူး။ ဘေးကနေလိုလေသေးမရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့တဲ့ အဖေရယ်၊ အမေရယ်၊ အဖွားကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ လိုအပ်တာတွေ ဖြည့်ဆည်းပေးပြီးတော့ စာတွေသာမကဘူး စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကူညီပံ့ပိုးသင်ကြားပေးခဲ့တဲ့ ဆရာ/မများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။

ကန္တာရဝတီတိုင်း(မ်)စ် – ခုလို မေးသမျှကို ဖြေကြားပေးတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။

 

 

 

spot_img
spot_img

Recent posts