spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကရင်အမျိုးသားပါတီကနေပြီး ကယားပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်

Author

Date

Category

နော်ဒွေးအယ်ခူ

ကရင်အမျိုးသားပါတီ (KNP) ကနေပြီး ကယားပြည်နယ်ဖားဆောင်းမြို့နယ်ရှိ မဲဆန္ဒနယ်သုံးခုမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားပါတီ (KNP) မှ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောပါတယ်။

“ကရင်အမျိုးသားပါတီဆိုတာ ကရင်အမျိုးသားရှိတဲ့နေရာတိုင်းမှာ ကျနော်တို့က ပါတီထူထောင်လို့ရတယ်။ ကယားပြည်နယ်မှာလည်း ကရင်လူမျိူးတွေရှိတယ်ဆိုတာ တွေ့ရတယ်။ သူတို့ကလည်း ကရင်အမျိုးသားပါတီတစ်ခုခုနဲ့ လုပ်ချင်တယ်ပေါ့။ အခုရွေးကောက်ပွဲမှာ ကယားပြည်နယ်မှာရှိတဲ့ ဖားဆောင်းမြို့နယ်ကနေပြီးတော့ သုံးနေရာဝင်ပြိုင်မယ်ဆိုပြီးတော့ စီစဉ်ထားတာရှိတယ်။ ကိုယ်စားလှယ်လောင်းအမည်တွေလည်း ရွေးကောက်ပွဲကော်မရှင်ကို အကုန်လုံးတင်ပြီးပြီ”လို့ မန်းကျော်ငြိမ်းကပြောပါတယ်။

ဖားဆောင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) မှာ ကိုယ်စားလှယ်လောင်းတစ်ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှာ ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းတစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

KNP ပါတီကနေပြီး ကယားပြည်နယ် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ကရင်အမျိုးသားရေးလုပ်ရှားသူတွေကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူကိုယ်တိုင် ရွေးချယ်ပေးထားခြင်းဖြစ်ကြောင်း မန်းကျော်ငြိမ်းက ဆက်လက်ပြောပါတယ်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဖားဆောင်းမြို့နယ်ကနေ KNP ကိုယ်စားလှယ်လောင်းတွေ မဲဆန္ဒနယ်အားလုံးမှာ ကရင်လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်ရှိနေတာကြောင့် အနိုင်ရရှိဖို့မျှော်မှန်းထားကြတယ်လို့ဆိုပါတယ်။

လက်ရှိမှာလည်း ကိုဗစ်ကာလဖြစ်နေတဲ့အတွက် မဲဆွယ်ကာလမှာ စည်းရုံးရေးဆင်းဖို့ အခက်အခဲရှိနေပြီး လူမှုကွန်ယက်မှတဆင့် ကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်ပေးခြင်း၊ အိမ်တိုင်ရာရောက် ကွင်းဆင်းမိတ်ဆက်တာတွေ လုပ်နေကြပါတယ်။

KNPအနေဖြင့် ရွေးကောက်ပွဲမှာ အနိုင်ရရှိပါက ဌာနေတိုင်းရင်းသားရဲ့ မြေယာဆုံးရှုံးမှုတွေ၊ သယံဇာတခွဲဝေသုံးနိုင်ရေးတို့ကို ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောဆာကပရူရှီးက ပြောပါတယ်။

“ကျနော်တို့ဒေသခံတွေ ဌာနေတိုင်းရင်းသားတွေ နစ်နာဆုံးရှုံးတဲ့ မြေယာတို့ သယံဇာတတို့ အခုလောလောဆယ် မော်ချီးမှာ သယံဇာတနဲ့ပတ်သက်ပြီးတော့မှ ဌာနေတိုင်းရင်းသားတွေ အလူးအလဲခံနေရတာကိုး။ အဲဒါတွေအတွက် တိုက်ပွဲဝင်ရမှာပေါ့။ အကြီးအကျယ် မေးခွန်းထုတ်ရမှာပေါ့။ ဒါက တရားမျှတမှုမရှိဘူး။ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ နစ်နာတယ်။ ဒါကတော့ သတ္တရှိရှိချပြောရမှာပေါ့” လို့ ပြောပါတယ်။

ကရင်အမျိုးသားပါတီအနေနဲ့ ကယားပြည်နယ်ရှိ မဲဆန္ဒနယ် သုံးနေရာတွေမှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းမှာ တစ်နေရာ၊ ဧရာဝတီတိုင်းမှာ ရှစ်နေရာ၊ ပဲခူးတိုင်းမှာ တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

spot_img
spot_img

Recent posts