spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီတပ်မတော် (K-Army) အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် တွေ့ဆုံခြင်း

Author

Date

Category

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် ရှိလာခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော် (K-Army) အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီး နဲ့ ကန္တာရဝတီတိုင်းမှ တွေ့ဆုံမေးမြန်းထားတာတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အတွင်း အခြေအနေနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။

ဗိုလ်မှူးကြီး ။ ။ကရင်နီပြည်တွင်းမှာပေါ့နော ၅လပိုင်း ၂၀ရက်နေ့မှာစပြီးတော့ တိုက်ပွဲတွေဖြစ်တယ် အဲ့ဒီတိုက်ပွဲကနေပြီးတော့ ကနေ့အထိပေါ့နော ဖြစ်နေပါတယ်။ ဖြစ်တဲ့တိုက်ပွဲတွေကလည်း တော်တော်ပြင်းထန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲတွေက မြို့ပေါ်မှာစတာကိုး။ မြို့ပေါ်မှာစခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်ခါကျတော့ အခု သူတို့ ဒီမြို့ကိုပြန်ပြီး ထိန်းချုပ်နိုင်ဖို့ သူတို့က အဖက်ဖက်က စစ်အင်အားတွေ ဖြည့်တင်းတာကို တွေ့မြင်ရတယ်။ အဲ့ဒီအပေါ်မှာ တိုက်ပွဲတွေက ပိုပြီး ဆိုးဝါးလာပြီးတော့ ပြင်းထန်လာတာကို တွေ့ရတယ်။ တိုက်ပွဲတွေမှာ လေယာဉ်အကူပစ်တို့၊ တာဝေးပစ်အမြှောက်တွေနဲ့လည်း ပစ်ခတ်တာကိုတွေ့ရတယ်။ အဖက်ဖက်က အကူစစ်အင်အား တိုးချဲ့တာကိုတွေ့ရသလို လေကြောင်းအကူပစ်နဲ့ တာဝေးပစ်အမြှောက်တွေကအစ မြို့တွေ ရွာတွေကို ခြေမှုန်းနေတာဖြစ်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီမော့ဆိုမြို့နယ်အတွင်းမှာ ရရာလက်နက်စွဲကိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ပြည်သူလူထု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဘယ်လိုမြင်လဲ။

ဗိုလ်မှူးကြီး။ ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စတင်ပေါ်ပေါက်လာတဲ့ တိုက်ပွဲတစ်ခုလို့ ကျတော်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအာဏာသိမ်းစစ်တပ်ကို အလိုမရှိကြဘူး။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် မြို့ပေါ်ကလူငယ်တွေ ပြည်သူတစ်ရပ်လုံးပါဝင်လာတဲ့ တိုက်ပွဲတစ်ခုဖြစ်တယ်။ ဒီတိုက်ပွဲကလည်း စစ်အာဏာရှင်စနစ်ကို အလိုမရှိတာဖြစ်တယ်။ ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တယ် ဆန္ဒပြခဲ့တယ် ဆိုတော့ အဲ့ဒီအပေါ်မှာ သူတို့က လက်နက်အားကိုးပြီးတော့ နှိမ်နှင်းလာတာကိုတွေ့ရတယ်၊ ဖြိုခွင်းလာတာကိုတွေ့ရတယ် နောက်ဆုံး ကျည်အစစ်နဲ့ ပစ်ခတ်တာကိုတွေ့ရတယ် အဲ့လိုပစ်ခတ်မှုတွေရှိလာတယ်။ အဲလိုဖြစ်လာတဲ့အပေါ်မှာ နောက်ဆုံး လူထုအနေနဲ့သော်လည်းကောင်း လူငယ်သော်လည်းကောင်း လက်နက်ကိုလက်နက်ချင်းယှဉ်ပြီး တိုက်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ နောက်ဆုံး ရရာလက်နက်ကိုစွဲကိုင်ပြီးတော့ ဒီအာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆက်လက် တိုက်ပွဲဝင်ကြတဲ့အပေါ်မှာ ကျတော့်အနေနဲ့ ဂုဏ်ယူပါတယ် ၊ လေးစားပါတယ် သူတို့စိတ်ဓာတ်ကိုလည်း ချီးကျူးပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဗိုလ်မှူးကြီးတစ်ယောက်အနေနဲ့ ရပ်တည်ချက်ကကော ဘယ်လိုရှိလဲ။

ဗိုလ်မှူးကြီး ။ ။ ပြည်သူလူထုဖက်ကနေ ရပ်တည်ရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကရင်နီခုခံတော်လှန်ရေးစကတည်းကိုက တိုင်းပြည်ပြန်လည်ရရှိရေး ကရင်နီအမျိုးသားဘဝ လွတ်မြောက်ရေးအတွက် ကျတော်တို့က ခုခံတော်လှန်ရေးကို စခဲ့တာဖြစ်တယ်။ ဒါကြောင့် ကျတော်တို့အနေနဲ့ ပြည်သူဖက်ကနေ ရပ်တည်ရမှာပဲ။ ကျတော်တို့ပြည်သူကိုလည်း ကျတော်တို့ ကာကွယ်ရမှာပဲလေ။

ကန္တာရဝတီတိုင်း(မ်) ။ ။ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးဖို့ ပြောလာခဲ့မယ်ဆိုရင် ဗိုလ်မှူးကြီးတစ်ယောက်အနေနဲ့ ဘယ်လိုတုန့်ပြန်ပြောဆိုချင်လဲ။

ဗိုလ်မှူးကြီး ။ ။ ကျတော့်တစ်ယောက်အနေနဲ့ ဒီချိန်မှာ ကျတော်တို့ကို ကမ်းလှမ်းလာမယ်ဆိုရင်တောင် ကျတော်တို့ကတော့ ဆွေးနွေးစရာအကြောင်းမရှိဘူး ဘာကြောင့်လဲ သူတို့က တရားဝင်အစိုးရလည်းမဟုတ်ဘူး။ တရားဝင်အသိအမှတ်ပြုခံရတဲ့ အဖွဲ့အစည်းတစ်ခုလည်းမဟုတ်ဘူး။ အကယ်၍ သူတို့ကနေ ကမ်းလှမ်းလာမယ်ဆိုရင်ဖြင့် ကျတော်တို့အနေနဲ့ လက်ခံစရာအကြောင်းမရှိသလို သူတိုနဲ့လည်း ကျတော်တို့ ဆွေးနွေးစရာအကြောင်းမရှိပါဘူး။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီမော့ဆိုမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်အင်အား အများအပြားတိုးချဲ့လာတဲ့အပေါ်မှာ ဘယ်လို ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုမြင်လဲ။

ဗိုလ်မှူးကြီး ။ ။ ကျတော်တို့တိုက်ပွဲက မြို့ပေါ်မှာစတာဖြစ်တယ်။ မြို့ပေါ်မှာစတော့ မြို့ကိုပြန်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အားတွေပြန်ပြီး ဖြည့်တင်းရတယ် အဖက်ဖက်ကနေ စစ်အင်အားတွေပို့တယ် စစ်အင်အားတွေဖြည့်တယ် ဖြည့်ပြီး သူတို့က အဓိက မြို့တွေကို ပြန်ပြီးတော့ ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်။ ပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အားကော လက်နက်အင်အားကော အကူပစ်တွေကော အမြှောက်တွေကော ဂျက်လေယာဉ်နဲ့ကော မြို့တွေ ရွာတွေကိုပဲ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ် ဒါကတော့ မဖြစ်သင့်ဘူး ကျတော်မြင်တယ်။ ဆိုလိုတာက သူတို့က လူထုကိုပဲ ပစ်မှတ်ထားပြီးတော့ တိုက်နေတာ။ ဆိုတော့ လူထုကိုပစ်မှတ်ထား တိုက်လာတော့ လူထုတွေကလည်း နေလို့မရတော့ဘူး။ နောက်ဆုံး မြို့ ရွာကနေ ထွက်ပြေးပြီးတော့ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်တဲ့ အနေအထား ရောက်သွားတယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ရှိတဲ့နေရာထိ လက်နက်ကြီးပစ်ခတ်တာတွေ တပ်စွဲတာတွေရှိတယ် ဒီအပေါ်မှာကော ဘယ်လိုမြင်လဲ။

ဗိုလ်မှူးကြီး ။ ။ ယုတ်မာ ကောက်ကျစ်တဲ့လုပ်ရပ်တွေဖြစ်တယ်။ လူထုကို ပစ်မှတ်ထားဖို့မသင့်ဘူးပေါ့။ သူတို့က လူထုကိုပဲ ပစ်မှတ်ထားပြီး တိုက်နေတဲ့ခါကျတော့ တိမ်းရှောင်တဲ့ လူထုတွေကို လိုက်ပြီး တိုက်နေတာတွေ့ရတယ်။ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ လူထုကိုပစ်မှတ်ထားပြီး တိုက်တယ်ဆိုကတည်းက တော်တော့်ကို အင်မတန်မှ ယုတ်မာတယ် ကောက်ကျစ်တယ်ပေါ့ အဲလိုပဲ နားလည်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ အကြမ်းဖက်စစ်ကောင်စီတပ်ကနေပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒီမော့ဆိုမြို့တိုက်ပွဲတစ်ခုမှာ ရဟတ်ယာဉ်သုံးပြီတိုက်ခိုက်တာရှိတယ် ဒီအပေါ်မှာကော ဘာပြောချင်လဲ။

ဗိုလ်မှူးကြီး ။ ။ လေယာဉ်သုံးပြီး တိုက်ခိုက်တာမျိုး တာဝေးပစ်အမြှောက်တွေပေါ့ ဒါသုံးပိုင်ခွင့်မရှိပါဘူး။ ပြည်တွင်းစစ်မှာ ဒါတွေက သုံးပိုင်ခွင့်မရှိဘူး။ သုံးပိုင်ခွင့်မရှိပေမယ့်လည်း သူတို့ရဲ့ ယုတ်မာမှု ကောက်ကျစ်မှုအပေါ်မှာ သက်သက်ကို ပြည်သူလူထုကိုပစ်မှတ်ထားပြီး တိုက်တာဖြစ်တယ်။ စစ်ဘေးရှောင်တဲ့ ပြည်သူလူထုတွေကိုလည်း လိုက်ပြီး တိုက်ခိုက်တာဖြစ်တယ်။ အခုအခြေအနေအရဆိုရင် သူတို့ဒီလို အင်အားဖြည့်တင်းပြီးတဲ့နောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးကိုလုပ်နေတာဖြစ်တယ်။ အဲ့လို နယ်မြေရှင်းလင်းရေးလုပ်တဲ့နေရာမှာ စစ်ဘေးရှောင်နေရာအထိ ရှင်းလင်းတာရှိလာတယ်။ အဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်တယ် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနီးကရွာတွေကို တာဝေးပစ်အမြှောက်တွေနဲ့ အကူပစ်တယ်။ ဒီမြို့ ဒီရွာ ဒီနယ်မြေမှာ လူထုတွေ ထွက်သွားအောင် တိုက်ထုတ်တာပဲဖြစ်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကရင်နီတပ်မတော်အနေနဲ့ ကရင်နီပြည်တွင်း တိုက်ပွဲမှာ ပါဝင်တဲ့ကဏ္ဍရှိလား။

ဗိုလ်မှူးကြီး ။ ။ ပူးပေါင်းပါဝင်တာထက် ကျတော်တို့နယ်မြေကိုတော့ ကျတော်တို့ကာကွယ်ရမှာပဲ။ ကျတော်တို့ပြည်သူလူထုကိုလည်း ကာကွယ်ရမှာပဲ။ ကာကွယ်တဲ့အနေအထားကနေပြီး ပါဝင်တာလောက်ပဲရှိပါတယ်။ ကာကွယ်ရမယ့်တာဝန် ကျတော်တို့မှာ ရှိပါတယ်။ ကျတော်တို့မြို့ ကျတော်တို့ရွာ ကျတော်တို့ပြည်သူလူထုကို ကာကွယ်တဲ့အနေအထားကနေပြီးတော့ ပါတာပဲရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကို အားကိုးအားထားနေတဲ့ ပြည်သူလူထုတွေကို ဘာသတင်းစကားပြောကြားချင်လဲ။

ဗိုလ်မှူးကြီး ။ ။ မြို့ပေါ်မှာ ဆန္ဒပြတဲ့အချိန်မှာ တစ်နိုင်ငံလုံးပေါ့ ကျတော်တို့ကရင်နီတစ်ပြည်ထဲ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ လူထုအုံကြွမှုတွေပေါ်ပေါက်လာတယ်။ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ဆန္ဒပြပြီး တိုက်ပွဲဝင်လာကြတယ် တိုက်ပွဲဝင်တဲ့အခါမှာ စစ်တပ်ရဲ့ပစ်ခတ်ဖြိုခွင်းမှု ခံရတယ် နောက်ဆုံး ကျည်အစစ်နဲ့သုံးပြီး ဗြောင်ဗြောင်းပစ်သတ်တာတွေရှိခဲ့တယ်။ အဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ငြိမ်နေကြတယ် ဘားမှထမလုပ်ကြဘူး ပြည်သူလူထုကတော့ ကျတော်တို့အပေါ်မှာ အားမလိုအားမရဖြစ်တယ်ပေါ့။ ဒီအချိန်မှာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘာလုပ်နေကြလဲ၊ ကျတော်တို့လူထုတစ်ရပ်လုံးကတော့ မြို့ထဲမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြပြီ တိုက်ပွဲဝင်တဲ့အပေါ်မှာလည်း ဒီလိုပစ်ခတ်ဖြိုခွင်းမှုတွေခံနေရပြီ ကျည်အစစ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါ်မှာ သူတို့ကတော့ တော်တော်လေးမျှော်လင့်ကြတယ် တိုက်ပေးပါ။ ဝင်ပေးပါ။ တောင်းဆိုမှုတွေရှိလာတယ်။ အဲလိုအပေါ်မှာ အဖွဲ့အစည်းတိုင်းကလည်း သူ့အခြေအနေတော့ရှိကြမှာပေါ့။ အခြေအရပေါ့ ပြင်ဆင်မှုတွေလည်းလုပ်ရတာရှိတယ်။ အခုတော့လည်း ရှောင်လွဲလို့မရတော့ပါဘူး စစ်ဖြစ်နေပြီ ကရင်နီပြည်တွင်းမှာ။ ကိုယ့်မြို့ ကိုယ့်ရပ်ကို ကာကွယ်ရမယ့်အနေအထားမှာရောက်တော့ အဲ့လိုပါဝင်တာရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ လာမယ့် ရှေ့အနာဂတ်မှာ ကရင်နီပြည်နယ်ကို ဗိုလ်မှူးကြီးတစ်ယောက်အနေနဲ့ ဘယ်လိုပုံစံဖြစ်စေချင်လဲ။

ဗိုလ်မှူးကြီး ။ ။ ငြိမ်းချမ်းတဲ့ပြည်နယ်တစ်ခုတော့ ဖြစ်စေချင်တယ်ပေါ့ ငြိမ်းချမ်းတဲ့ပြည်နယ်ဖြစ်ရမယ် တိုးတက်ဖွံ့ဖြိုးတဲ့ပြည်နယ်ဖြစ်စေချင်တာပေါ့။ ဘာကြောင့်လဲ စစ်ဖြစ်ခဲ့တာလည်း နှစ်ပေါင်း ၇၀ ရှိပြီလေး။ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကို လက်နက်ပဲအားကိုးပြီး ဖြေရှင်းမယ်ဆိုရင်တော့ ဘယ်လိုမှ စစ်က ပြီးမှာမဟုတ်ဘူးလေ။ ဆိုတော့ အဲ့အပေါ်မှာ ငြိမ်းချမ်းရေးအပစ်ခတ်ရပ်စဲရေးတွေ လုပ်ခဲ့တယ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ် ငြိမ်းချမ်းရေးစကားပြောခဲ့တယ်။ ဒါပေမယ့်လည်း မျှော်လင့်ထားသလို မဖြစ်လာဘူးပေါ့နော။ ကနေ့ စစ်တပ်ကနေပြီး အာဏာပြန်သိမ်းပြီးတော့ တိုင်းရင်းသားနယ်မြေတွေမှာ အခုလို ပြင်းပြင်းထန်ထန်ထိုးစစ်တွေ ပြန်ဆင်ပြီး တိုက်ခိုက်လာတဲ့အပေါ်မှာတော့ လုံးဝမကောင်းတဲ့ လက္ခဏာတစ်ခုပါ။ ကျတော်တို့ မြင်တွေ့လိုတဲ့အရာမဟုတ်ဘူး ဒါပေမယ့် ရှောင်လွဲလို့မရတဲ့ အခြေအနေမှာရောက်သွားပြီ။ ဆိုတော့ ကျတော်တို့ကို ကျတော်တို့ကတော့ ပြန်ကာကွယ်ရမှာပဲ။ မြင်တွေ့လိုတာကတော့ တကယ့်ငြိမ်းချမ်းတဲ့ ပြည်နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်တစ်ခုတော့ အနာဂတ်မှာ ဖြစ်စေချင်တာပေါ့။

ကန္တာရဝတီတိုင်း(မ်)။ ။ ကျေးဇူးတင်ပါတယ်။

spot_img
spot_img

Recent posts