spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဦးဆောင်ကော်မတီတစ်ဦးနှင့် KNDF အခြေအနေအား မေးမြန်းခြင်း။

ကန္တာရဝတီတိုင်း(မ်) ။ ။ KNDF ရဲ့ လက်ရှိ အခြေအနေဘယ်လိုရှိလဲ ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။

KNDF ။ ။ ကျတော်တို့ KNDFတပ်ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ တိုက်ပွဲစဖြစ်သွားတယ် အခုမှပဲ ပြန်လည်စုစည်းတယ်ပေါ့ ကျတော်တို့တပ်ရင်း (၁၈)ရင်းပေါ့နောထွက်လာလိမ့်မယ် ပြီးတော့ တပ်ရင်းအလိုက် လူအင်အား လက်နက်အင်အားတွေ သိလာလိမ့်မယ်။ ဒီလပိုင်းထဲမှာပဲ စစ်ကောင်စီက ကျတော်တို့နေရာတွေကို ပိုပြီးမှ နယ်မြေရှင်းလင်းတာ လုပ်တဲ့အတွက် တိုက်ပွဲတွေ အနည်းနဲ့အများဖြစ်နိုင်တယ် တိုက်ပွဲဖြစ်ရင်တော့ ကျတော်တို့က ဒီတစ်ကြိမ်တော့ ပိုပြီးတော့မှ ပြင်ပြင်ဆင်ဆင်နဲ့ ဖြစ်သွားလိမ့်မယ်။ အထူးသဖြင့်အမိန့်ပေးတဲ့ပုံ လက်နက် ကျည်ဆံတွေ လက်နက်အမျိုးအစားတွေ ဖြည့်ဆည်းတဲ့ပုံတွေ ဘယ်တပ်ဘယ်နေရာမှာ တိုက်ခိုက်မယ်ဆိုတဲ့ဟာကို ကျတော်တို့ ကောင်းကောင်း ဂဃ အလုပ်လုပ်နိုင်လိမ့်မယ်ပေါ့ ယုံကြည်တယ်။ တစ်ဖက်မှာကျတော့ တပ်က လောလောဆယ်ဆယ်ထိ ပံ့ပိုးမှုတွေ အားနည်းနေတုန်းပေါ့ ကျတော်တို့တစ်နိုင်တစ်ပိုင်လုပ်ရှားတဲ့ဟာပဲ ဖြစ်ပြီးမှ NUG ဆီကနေလည်း အကူအညီတွေ မရှိသေးဘူးပေါ့ ကျတော်တို့ချိတ်ဆက်ဖို့ကြိုးစားနေသလို တစ်ဖက်မှာလည်း တိုက်ပွဲတစ်ခုလုံးအတွက် ပိုကောင်းတဲ့ ပံ့ပိုးမှုတွေ ပိုကောင်းတဲ့ ဖြည့်ဆည်းမှုတွေ သွားနိုင်ဖို့ ပြင်နေတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲ့တော့ ဒီတပ်ကတော့ ကျတော်တို့ မျှော်လင့်ထားတာကတော့ စစ်အာဏာရှင်ပြုတ်ကျသွားရင် ကျတော်တို့ရဲ့ ပြည်နယ်သားအဖြစ် ဖက်ဒရယ်သားအဖြစ် ပြန်ပြောင်းမယ် အရပ်သားအစိုးရအောက်မှာ လူထုရဲ့အချုပ်အခြာအာဏာနဲ့ တင်မြှောက်ထားတဲ့ အစိုးရအောက်မှာ အရပ်သားအနေနဲ့ ပြန်ဖြစ်မယ်ပေါ့နော။ တစ်ဖက်မှာကလည်း လူထုတော်တော်များများက အရပ်သားအနေနဲ့ ပြန်နေမယ့်သူရှိတဲ့အတွက် သူတို့ရဲ့ ပရိုဖိုင်း သူတို့ရဲ့ပါဝင်ပတ်သက်ခဲ့မှုတွေကို ကျတော်တို့က မှတ်တမ်းမှတ်ရာမှာ ပြန်ဖျက်ပေးပြီးတော့ အရပ်သားတစ်ယောက် ဖြူဖြူစင်စင်နဲ့ ပြန်နေနိုင်ဖို့ သူတို့ကို ကျတော်တို့ ခွင့်ပေးထားတဲ့အနေအထားမျိုး ဖြစ်တယ်ပေါ့။ဆိုတော့ ဒါက ကျတော်တို့ရဲ့အခြေအနေ။ နောက်တစ်ခုကတော့ လက်ရှိ ကျတော်တို့ရဲ့ ပြည်နယ်မှာ KNDF က PDFတွေနဲ့ ဖွဲ့ထားတဲ့အတွက် ကျတော်တို့မှာ ဗျူဟာတွေ စစ်ဦးစီးတွေ လိုတယ်။ ဆိုတော့ ကျတော်တို့သဘောတူညီချက်အရ လက်ရှိ ကရင်နီတပ်ပေါ့နော ကရင်နီတပ်မတော် ကေအဲန်ပီပီရဲ့ စစ်ဦးစီးချုပ်က KNDF စစ်ဦးစီးချုပ်ပဲဖြစ်မှာပေါ့။ KNDF တပ်ဖွဲ့ ရဲ့ လုပ်ငန်းအားလုံးရယ် တပ်ထောက်ပို့ ကိစ္စအားလုံးပေါ့ တပ်တွင်း စုစည်းမှုတွေ အားလုံးက KNDF မှာပဲ အဓိက တာဝန်ခံပြီး လုပ်ရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ပြည်နယ်အတွင်းမှာ အပစ်ခတ်ရပ်စဲရေး လုပ်ထားတယ်ဆိုတော့ ဘယ်လိုအကြောင်းကြောင့် လုပ်ထားတာလဲ ရှင်းပြပေးပါအုံး။

KNDF ။ ။ အပစ်ခတ်ရပ်စဲရေးကတော့ ကျတော်တို့ KNDF နဲ့ စစ်တပ်နဲ့ ဆွေးနွေးပြီး လုပ်ထားတဲ့ အပစ်ခတ်ရပ်စဲရေး မဟုတ်ဘူးပေါ့နော။ တစ်ဖက်မှာတော့ ဘာသားရေးခေါင်းဆောင်တွေနဲ့ ကယန်းပြည်သစ် ကလလတကနေပြီး အပစ်ခတ်ရပ်စဲရေး ခနလေး လုပ်ပေးဖို့ သွားရောက်ညှိနိုင်းတဲ့ပေါ် မူတည်ပြီးတော့မှ ကျတော်တို့က လူထုတွေ တချို့ ရိက္ခာမယူရသေးတဲ့သူတွေ တချို့မရှောင်နိုင်သေးတဲ့ သူတွေအတွက် အခွင့်အရေးရအောင် ရှောင်လို့ရအောင် လုပ်တဲ့သဘောလည်းဖြစ်တယ် အဲ့ဒီအပေါ်မှာပဲ ကျတော်တို့ လက်သင့်ခံထားတယ်ပေါ့။ ဒါပေမယ့် စစ်ကောင်စီက ထုံးစံအတိုင်းပဲ လူထုတွေကို ဖမ်းနေတုန်းပဲ တချို့သူတွေကို ဖျောက်နေတုန်းပဲ နောက် နယ်မြေရှင်းလင်းတာတွေ လုပ်နေတုန်းပဲ။ ဒါက စစ်ကောင်စီအုပ်ချုပ်ရေးကို ကျတော်တို့ခွင့်ပြုပေးလို့မရတဲ့ ကျတော်တို့ မူလည်းဖြစ်တယ် စစ်ကောင်စီဖက်က ဒီလိုမျိုးလုပ်နေတဲ့အချိန် တိုက်ပွဲကတော့ အနှေးနဲ့အမြန် ပြန်ဖြစ်သွားပါလိမ့်မယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ KNDF တပ်ဖွဲ့ ရှေ့လျှောက် ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ကြမလဲ။

KNDF ။ ။ ကျတော်တို့ လောလောဆယ် နားလည်မှုလောက်ပဲရှိတယ် ကျတော်ထင်တာက ဒီနားလည်မှုကနေ ဒီထက်ပိုပြီးမှကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ဖို့ မျှော်လင့်ထားတယ်ပေါ့။ ဒါပေမယ့် ဒီနားလည်မှုမှာလည်း အပြည့်အဝတော့မဟုတ်သေးဘူး ကျတော်တို့က စစ်ကောင်စီကို ချုပ်ငြိမ်းနိုင်ဖို့အတွက် ဆန္ဒရှိတဲ့ တပ်ဖွဲ့ လူထုတွေဖြစ်တယ် လူထုတပ်ဖွဲ့ပေါ့။ ဒီ လက်နက်ကိုင်အဖွဲ့အစည်းဖက်ကတော့ သူတို့ရဲ့ လိုအပ်ချက် လိုလားချက်က ဘယ်လိုဖြစ်မလဲဆိုတာ အတိအကျမသိသလို အထူးသဖြင့် တိုက်မယ်မတိုက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်ပေါ့။ ကျတော်တို့က စစ်ကောင်စီ ဒီလိုပြုမူနေသ၍ တိုက်ပွဲကတော့ ဆက်ရှိမှာပဲပေါ့။ အဲ့တော့ ခုနပြောတဲ့ အခြေအနေ နှစ်ခုအပေါ် မူတည်ပြီးတော့မှ သူတို့ရဲ့ဆန္ဒ သူတို့ရဲ့အခြေအနေနဲ့ သူတို့ရဲ့ဆန္ဒအပေါ် မူတည်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေက တက်လိုက်ကျလိုက် ဖြစ်ပါလိမ့်မယ်ပေါ့။ ဒါပေမယ့် ကျတော်တို့ မျှော်လင့်ထားတာကတော့ စစ်ကောင်စီကိုတိုက်တဲ့နေရာမှာ ထိုခိုက်မှုအနည်းဆုံးနဲ့ အအောင်မြင်ဆုံးတိုက်နိုင်ဖို့ သေချာတာကတော့ လက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ဒေသခံအဖွဲ့အစည်းတွေက အားလုံး တစ်ညီတစ်ညွတ်တည်းနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေဖြစ်ရင်တော့ အကောင်းဆုံးပေါ့နော။ ဒါပေမယ့် မဖြစ်ခဲ့ရင်လည်း ကျတော်တို့ တပ်ဖွဲ့တွေက ဆက်ပြီးတော့တိုက်ရမယ့် ဆုံးဖြတ်ချက်က တပ်ဖွဲ့မှာရှိပြီးသားဆိုတော့ ပူးပေါင်းဆောင်ရွက်မှု တူတူမတိုက်နိုင်ရင်တောင် နားလည်မှုတွေ ထားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ စစ်ဘေးရှောင်အခြေအနေကော ဘယ်လိုရှိလဲ။

KNDF ။ ။ ကယားပြည်နယ်ရဲ့ အနေအထားက မြို့ပြတိုက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မလို့ လွိုင်ကော်တချို့တစ်ဝက်ပေါ့နော ဒီးမော့ဆို နန်းမယ်ခုံ မိုးဗြဲတို့ဆိုတာ လုံးဝ မြို့ပျက်လို ဖြစ်သွားပြီးမှ မြို့ကနေရှောင်နေကြတဲ့ အချို့တော့ အခုတိုက်ပွဲက နည်းသွားတဲ့အတွက် တချို့ပြန်လာကြတယ် တချို့ပစ္စည်းပြန်လာယူတဲ့ သူလောက်ပဲ ရှိပြီးမှ စစ်ဘေးရှောင်သူတွေက မြို့ကိုစွန့်ခွာပြီး စစ်ရှောင်တဲ့သဘောမျိုးပေါ့နော ဒီနေ့ ဖြစ်ပျက်တဲ့အခြေအနေဖြစ်တယ်။ အဲ့တော့ သူတို့ရွှာအနီးအနား ရှောင်နေပြီးတော့မှ စုစုပေါင်း ခန့်မှန်းခြေလူဦးရေ တစ်သိန်းရှိတယ်လို့ ကျတော်တို့ အဲ့လို ပြီးခဲ့တဲ့အချိန်ထိ တွက်ထားတယ်။ အထူးသဖြင့် လူနေအများဆုံးမြို့နေမှ စစ်ဘေးရှောင်ရတဲ့ အခြေအနေပေါ့နော။ တိုက်ပွဲမဖြစ်သေးတဲ့ ရှားတောတို့လိုမျိုးတောင်မှ ဘောလခဲလိုမျိုး ဖားဆောင်းတို့လိုမျိုးလိုတောင်မှ တချို့ စစ်ဘေးရှောင်သူတွေ ရှိနေတယ်ပေါ့နော။ အခုချိန်မှတော့ မြို့နေ ရွာသွားရတဲ့အတွက် ရေ၊ မီး နေအိမ် အခြေအနေ ရိက္ခာပေါ့နော ဒါတွေအားလုံးက အခက်အခဲဖြစ်နေတယ်။ အဆိုးဝါးဆုံးတစ်ခုက ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေက လောလောဆယ် ဝန်ထမ်းအားလုံးက CDMလုပ်သလို အောက်ခြေမှာ ဆေးဝါးတွေ ပြတ်လတ်သွားတယ် ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲတွေလည်း ဖြစ်တဲ့အတွက် ဆေးဝါးမရှိ ဝန်ထမ်းတွေအားနည်းတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုက အခက်အခဲဆုံးဖြစ်တယ်ပေါ့။ ဒီလိုပြောလို့ ကျန်တဲ့ဟာတွေလည်း ခက်ခဲလားဆိုတော့ ခက်ခဲပါတယ်ပေါ့။ ဒီရက်ပိုင်းမှာတော့ နည်းနည်းလေးသက်သာပြီး တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ စိုးရိမ်စိတ်ကလည်း အရမ်းများတဲ့တွက် တိုက်ပွဲကြောင့်ပြေးတဲ့ အရေအတွက်လည်း ပိုများတဲ့အတွက် စစ်ဘေးရှောင်အရေအတွက်က မလျော့သေးဘူးပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကျေးဇူးတင်ပါတယ်။

spot_img
spot_img