spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

KA နဲ့ စစ်ကောင်စီတို့ရဲ့ အပြန်အလှန် ပစ်ခတ်မှုကြောင့် လွိုင်လင်လေးမြို့နယ် အရှေ့ခြမ်းရှိ ဒေသခံများ ထပ်မံတိမ်းရှောင်နေရ

ဓါတ်ပုံ – KnIC

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ဇူလှိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းမှာ ကရင်နီပြည်နယ် လွိုင်လင်လေးမြို့နယ်အတွင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ကရင်နီတပ်မတော် KA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ရဲ့ အပြန်အလှန် ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရတာကြောင့် လွိုင်လင်လေးမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာများ ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ ဒီဖက်တစ်ကြောလုံး အကုန်လုံးရှောင်ရတယ်။ ရွာရှိသမျှ အကုန်လုံး ရှောင်တယ်။ နာရီဝက်ကျော်ကျော်လောက်ပဲ အသံကြားရတယ်။ အပြန်အလှန် ပစ်ကြတယ်ပြောတယ်။ လက်နက်ကြီးတွေလည်း အများကြီးကျတယ်။ လေး၊ ငါး၊ ဆယ်လုံးလောက် ကျတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်လင်လေးမြို့နယ် အရှေ့ဖက်ခြမ်းရှိ တီးလုံကျေးရွာ၊ မိုက်တိန်းစုံကျေးရွာနဲ့ ဒေါတဟေးကျေးရွာ များအကြား ကရင်နီတပ်မတော်(KA) အမှတ်(၃) တပ်ရင်း နယ်မြေအတွင်းကို ကျုးကျော်ဝင်ရောက်လာခြင်းကြောင့်နာရီဝက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယခင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတဲ့ ကာလအတွင်းမှာ လွိုင်လင်လေးမြို့နယ်ရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဇွန်လ ၁၅ ရက်နေ့မှာ အပစ်ရပ်ကြောင်း ကြေညာပြီးနောက် အချို့မှာ ကျေးရွာကို ပြန်လည်နေထိုင်ကြပြီး ယနေ့နံနက်ပိုင်းမှာ ပစ်ခတ်မှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ ကျနော်တို့ ရှောင်တာက သွားလိုက်လာလိုက်၊ အခြေအနေကောင်းရင် ပြန်လာလိုက်၊ ပစ်ရင် ပြန်ပြေးလိုက်၊ အဲ့လိုမျိုးဖြစ်တယ်။ အခုကျတော့ ဒီတပတ်အတွင်း နည်းနည်းငြိမ်တယ်ဆိုတော့ ပြန်လာကြတယ်။ အခုက ဒီမနက်က အသံကြားတော့ ကောက်စိုက်တဲ့သူလည်း အကုန်လုံးပြေးတယ်။ တခါတည်း တောထဲကို တိုက်ရိုက်ပြေးတယ်။ အဲ့လိုမျိုး။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒေသခံတွေမှာ စားနပ်ရိက္ခာ၊ နေစရာ တည်ဆောက်ရေးအတွက် မိုးကာ၊ ဆေးဝါးများလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဇူလှိုင်လအတွင်းမှာ ကရင်နီတပ်မတော် (KA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ထားတဲ့ သတင်းတွေအရ သိရှိရပါတယ်။

spot_img
spot_img