spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

KNPP ရဲ့ ဥက္ကဌအေဘယ်လ်တွိနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဥက္ကဌအေဘယ်လ်တွိ

လတ်တလောကရင်နီပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခအခြေအနေ၊ စစ်ကောင်စီရဲ့လုပ်ရှားမှု၊ KNPP ရပ်တည်ချက်၊ မျှော်မှန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအကြောင်း နဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဥက္ကဌအေဘယ်လ်တွိနဲ့ ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ စစ်ကောင်စီကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အာဏာသိမ်းတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းက အခြေအနေကို သုံးသပ်ပေးစေချင်ပါတယ်။

ဥက္ကဌအေဘယ်လ်တွိ။ ။ မင်းအောင်လှိုင်အာဏာသိမ်းပြီး ဖေဖော်ဝါရီလကနေ ဒီကနေ့အထိကတော့ ရှစ်လကျော်ကျော်သွားပြီ။ နောက်တစ်လဆို ကိုးလရောက်သွားပြီ။ လူထုတစ်ရပ်လုံး ဆန္ဒပြင်းပြပြီး တိုက်တာ အားပေးတယ်။နဂိုကတည်းက တော်လှန်ရေးကြေညာတာ ကြာပြီ။ ဒီကနေ့ လူထု တိုက်လာကြတော့ စစ်အာဏာရှင်ပီပီပဲ သူတို့က ဒီကနေ့PDFနဲ့ တိုက်ကြတော့ ရွာပျက် အိုးပျက် အိမ်ပျက် ဖြစ်ပြီ။ ဒီးမော့ဆို လွိုင်ကော် လူထုတွေလည်း ဆင်းရဲ ဒုက္ခရောက်တယ်။ ဒီအာဏာသိမ်းပြီးကနေ မတ်လအထိ PDFနဲ့ စစ်အာဏာရှင်တွေ တိုက်ကြတော့ သူတို့က အားကိုးတာ လက်နက်ကြီး လက်နက်ကြီးအပြင် ရံဖန်ရံခါ လေယာဉ်ပျံသုံးတယ်။ ကချင်ပြည်၊ ချင်းပြည်မှာ လေယာဉ်ပျံသုံးတယ် ဗုံးကြဲတာပဲ ချတာပဲ။ သူတို့က အားသာတာက လက်နက်ကြီး ထုပြီးတော့ ရွာပျက်တာပေါ့။ အိုးပျက်အိမ်ပျက်ဖြစ်တယ်ဟေး။ ဒီးမော့ဆို မှာကြည့် လွိုင်ကော်တို့ ဒေါငံခါးတို့ အဲ့ဒီပတ်ဝန်းကျင်ရွာတွေ အိမ်တွေ အများကြီးပျက်သွားတယ်။ အခုတော်တော်ဆင်းရဲ ဒုက္ခရောက်တယ်။ လူထုလည်း တောတောင်ထဲရောက်သွားတာ လူတစ်သိန်းကျော်ရှိတယ်။ ဒီထက်မက ဖြစ်ရင်ဖြစ်မယ် ကျနော်တို့ အနေနဲ့ မြင်တာကတော့ ဒီတိုက်ပွဲ ကတော့ ဆက်ပြီးတော့ တိုက်မယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ လက်ရှိ ကြားကာလမှာ နိုင်ငံအရေးကိုဦးဆောင်နေတဲ့ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ ဘယ်လိုရှိလဲ။

ဥက္ကဌအေဘယ်လ်တွိ။ ။ ကျနော်တို့က NUG ကိုသွားမပေါင်းရင် စစ်ကောင်စီဖက်ပေါင်းမလား ၂ခုပဲရှိတယ် ဘယ်သူ့ကိုသွားပေါင်းမလဲ စစ်အာဏာရှင်ကိုတော့ မပေါင်းနိုင်ဘူးဟေ့ တစ်ခုပဲရှိတာက NUG ပေါ့။ အချိန်ကာလတစ်ခုတော့ ကျနော်တို့ပေါင်းမယ် ဒါပေမယ့် အနာဂတ်မျှော်လင့်တာက အနာဂတ်ဖက်ဒရယ်ဆိုတာ ဘယ်လိုဖက်ဒရယ်မျိုးလဲ ကျနော်တို့ရဲ့ ဘဝအာမခံချက် တိုင်းရင်းသားဘဝအာမခံချက်ရှိတဲ့ ဖက်ဒရယ်ထောင်ဖို့ ကျနော်တို့ထည့်ဆွေးနွေးမယ်။ ကနေ့ထိ ပြင်တယ် တော်လှန်ရေးလုပ်ရင်းနဲ့ အနာဂတ်ဖက်ဒရယ် ဘယ်လိုထူထောင်မယ်ဆိုတာ ပြင်ဆင်ဖို့ ဆိုတော့ အရေးကြီးတာ NUG အထူးသဖြင့် NLD လူတွေက နားလည်ဖို့လိုတယ်။ ကျနော်တို့က ခွဲခြားမှုမရှိဘူး။ ဖက်ဒရယ်ဖြစ်မြောက်လာခဲ့သော် Centralize သွားမလုပ်နဲ့။ ကျနော်တို့က အာဏာသုံးရပ်ရှိတယ်။ အာဏာသုံးရပ်ဘယ်လိုခွဲဝေကြမလဲ။ အဲ့ဒါအလေးအနက်စဉ်းစား။ အားလုံး စိတ်တူကိုယ်တူ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ခိုင်ခိုင်မာမာရေးဆွဲကြပြီဟေ့ နားလည်ပြီဟေ့ဆို ဖက်ဒရယ်ပဲ။ ဒါပဲရှိတယ်။ NUG လည်း ကနေ့ ထူးထူးထွေထွေပြောစရာမလိုဘူး။ ဝိုင်းချပေါ့။ ကနေ့ PDF၊ PDF ဆိုတာ အထဲက တိုင်းပေါ့။ ၇ တိုင်း ပြည်သူလူထုအတွက် ခုခံတိုက်ပွဲဝင်တဲ့သူ ပြည်နယ်က ကျနော်တို့လူ ပူးပေါင်းတော့ ချပါ။

ကန္တာရဝတီတိုင်း(မ်)။ ။ KNPP ထိန်းချုပ်နယ်မြေ သို့မဟုတ် လက်အောက်မှာ လာရောက်ခိုလှုံမယ့် CDM ရဲတပ်သား၊ စစ်သားတွေကို လက်ခံမယ့်အစီအစဉ်ရှိလား။

ဥက္ကဌအေဘယ်လ်တွိ ။ ။ပြောစရာမလိုဘူး။ ကျနော်တို့လည်း အစီအစဉ်ရှိတယ်။ ပြည်သူလူထု ရင်ခွင်ခိုလှုံရေးကိစ္စ စီစဉ်ထားတာရှိတယ်။ အဲ့တော့ ကျနော်တို့လည်း ကော်မတီတွေဖွဲ့ထားတယ်။ ဒီလူလာရင် ကျနော်တို့ကြိုဆိုလက်ခံရမှာပေါ့။ အချိန်မနှောင်းခင် ကျနော်ပြောချင်တာ စစ်မှုထမ်း၊ ရဲ စွန့်လွှတ်ကြပါ။ မင်းအောင်လှိုင်ကိုခွာကြပါ ။ မင်းအောင်လှိုင်က တစ်နေ့ တရားခံဖြစ်တယ်။ အခုလာမယ် ICJ ကော ICC ကော မင်းအောင်လှိုင်မလွဲမရှောင်သာ လူမျိုးတုန်းသတ်ဖြတ်မှုက ကျူးလွန်ပြီးသားဖြစ်တယ်။ အလိုအလျောက်နဲ့တစ်ခါတည်း မင်းအောင်လှိုင် သေဖော်သေဖက် လိုက်လုပ်ရင်တော့ ရုပ်ဆိုးတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ကရင်နီပြည်နယ်မှာ တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေကို ဘာပြောချင်လဲ။

ဥက္ကဌအေဘယ်လ်တွိ ။ ။ အထူးသဖြင့် ကျနော်တို့တာဝန်ရှိတာ ကရင်နီပြည်နယ်မှာရှိတဲ့ တပ်အကုန်လုံးကို မောင်းထုတ် ကျနော်တို့တစ်ယောက်မှ မလိုချင်ဘူး။ အနာဂတ်ကရင်နီပြည်နယ်ကို ကရင်နီကာကွယ်တဲ့သူပဲ တာဝန်ယူမယ် လာစရာမလိုဘူး။ ကရင်နီရဲ့အနာဂတ် စီမံခန့်ခွဲရေးအားလုံး လုံခြုံရေးကအစ ကရင်နီပဲတာဝန်ယူမယ်။ ဒါ ဖက်ဒရယ်မူပဲ။ လူငယ်တွေအားလုံး လေ့လာဖို့လိုတယ်။ အထူးသဖြင့် ဖက်ဒရယ်လို့ပြောတဲ့ချိန်က ဖက်ဒရယ်အကြောင်းနားလည်ဖို့ ဖက်ဒရယ်ရဲ့ ဥပဒေကိုနားလည်ဖို့။ နောက်တစ်ခုပြောချင်တာ လူငယ်လူရွယ်တိုင်းက ကိုယ့်အကြောင်းကိုသိပါ။

ကန္တာရဝတီတိုင်း(မ်)။ ။ ၅လတာ အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်သွားမယ့် စစ်ကောင်စီထုတ်ပြန်တဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဥက္ကဌအေဘယ်လ်တွိ ။ ။ လောကမှာ ထာဝရမရှိဘူး ။ သင်္ခါရတရားတွေပဲ။ မင်းအောင်လှိုင်တို့ ခနခနဗမာတွေ ပြောတယ်။ ထာဝရ ၊ထာဝရ။ ဘာရည်ရွယ်ချက်လဲ နားလည်ဖို့ကောင်းတယ်။ ဗမာတွေအသိဆုံးပဲလေ လောကမှာ ထာဝရမရှိဘူးဆိုတာ သင်္ခါရတရားတွေပဲ။ ထာဝရဆိုတာ သင်္ချိုင်းကုန်းမှာရှိတယ် ။ အင်္ဂလိပ်လိုဆိုရင် Rest In Peace ငြိမ်းချမ်းစွာနေပါ။ အဲ့တော့ မင်းအောင်လှိုင်ပြောတဲ့ ထာဝရဆိုတာ သင်္ချိုင်းကုန်းမှာပဲ ကျနော်တို့ကို ထာဝရကိုပို့တယ်။ လိပ်ပြာပေါ့ ။ သင်္ချိုင်းကုန်းကိုပို့တယ်။ နမိတ်မကောင်းဘူး။ ထာဝရ ထာဝရ ကနေ့အထိ ပြောတယ်ဟေ့။ ထာဝရဆိုတာ သင်္ချိုင်းကုန်းပဲ နားလည်ရမှာ။ လုံးဝနားမထောင်တာကောင်းတယ်။ မင်းအောင်လှိုင်တို့ကြေညာတာ အလကားပဲ။ ထာဝရက သင်္ချိုင်းကုန်းမှာပဲရှိတယ်။ မင်းအောင်လှိုင်ပြောတဲ့ စကားလုံးတွေ လူ့လောကမှာမရှိဘူး။ လူ့လောကမှာ သင်္ခါရတရားပဲ။ ထာဝရမရှိဘူး။ နားလည်ရမှာ မင်းအောင်လှိုင်ပြောတဲ့ဟာတွေ သင်္ချိုင်းကုန်းအခေါ်အဝေါ်ပဲ။ သင်္ချိုင်းကုန်းပဲ တနေ့ လူတိုင်းသွားမှာလေ ထာဝရသွားပြီအဲ့ဒါ ပြောစရာတောင်မလိုဘူး။ လောကမှာနေပြီး ထာဝရလို့ပြောတာ အရူးပဲ။ မင်းအောင်လှိုင်ကြေညာချက် အပစ်အခတ်ရပ်စဲရေး ၅လဆိုတာ လုံးဝအဓိပ္ပါယ်မရှိဘူး ထာဝရငြိမ်းချမ်းရေး သင်္ချိုင်းကုန်းမှာပဲရှိတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ KNPP မျှော်မှန်းထားတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံဖော်ချင်လဲ။

ဥက္ကဌအေဘယ်လ်တွိ ။ ။ အကြမ်းအားဖြင့် စဉ်းစားတာတော့ ကနေ့အနေအထားအရတော့ ဖက်ဒရယ်ပဲကောင်းပါတယ်။ စည်းလုံးညီညွတ်ရတာပေါ့။ ဒါပေမယ့် ဖက်ဒရယ်ရဲ့ စည်းစနစ် ဖက်ဒရယ်ရဲ့ အခြေခံဥပဒေအရ ကျနော်တို့ပြောတဲ့ ဖက်ဒရယ်ဆိုတာ ဒါပဲ ကျနော်တို့ခံယူချက်ရှိတာပေါ့ ဖက်ဒရယ်လို့။ ဆိုတော့ ဖက်ဒရယ်နဲ့ ထာဝရကြီးက နိုင်ငံရေး အာဏာသုံးခု ဒါအဓိကပဲ။ တရားဥပဒေပြုစုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ၃ ခုက ကျနော်တို့ဆီမှာ ရှိရမယ်။ ကျနော်တို့ဖက်ဒရယ်ထောင်ကျရင် ပြည်ထောင်စုနဲ့ ပြည်နယ်တွေ အာဏာခွဲဝေပေါ့။ ဥပဒေအရပေါ့ ဒါရှိရမယ်။ အနာဂတ်သွားဖို့လည်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုရေးထားပြီ ။ စတုတ္တမူကြမ်း ကျနော်တို့ပြင်ဆင်ထားပြီ။ ဒါပေမယ့် ကျနော်တို့က ဒါမပြီးဆုံးပါဘူး။ ဖက်ဒရယ်အပြည့်အဝသွားတော့မယ်ဆိုရင် ဥပဒေမူကြမ်းကို လူထုကိုချပြမယ်။ လူထုရဲ့ဆန္ဒကိုယူရမယ်။ လူထုကလက်ခံရင် ဟုတ်ပြီ။ လူထုကလက်မခံသေးရင် ပြင်ပေါ့။ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ပြည်နယ် ဟုတ်ပြီ အာဏာသွားပေါင်းရမယ်ဟေ့။ အာဏာပေါင်းဖို့လည်း စဉ်းစားထားပြီ ။အာဏာသုံးခုပေါင်းဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်ထောင်စုမှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်နယ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဒါစဉ်းစားကြဟေ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ PDFတွေကို ဘယ်လိုစကားပါးချင်လဲ။

ဥက္ကဌအေဘယ်လ်တွိ ။ ။ တော်လှန်ရေးဆိုတာက ပန်းမွေ့ရာမဟုတ်ဘူးပေါ့။ တော်လှန်ရေးကအင်မတန် ကြမ်းတမ်းခက်ထန်တယ်။ တော်လှန်ရေးကာလမှာတော့ မျှော်လင့်ချက်မရှိဘူးနော။ တော်လှန်ရေးကာလမှာက ခုနပြောသလို မျှော်လင့်ချက်မရှိဘူး။ ပန်းမွေ့ရာမဟုတ်ဘူး။ ဒါပေမယ့်လုပ်ဆောင်ချက်တွေအားလုံးက ကျနော်တို့နောက်မှာ ကျောက်တိုင်ရှိတယ်ဆိုတာ ရိုးရိုးပဲ ။ကျောက်တိုင်ကတော့ မဖြစ်နိုင်ဘူးပေါ့။ ပန်းမွေ့ရာလည်းမဟုတ်ဘူးလေ။ တော်လှန်ရေးခရီးဟာ ခက်ထန်ကြမ်းတမ်းတယ်ဆိုတာ နားလည်ဖို့လိုတယ် ပြင်ဆင်ဖို့လိုတယ်။ တော်လှန်ရေးကာလမှာ မျှော်လင့်ချက်တို့ စိတ်ကူးတို့ အိပ်မက်တို့သွားမစဉ်းစားနဲ့။ စစ်အာဏာရှင်ပြုတ်ရမယ် အနာဂတ်ဖက်ဒရယ်ထောင်မယ် အဲ့ဒါပဲ စဉ်းစားပါ။

ကန္တာရဝတီတိုင်း(မ်)။ ။ ကရင်နီပြည်နယ်အရေးကို ဘယ်လိုမြင်လဲ။

ဥက္ကဌအေဘယ်လ်တွိ။ ။ အရေးကြီးတာ စစ်အာဏာရှင် အမြစ်ပါပြုတ်ကျရေး ဖယ်ဒရယ်ထောင်ဖို့ ဆိုတာ ကျနော်တို့ အရေးပဲဟေ့။ သူများလာကူမှာ မဟုတ်ဘူး။ R2Pတို့လာမယ်ဟေ့ လျှောက်မျှော်တယ် သွားမမျှော်နဲ့။ ထိုနည်းလည်းကောင်းပဲ ကမ္ဘာပေါ်က အဖွဲ့အစည်းစုပေါင်းတဲ့ UN ကုလသမဂ္ဂလည်း ဒီကိစ္စ မျှော်ကိုးလည်း ဖြေရှင်းနိုင်တဲ့ အနေအထားမရှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအရေးအခင်းက ကျနော်တို့ရဲ့ ပြဿနာ ဖြစ်တော့ ကျနော်တို့ ကိုယ့်ကိုယ်ပဲ ဖြေရှင်းမယ်။ ကျနော်တို့ပဲ တာဝန်ရှိတယ်။ ရှေ့ဆက်တော့ အခက်ခဲ အများကြီးရှိမယ်။ ကရင်နီမှာက PDFတော့ အများကြီးရှိတာပဲ။ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF ၊ မိုးဗြဲ PDFအပြင် ကျနော်တို့က KNDF ဆိုတော့ နာမည်တော့ ဘယ်လိုပဲ ပြောပြော ကရင်နီနယ်မြေထဲမှာ ကရင်နီရဲ့ သားသမီးတွေကတော့ နာမည်တစ်ခုတည်းပဲ ခံသင့်တာပေါ့။ ဒါပေမယ့် တိုက်ပွဲက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပြီဆိုတော့ ကျနော်တို့ မပြောဘူး။ ဒါပေမယ့် အဓိက စည်းလုံးညီညွှတ်မှုပဲ စည်းလုံးညီညွှတ်ပြီးတော့ ကျနော်တို့ စစ်အာဏာရှင် ပြုတ်အောင် တိုက်ဖို့ပဲ။ PDFတွေ တော်လှန်စစ်ပွဲမှာတော့ KA ကရင်နီတပ်မတော်တော့ ပါဝင်တယ်။ ဒါက ကျနော်တို့ရဲ့ သမိုင်းပေး တာဝန်ပဲ။

ကန္တာရဝတီတိုင်း(မ်)။ ။ စစ်တပ်ကနေ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာစသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးကို တစ်တိုင်းပြည်လုံးက ပြည်သူလူထုတွေ အများကြီးပါဝင်လာကြတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုပြီးတော့လည်း ပြောလာကြတယ်ပေါ့ ။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဥက္ကဌအေဘယ်လ်တွိ။ ။ ကျနော်တို့မြင်တာ လူထုတော်လှန်ရေးက ဒါအခွင့်အရေး အကောင်းဆုံးတစ်ခုပဲ။ နောက်ဆုံးအခွင့်အရေးတစ်ခုပဲ။ ကျနော်တို့ မြင်တာက လူထုတော်လှန်ရေးကြီးကတော့ တကယ့် ရည်မှန်းခဲ့တဲ့ အထိပေါ့လေ။ ဒီကနေ့ လူထုတော်လှန်ရေး တိုက်ပွဲမှာ ရည်မှန်းထားတာက စစ်အာဏာရှင် အမြစ်ပါ ပြုတ်ကျရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတော့ အင်မတန်ကြီးကျယ်တယ်။ ရည်ရွယ်ချက်ကြီးက။ ဒီလို ရည်ရွယ်ချက် ကြီးကြီးမားမားတဲ့ဟာတွေက ကျနော်တို့ ပြောချင်တာက။ မြန်မာစကားပုံ “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်” အဆုံးထိလုပ်ပါ။ တိုက်..တိုက်..တိုက်ပြီးတော့ စိတ်ပျက်ကိုယ်ပျက်ပြီးတော့ တခါတည်း အရှုံး မပေးနဲ့။ ကျနော်တို့ ရည်မှန်းချက်က ခုနက ပြောတဲ့ စစ်အာဏာရှင် အမြစ်ပါပြုတ်အောင်တိုက်ရမယ်။ မတိုက်ရင် တော့ နောက်ထပ်လည်း မတိုက်နိုင်တော့ဘူး။ နောက်ဗမာပြည်တွင်းမှာက ကျနော်တို့ တိုင်းရင်းသားတွေ ပြည်နယ် ၇ပြည်နယ်က ပထဝီအနေအထားလည်း မတူဘူး။ လူမျိုး မတူဘူး။ ဘာသာစကားလည်းမတူဘူး။ ယဉ်ကျေးမှုလည်း မတူဘူး။ ဘယ်လို ဖြစ်ဖြစစ်ကျနော်တို့က အကောင်းဆုံးနည်း နာ၊ နည်းလမ်း စနစ်အရ ဖက်ဒရယ် ထူထောင်ဖို့ ။ တိုင်းရင်းသားတွေ အားလုံးဟာ ကနေ့လည်း ဖက်ဒရယ်ပဲပြောတယ်။ မဖက်ဒရယ်လည်း အမျိုးမျိုးပဲ။ ရှင်းရှင်းပြောရရင် ကရင်နီက သီးခြားလွတ်လပ်ပဲ ဒါပေမယ့် ကျနောတ်ို့က ခဏခေါက်ထားပြီးတော့ ဖက်ဒရယ်ပဲ ကျနော်တို့တော့ ပြောတယ်နော။ ပထမ ကရင်နီရဲ့ ဦးတည်ချက်ကတော့ သီးခြား လွတ်လပ်ရေးပဲ။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ၁၉၉၀- ၂၀၀၀ ကျမှ ကျနော်တို့က အေပေါ့ ဖက်ဒရယ် ကျနော်တို့ ပြောတာပေါ့။ ဘာဖြစ်လို့ ပြောလည်း ဆိုလို့ရှိရင် စည်းလုံးညီညွှတ်ဖို့ သဘောမျိုး အတူတကွနေထိုင် ဖို့ နည်းစနစ်တစ်ခုနဲ့ ကျနော်တို့လည်း တိုင်းရင်းသားအားလုံး ဆန္ဒရှိတာကို ပါဝင်တယ်။ ဒါကရင်နီက ပြည်သူလူထု သဘောထား ဘယ်လိုရှိလဲ ပြည်သူလူထုသဘောထားက နောက်တစ်ကဏ္ဍပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကရင်နီပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း၊ PDF တစ်ဦးချင်းစီကို ဘာပြောချင်လဲ။

ဥက္ကဌအေဘယ်လ်တွိ ။ ။ အဓိက ကျနော်တို့က အမျိုးသားစိတ်ရှိဖို့လိုတယ်။ အမျိုးသားစိတ်မရှိပဲ ကိုယ်ကျိုးပဲ စဉ်းစားရင်တော့ သိပ်မလွယ်ဘူးပေါ့။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် စိတ်ဓါတ်မကျနဲ့ ချ၊ နိုင်ကိုနိုင်ရမယ်။ စစ်အာဏာရှင်လည်း ချုပ်ငြိမ်းဖို့ အချိန်ရောက်ပြီ။ သူက အထွတ်အထိပ်ရောက်ပြီ ဒီကနေ့တော့ ကျဆင်းသွားဖို့ အချိန်ပဲရှိတယ်။ ကျနော်တို့က စုစုစည်းစည်းဆက်ပြီး တိုက်ပွဲဝင်ဖို့ ၊ ကျနော်တို့ကတော့ ဒါပဲ ပြောချင်တယ်။

ကန္တာရဝတီတိုင်း (မ်) ။ ။ ကျေးဇူးတင်ပါတယ်။

spot_img
spot_img