spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ ပေါ်ပေါက်လာဖို့ ညှိနှိုင်းဆောင်ရွက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖက်ဒရယ်ဒီမိုကရေစီပညာရေး မူဝါဒရေးဆွဲချမှတ်ရေးလုပ်ငန်းစဉ်နဲ့ ကရင်နီအမျိုးသားပညာရေးစနစ်မူဝါဒ ပေါ်ပေါက်လာစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့အသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်နေပြီလို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) ပညာရေးတာဝန်ရှိသူ ခူးပလုရယ်က ပြောပါတယ်။

“NUG ကဖွဲ့စည်းလိုက်တဲ့ပညာရေးဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ အကောင်းဆုံးပေါ့ ကျနော်တို့ပြည်နယ်အတွက် အနာဂတ်လူငယ်အတွက် ဘယ်လိုမျိုးပုံဖော်မလဲဆိုတာ ကျနော်တို့လုပ်နေတာရှိနေပါတယ်။ တခြားပညာရှင်တွေနဲ့တွေ့ဆုံပြီးတော့ ဖက်ဒရယ်စနစ်မူ ဘယ်လိုတည်ထောင်ရင်ကောင်းမလဲပေါ့ အဲ့ဒါတွေကလည်း ကျနော်တို့ညှိနှိုင်းလုပ်ဆောင်တာရှိတယ်။ ပညာရေးကော ကျန်းမာရေးကောအရေးကြီးတဲ့ ကဏ္ဍဆိုတော့ အားလုံးပါဝင်ဖို့ပေါ့ စနစ်တွေနဲ့သွားနိုင်ဖို့က အခုကတော့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ပဲ ကျနော်တို့က ဆက်စပ်လုပ်ဆောင်ပေးနေတာပေါ့။ သူတို့လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ တိုက်တွန်းပြီးတော့ လိုအပ်မှုတွေကို ဖြည့်ဆည်းကူနေတာပေါ့ အဲ့လောက်ပဲရှိပါသေးတယ်။” လို့ ခူးပလုရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ KSCC ကနေ ကရင်နီပညာရေးကော်မတီကို အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး လက်ရှိ အရေးပေါ်အခြေအနေမှ ပြန်လည်ထူထောင်ရေးကာလအထိ ပညာရေးဆိုင်ရာလိုအပ်ချက်ဖြည့်ဆည်းပေးရန်၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ ရေးဆွဲချမှတ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ရန်၊ ကရင်နီအမျိုးသားပညာရေးစနစ် မူဝါဒပေါ်ထွန်းလာရန် စတဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဖွဲ့စည်းလိုက်တဲ့ ကရင်နီပညာရေးကော်မတီကို NUG အနေနဲ့ ကြိုဆိုထောက်ခံပြီး လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်ကို NUG ပညာရေးဝန်ကြီးဌာနမှ လိုအပ်တဲ့နေရာတွေမှာ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်သလို စစ်ဘေးသင့် ကရင်နီဒေသရှိ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အရေးပေါ်ကာလ ပညာရေးအစီအစဉ်ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ကရင်နီပညာရေးကော်မတီက ပညာရေးပိုင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ကျောင်းသားလူငယ်တွေ ပညာရေး ဆက်လက်သင်ကြားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါအခြေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လုပ်ငန်းကိစ္စဆောင်ရွက်ဖို့ အခက်ရှိနေပြီး အချိန်ကာလကြာမြှင့်နိုင်တယ်လို့လည်းဆိုပါတယ်။

ကရင်နီပြည်တွင်းက စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ကျောင်းသားကလေးလူငယ်တွေ ပညာရေးမပြတ်ဖို့အတွက် ကိုယ်ထူကိုယ်ထစာသင်ဆောင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေပေမယ့် စာရေးကိရိယာ၊ အသုံးအဆောင်ပစ္စည်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အခုက ကိုဗစ်ရောဂါကြောင့်သော်လည်းကောင်း၊ စစ်ပေါ့ တိုက်ပွဲဖြစ်နေတဲ့အပေါ်မှာ နည်းနည်းသွားလာရတာခက်ခဲတယ် အဲ့ဒီအပေါ်မှာ လိုအပ်ချက်တစ်ခုယူလိုက်ရတာဖြစ်တယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး အဲ့ဒါတွေကို လုပ်နေတာလည်းရှိပြီဆိုတော့ အဲဒါတွေကိုဆက်လုပ်ဖို့နဲ့ မလုပ်ရသေးတဲ့နေရာဒေသတွေလည်း လုပ်နိုင်ဖို့ ကျနော်တို့ ညှိနှိုင်းစီစဉ်နေတာရှိပါတယ်။ လုပ်နေပါတယ် အချိန်ကာလအပိုင်းအခြားကတော့ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေက စဉ်ဆက်မပြတ်ပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့လိုတယ်။”လို့ ခူးပလုရယ်က ဆက်ပြောပါတယ်။

ကရင်နီပညာရေးကော်မတီအနေနဲ့ NUCC၊ NUG၊ အခြားပြည်နယ်ကိုယ်စားပြုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလူမျိုးအခြေပြုပညာရေးအဖွဲ့အစည်း၊ ဒေသအခြေပြု နဲ့ ဘာသာရေးအခြေပြု ပညာရေးအဖွဲ့အစည်း၊ ဆရာ/ဆရာမသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ ပညာရေးဘုတ်အဖွဲ့၊ CDM ဆရာ ဆရာမ၊ ပညာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်း၊ INGOs၊ NGOs၊ CSOs အဖွဲ့အစည်း၊ ပုဂ္ဂလိက၊ ပြည်တွင်းပြည်ပ ပညာရှင် တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KSCCက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts