spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ဂရုဏာဆေးခန်းမှ ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွှတ်မြောက်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၈ဦး ယမန်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရပြီး ဒီကနေ့ ည ၆နာရီကျော်မှာ ပြန်လည်လွှတ်မြောက်လာတယ်လို့ ဆေးခန်းတဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ ဟုတ်တယ် ဆရာဝန် လေးဦးနဲ့ သူနာပြုဆရာမကြီးတွေ အကုန်လုံး ပြန်လွှတ်လာပြီ ၆နာရီကျော်ကျော်မှာအားလုံးပြန်ရောက်ကြတယ်။ သူတို့ကို မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနမှာပဲ မနေ့ကတစ်နေကုန်လုံးရယ် ဒီရက်တစ်နေကုန်လုံးပေါ့ အဲမှာပဲရှိတယ် အဲ့မှာပဲ မေးမြန်းတာပေါ့။ ဘုန်းကြီးတော်တစ်ပါးနဲ့ စစ်စတာ ၂ပါးကတော့ အဖော်အဖြစ်လိုက်သွားတာလေ။ ဆရာဝန်တွေ သူနာပြုတွေကို ဒီအတိုင်းလွှတ်လိုက်လို့မဖြစ်ဘူးလေ။ ကိုယ်တိုင်ကိုယ်ကျလိုက်သွားတာပေါ့။” လို့ သူက ပြောပါတယ်။

ယမန်နေ့က ကျောင်းဝန်းအတွင်းကို ရဲ၊ စစ်သား ပူးပေါင်းတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ဝန်းကျင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီးနောက် ဆရာဝန် ၄ယောက်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၈ဦးကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့ပြီး ဆေးခန်းမှာရှိတဲ့ အတွင်းလူနာတွေကို ပြည်သူ့ဆေးရုံကြီးနဲ့ စစ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ဂရုဏာဆေးခန်းကိုလည်းပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ကျောင်းတိုက်ဘုန်းတော်ကြီးနဲ့ သီလရှင်အကြီးပိုင်းတို့ အပြင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ က စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။

လွိုင်ကော်ကတ်သလစ်သာသနာမှ ကြီးမှူးဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းဟာ ၂၃နှစ်တိုင်အောင် ဖွင့်လှစ်လျက်ရှိပြီး ရဟန်း၊ သီလရှင်၊ သံဃာများအလွယ်တကူဆေးကုသမှုခံယူနိုင်ရန်၊ လူမျိုးဘာသာမရွေး ရပ်နီးရပ်ဝေးလူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် စတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားပြီး သက်သာတဲ့ဈေးနှုန်းဝန်ဆောင်မှုနဲ့ လူနာတွေကို ကုသပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆေးခန်းခေတ္တပိတ်ထားရပြီး ငွေကြေးမတတ်နိုင်တဲ့ ဒေသခံအများစု အားကိုးရတဲ့ ဆေးခန်းဖြစ်တဲ့အတွက် ဆေးခန်းပြန်လည်ဖွင့်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img