spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စားသောက်ကုန်တွေပြတ်လပ်မှု ကြုံတွေ့နေကြရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတဲ့အတွက် စားသောက်ကုန်ပစ္စည်း သယ်ယူဖို့လည်း အခက်အခဲတွေရှိလာတဲ့နောက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး တခြားမြို့တွေမှာ စားသောက်ကုန်ပြတ်လပ်မှုတွေ ကြုံတွေ့နေကြရပါတယ်။

ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့၊ မော်ချီးဒေသတွေမှာ တိုက်ပွဲတွေ မဖြစ်ပေမယ့်လည်း ၎င်းမြို့နယ်ဘက်ကို စားသောက်ကုန်ပစ္စည်း ကုန်တင်ကားမရောက်နိုင်တော့တဲ့အတွက် အခုဆိုရင် စားသောက်ကုန်တွေက ပြတ်လတ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဘောလခဲမြို့ဒေသခံတစ်ဦးကလည်း “ဒီမှာဆိုရင် ဆန်ဆိုလည်း ဝယ်ချင်တိုင်း ဝယ်ချင်တိုင်းဆိုတာက ဝယ်ချင်လို့ကို ဝယ်လို့ မရှိဘူးဖြစ်နေတယ်။ မရှိသလောက်ဖြစ်နေတယ်ဗျ။ ကြက်ဥဆိုရင်လည်း ရောက်လာတာနဲ့ တန်းကုန်တယ်။ ကျန်တဲ့ကုန်ပစ္စည်းတွေဆိုရင်လည်း အဲ့လိုဘဲ။” လို့ ပြောပါတယ်။

ခရမ်းသီး တစ်ပိဿလျှင် ၄၅၀၀ ၊ ကြက်ဥ တစ်ထောင်ဖိုးလျှင် ၄ လုံး ၊ ခရမ်းချဉ်သီး တစ်ပိဿ ၅ ၀၀၀ ၊ ဆန်တစ်အိတ် အနည်းဆုံး ၅သောင်းဝန်းကျင်ကနေ တစ်သိန်းထိ၊ ဓတ်ဆီတစ်ပုံး ၅ဂါလံကို ၅သောင်းဝန်းကျင်၊ စားသုံးဆီ တစ်ပိဿာ ၈ထောင်၊ ဖုန်းဘေတစ်ထောင်တန်ကို ၁၅၀၀ကျပ် စတဲ့ ဈေးနှုန်းမြှင့်တက်မှု၊ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အခုလို ကုန်စီးဆင်းမှုမရှိတော့တဲ့အတွက် ဓတ်ဆီ၊ ဒီဇယ်တွေလည်း ပြတ်လပ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ ဓတ်ဆီအကုန်ပြတ်ပေါ့ ဆန်တွေဘာတွေလည်း ဝယ်စရာမရှိတော့ဘူး ဖားဆောင်းဖက်မှာ။ မီးလည်းမလာ ဘားမှမရှိတော့ အခြေခံစားသောက်ကုန်တွေလည်းပြတ်ပြီလို့ပဲပြောရတော့မှာပေါ့ ဟိုနားနည်းနည်း ဒီနားနည်းနည်း ရရာလေးတွေဆွဲဝယ်ကြတာပေါ့ တော်တော်များများကတော့။ ဒီကထွက်တဲ့ဟာတွေတောင်မှ အသီးအနှံတွေတောင်မှ ရောင်းဖို့တောင်မရှိတော့ဘူး မော်ချီးဖက်ကလည်းဆင်းဝယ်တာများတော့လေ ဒီဖက်မှာတောင် သိပ်ပြီးမရှိတော့ဘူး။” လို့ ဖားဆောင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းမြို့ဘက်ကို ဖြတ်သွားဖို့က လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့တွေကို ဖြတ်သန်းရမှာဖြစ်တဲ့အတွက် လမ်းမှာ အသက်အန္တရာယ်တွေစိုးရိမ်မှုတွေ ရှိနေတာကြောင့် စားသောက်ကုန်စိမ်းတွေ မသယ်ရဲကြတော့ဘူးလို့ လို့ မော်ချီးမှာ ကုန်စိမ်းရောင်းမယ့် လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းက “ လွိုင်ကော်ကနေ ပို့ဖို့ ကုန်စိမ်းဆိုရင် ပျက်ကုန်ပြီ ခရမ်းချဉ်သီးဆိုရင်လည်းပုတ်ကုန်ပြီ အကုန် လွိုင်ကော်မှာပဲခံပြီး ပျက်စီးသွားတာပေါ့။”လို့ပြောပါတယ်။

လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲမြို့နယ်ကို ချိတ်ဆက်ထားတဲ့လမ်းပိုင်းဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲလမ်းပိုင်းကို စစ်ကောင်စီတပ်က တပ်ချိန်းပြောင်းမှု၊ တပ်အင်အားဖြည့်တင်းမှု၊ ရိက္ခာပို့ဆောင်နေတာပြုလုပ်တဲ့အတွက် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ပိတ်ထားမှာဖြစ်ပြီး အများပြည်သူလုံခြုံရေးအတွက် မိဘပြည်သူတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းကို ခရီးသွားလာခြင်းမပြုလုပ်ဖို့ KNDF က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img