spot_img
20.3 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်း၂၀၂၃ခုနှစ် ဟီရိုရှီးမားဆုကို နိုင်ငံတကာ မြန်မာ့သတင်း (BNI) ရရှိ

၂၀၂၃ခုနှစ် ဟီရိုရှီးမားဆုကို နိုင်ငံတကာ မြန်မာ့သတင်း (BNI) ရရှိ

-

ကန္တာရဝတီတိုင်း(မ်)

The Edita and Ira Morris Hiroshima Foundation က ပေးအပ်တဲ့ ငြိမ်းချမ်းရေးနှင့်ယဉ်ကျေးမှုအတွက် ၂၀၂၃ခုနှစ်ရဲ့ ဟီရိုရှီးမား ဖောင်ဒေးရှင်းဆုကို နိုင်ငံတကာမြန်မာ့သတင်း (Burma News International – BNI) က ရရှိခဲ့ပါတယ်။

The Edita and Ira Morris Hiroshima Foundation for Peace and Culture ဆုကို ပေးအပ်ချီးမြှင့်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို မေလ (၁၅)ရက်နေ့က ကြေညာခဲ့သလို ဆုရရှိတဲ့အကြောင်းကို Edita and Ira Morris Hiroshima Foundation တာဝန်ရှိသူတွေက BNI ကို စာနဲ့ အသိပေးအကြောင်းကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစု အသီးသီးရဲ့ သတင်းတွေကို ရေးသားဖြန့်ဝေခြင်း၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရာဇဝတ်မှုတွေ အကြောင်းတွေကို နိုင်ငံတကာ ပရိသတ်တွေအတွက် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုပေးတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိနေတဲ့ တိုင်းရင်းသားမီဒီယာ သတင်းဌာန (၁၅)ခုနဲ့ ဖွဲ့စည်းထားတဲ့ BNI ကို ချီးမြှင့်ခဲ့တာပါ။

BNI စီမံခန့်ခွဲရေးဒါရိုက်တာ မတင်တင်ညိုက “ ဒီဆုက ပြောရမယ်ဆိုရင် တိုင်းရင်းမီဒီယာတွေ လွတ်လပ်တဲ့သတင်းမီဒီယာတွေအတွက် ရှေ့ဆက် ဆက်သွားနိုင်ဖို့ ခွန်အားတစ်ခုဖြစ်စေမှာအမှန်ပါပဲ။ ပြီးတော့မှ ကျမတို့မှာတာဝန်အများကြီးရှိလာတယ်။ တိကျမှန်ကန်တဲ့ သတင်းတွေကို စဉ်ဆက်မပြတ် ဆက်လက်ဖော်ထုတ်ရမယ်။ ကျမတို့ရဲ့ သတင်းဖော်ထုတ်မှုကနေ တဆင့် ငြိမ်းချမ်းရေး၊ လူ့အသိုင်းအဝန်းအတွင်းမှာ သဟဇာတ ရှိရှိနဲ့ အေးအေးချမ်းချမ်းနေထိုင်နိုင်ရေးနဲ့ လူ့အခွင့်အရေးတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ တစ်ဖက်ကလည်း တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုအတွက် လုပ်ဆောင်ဖို့အတွက် အများကြီးတွန်းအားဖြစ်စေတယ်။ ကျမတို့တွေက သတင်းတင်ဆက်မှုတွေ ကနေတဆင့် တကယ့်ငြိမ်းချမ်းသာယာတဲ့ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းမယ့် အနာဂတ် လူ့ဘောင်အသိုင်းအဝန်းတခုကို သွားစေဖို့ ရောက်စေဖို့အတွက် အများကြီး တွန်းအားဖြစ်စေပါတယ်။ တစ်ဖက်ကလည်း ဖက်ဒရယ် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးမယ့် ဖက်ဒရယ်ပြည်ထောင်စုကိုလည်း ကျမတို့ အနေနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် ကြီးမားတဲ့တွန်းအားတစ်ရပ်ဖြစ်တယ်ဆိုတာ ကျမအနေနဲ့ ခံယူမိပါတယ်။” လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် ထုတ်ဖော်ခဲ့တာကြောင့် ဆုချီးမြှင့်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ BNI မှရရှိတဲ့ ၂၀၂၃ခုနှစ် ဟီရိုရှီးမားဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသောင်းကို ရရှိမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ဆုတစ်ခုရရှိတယ်ဆိုတာကတော့ ကျမတို့ BNI နဲ့ အဖွဲဝင်တွေနဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောသက်ရောက်တယ်ပေါ့နော။ အသိအမှတ်ပြုတယ် ဆိုတဲ့အနေအထားက ပြောမယ်ဆိုရင်တော့ နိုင်ငံတကာစာမျက်နှာမှာကအစ ကျမတို့ရဲ့လုပ်ဆောင်ချက်တွေ သတင်းရေးသားမှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ တင်ဆက်မှုတွေအပေါ်မှာ သူတို့အနေနဲ့ စောင့်ကြည့်နေတယ်။ ပြီးတော့မှ ဒီအပေါ်မှာ အားရကျေနပ်မှုရှိတယ်ဆိုတဲ့အနေအထားနဲ့ ပေးတယ်လို့ ကျမက သုံးသပ်တယ်။ ဒီအပေါ်မှာလည်း ကျမအနေနဲ့ အများကြီးအားရကျေနပ်မှုရှိတယ်။ ကျမတို့အနေနဲ့က စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ သတင်းထောက်တွေကော သတင်းမီဒီယာဌာနတွေကော အခက်အခဲတွေ စိန်ခေါ်မှုတွေ နောက်ပြီးတော့ အန္တာရာယ်တွေ အများကြီးရင်ဆိုင်ပြီးတော့မှ ပြည်သူလူထုတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကပါ တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့အတွက် ကျမတို့တွေလုပ်ဆောင်နေတဲ့ အနေအထားကို အသိအမှတ်ပြုခံရတော့ ဒါကပြောရမယ်ဆိုရင် ကျမတို့အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။” လို့ မတင်တင်ညိုက ဆက်လက်ပြောဆိုပါတယ်။

BNI ဟာ ၂၀၀၃ခုနှစ်ကတည်းက နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ သတင်းမီဒီယာ ၄ ဖွဲ့ကနေ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကရင်နီပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်း(မ်) သတင်းဌာနအပြင် တိုင်းရင်းသားအခြေစိုက်သတင်းဌာနအပြင် လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့ စုစုပေါင်း (၁၅)ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ