spot_img
14.1 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်း၁ လေးလုံးစစ်ဆင်ရေးနောက်ပိုင်း တိမ်းရှောင်သွားကြတဲ့ စစ်ဘေးရှောင်တွေ နေရာထိုင်ခင်းအတွက် အမိုးအကာ လိုအပ်ဆဲ

၁ လေးလုံးစစ်ဆင်ရေးနောက်ပိုင်း တိမ်းရှောင်သွားကြတဲ့ စစ်ဘေးရှောင်တွေ နေရာထိုင်ခင်းအတွက် အမိုးအကာ လိုအပ်ဆဲ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ပွန်ချောင်းစစ်ဘေးရှောင်စခန်းကို ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးတဲ့နောက် ထပ်တိုးရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေ တဲဆောက်လုပ်ဖို့အတွက် အမိုးအကာတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရှိရပါတယ်။

လက်ရှိမှာတော့ ပွန်ချောင်းမှာ စစ်ရှောင်စခန်း အမှတ် ၆ ခု ရှိပြီး အိမ်ခြေ ၇၆၅ အိမ် အထိ ရှိလာပြီး လူဦးရေ နှစ်ထောင့်ငါးရာကျော် အထိ ရှိနေပြီး အိမ်ခြေထက်ဝက်ကျော်လောက်က အမိုးအကာတွေကို လိုအပ်နေတယ်လို့ သိရပါတယ်။

“ကျနော်တို့အရင်ကတော့ စာရင်းအသိအကျမသိဘူး။ ဒါပေမဲ့ အခုအဲ့ဒီစာရင်းက ကြည့်ရမယ်ဆိုရင် ဥပမာ စခန်းအမှတ် တစ်ခုတစ်ခုမှာ တစ်ဝက်လောက် ထပ်တိုးလာတယ်ပေါ့။ အဲ့တာ အဲ့ဒီထပ်တိုးလာတဲ့ သူတွေအတွက်က အမိုးအကာ ပိုလိုတာပေါ့။” စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ ရှိနှင့်နေပြီးသား နီးစပ်ရာဆွေမျိုးတွေနဲ့ ကပ်နေကြသူတွေ ရှိသလို အဆင်ပြေသလို အမိုးအကာတွေ မရှိသေးဘဲ နေနေကြသူတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

“သူတို့က ဘာလို့ အဓိက အမိုးအကာလိုနေတယ်လို့ ပြောလို့ရလဲဆိုတော့ လွိုင်ကော်မှာက တိုက်ပွဲတွေဖြစ်တော့ သူတို့ ဒီဖက်ကို ပြောင်းလာကြတော့ နေစရာ ခက်ခဲဖြစ်တယ်လေ။ နည်းနည်းလည်း များလာတော့ အရင်ဆုံးတော့ အရင်ပေါင်းနေကြတဲ့ မိသားစုတစ်ချို့ရှိကြတာပေါ့။ တစ်ချို့လည်း ဖြစ်သလို အရင်နေ။ အမိုးအကာ ရှိရင်တော့ ပိုအဆင်ပြေတာပေါ့” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

ပွန်ချောင်းစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်လူထုတွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ပေါ်ကို တိမ်းရှောင်သွားခဲ့ကြပြီး၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ မြို့တွင်းတိုက်ပွဲကြောင့် ပွန်ချောင်းကို တဖန်ပြန်လည်တိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ