spot_img
14.1 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းပိတ်ထားရ၊ ကျောင်းသားများ စာမေးပွဲဖြေခွင့်မရ

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းပိတ်ထားရ၊ ကျောင်းသားများ စာမေးပွဲဖြေခွင့်မရ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပိတ်ထားလိုက်ရတယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ဒီကနေ့ဟာ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်ရဲ့ နောက်ဆုံးစာမေးပွဲ စတင်ဖြေဆိုတဲ့ရက်ဖြစ်ပြီး လက်နက်ကြီးကျရောက်မှုရှိတာကြောင့် စာမေးပွဲဖြေဆိုမှုကို ရပ်တန့်ထားလိုက်ရတယ်လို့ သိရပါတယ်။ စာသင်ကျောင်းဝန်းအတွင်း လက်နက်ကြီးကျရောက်တာမရှိပေမဲ့ လုံခြုံရေးအရ စာသင်ကျောင်းပိတ်ထားလိုက်တယ်လို့ စာသင်ကြားပေးတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“ဘယ်နားမှာကျလဲတော့ မသိဘူး။ ၃ လုံးထု(ပစ်) လာတယ်။ ရွာရဲ့အနောက်ဖက်မှာလို့ ပြောတာပဲ။ ကြိုပိတ်တယ်လို့ ပဲပြောရမှာပေါ့။ ဒီရက်က နောက်ဆုံးစာမေးပွဲ ပထမဘာသာဖြေရမှာလေ။ အခြေအနေက အဲ့လို လာတော့ မဖြေလိုက်ရတော့ဘူးပေါ့” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“အရင်ကတော့ လက်နက်ကြီး ထုလာတာရှိတယ်။ အရင်က ရွာမှာပဲ ကျောင်းတက်တယ်လေ။ အတန်းကြီးတွေရှိလာတော့ တခြားရွာကကလေးပါပါ လာတက်ကြတော့ အဆောင်တွေလည်း ဖွင့်ထားပေးတယ်။ အဲ့ဒါ အရင်နှစ်က အဆောင်ကို လက်နက်ကြီးနဲ့ ကွက်တိ ထု(ပစ်) လာတယ်။ ဘုရား‌‌ကျောင်းတွေလည်း ထုလာတယ်။” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိပိတ်ထားလိုက်ရတဲ့ ကျောင်းဟာ အထက်တန်းအဆင့် (၁၀)တန်းအထိ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမ ၂၁ ဦးနဲ့ ဖွင့်လှစ်ထားတာ ၃နှစ်ရှိပြီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ