spot_img
28.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီစစ်ရှောင်တွေအတွက် KTEST အဖွဲ့ကနေ အရေးပေါ် ကူညီထောက်ပံ့မှု လုပ်ဆောင်နေ

ကရင်နီစစ်ရှောင်တွေအတွက် KTEST အဖွဲ့ကနေ အရေးပေါ် ကူညီထောက်ပံ့မှု လုပ်ဆောင်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာရှိတဲ့ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှု အစီအစဉ်တွေကို KTEST အဖွဲ့ကနေ လုပ်ဆောင်နေပါတယ်။

အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေး နဲ့ ပညာရေးလိုအပ်ချက်တွေအတွက် အဓိက ကူညီပေးတာဖြစ်တယ်လို့ KTESTရဲ့ဥက္ကဌ မော်ဦးမြာက ပြောပါတယ်။

“KTEST အနေနဲ့ကတော့ ဒီကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်တွေကိုပေါ့နော် အရေးပေါ် အစီအစဉ်အနေနဲ့ ကျမတို့ ကူညီပေးတာရှိတယ်။ အဓိက ဒီ စားနပ်ရိက္ခာပေါ့နော် လူသားချင်းစာနာထောက်ထားမှု အကူအညီဖြစ်တဲ့ ဒီစားနပ်ရိက္ခာ ပြီး ဒီကျန်းမာရေး ပညာရေးတွေလဲ ကျမတို့ကူညီတာတွေရှိပါတယ်။” လို့ မော်ဦးမြာက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည်က လူထု ၃သိန်းဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီလိုစစ်ရှောင်နေကြရတဲ့ ကရင်နီလူထုကို တဖက်တလမ်းကနေ အကူအညီပေးနိုင်ဖို့ ပြည်နယ်အခြေစိုက်သတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ ဝန်ထမ်းတွေကနေ အရေးပေါ်ကူညီထောက်ပံ့မှုအသင်း (KTEST) ကိုဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

“ဒီနေရာမှာက စစ်ဖြစ်တဲ့နေရာသာမက အဓိက မြေစာပင် ဖြစ်တာက သက်ကြီးရွယ်အို နဲ့ကလေးငယ်တွေ ဖြစ်တာပေါ့နော။ သူတို့မှာလဲ ရှာဖွေစားသောက်ရတာခက်ခဲတယ်။ ပြီးတော့ သူတို့က အဓိက မြေစာပင် ဖြစ်တဲ့အတွက် သူတို့ အနေနဲ့ လိုအပ်ချက်တွေ ကျန်းမာရေး ပညာရေး စားနပ်ရိက္ခာလိုအပ်ချက်တွေကို ကျမတို့က အဓိကထားပြီးတော့ ကူညီပေးရခြင်း ဖြစ်တာပေါ့နော် “ လို့မော်ဦးမြာက ဆက်ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဝန်ထမ်းတွေရဲ့ ထည့်ဝင်ငွေတွေ၊ အွန်လိုင်းပလက်ဖောင်းကနေရရှိတဲ့ ဝင်ငွေတွေနဲ့ ပြင်ပ တသီးပုဂ္ဂလအလှူရှင်တွေကနေ ထည့်ဝင်မှုတွေကို ပြန်လည်စုစည်းပြီး စစ်ရှောင်တွေကို အကူအညီပေးနေတာပဲဖြစ်ပါတယ်။

KTEST ကို၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း အရေးပေါ်လိုအပ်နေတဲ့ ကရင်နီစစ်ရှောင်တွေအတွက် ထိုင်းဘတ် ၂၇၁၅၅၀ ( မြန်မာငွေသိန်း ၂၆၀) ဝန်းကျင် နဲ့ ညီမျှတဲ့ အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ