spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီကို မိမိတို့ဆန္ဒအလျောက် ဝင်လာတဲ့ တပ်သားသစ် ၈၀ ဦး ကို စစ်သင်တန်းပေး

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီကို မိမိတို့ဆန္ဒအလျောက် ဝင်လာတဲ့ တပ်သားသစ် ၈၀ ဦး ကို စစ်သင်တန်းပေး

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီတပ်ထဲကို မဝင်ရောက်လိုတဲ့ လူငယ် ၈၀ ဦးဟာ မိမိတို့ဆန္ဒအလျောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလာတာကြောင့် လက်ရှိမှာ သူတို့အတွက် အခြေခံစစ်သင်တန်း ပြုလုပ်ပေးခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ တပ်သားသစ်တွေဟာ မတ်လအတွင်းမှာ ဝင်လာကြတဲ့ ဖယ်ခုံမြို့နယ်အတွင်းက လူငယ်တွေဖြစ်ပြီး အခြေခံစစ်သင်တန်းပေးနေမှု ပုံရိပ်တွေကို ယမန်နေ့ ဧပြီလ(၇) ရက်နေ့မှာ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ က ဖော်ပြထားပါတယ်။

“တပ်သားသစ်တွေက ဖယ်ခုံမြို့နယ်က လူငယ်တွေပါ။ ဝင်လာတာတော့ ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက ဝင်လာကြတာပါ။ အခြေနေအရ သင်တန်းကို အခုမှ ပေးဖြစ်တာပါ။ စစ်မှုထမ်းဥပဒေကြောင့် ဝင်လာတာလဲ ရှိပါတယ်။ သူ့တို့ခံယူချက်နဲ့သူတို့ဝင်လာကြတာပါ” လို့ တပ်ရင်း(၂) ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဝင်ရောက်လာတဲ့ တပ်သားအများစုဟာ CDMကျောင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ တပ်သားသစ်တွေအတွက် စားနပ်ရိက္ခာနဲ့ စစ်ဝတ်စုံတွေ လိုအပ်နေတယ်လို့လည်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“လိုအပ်ချက်တွေအတွက် ပြည်သူတွေက ကျနော်တို့ကို စောင့်ကြည့်ပြီး ကူညီပေးနိုင်တာမျိုးရှိရင် ထောက်ပို့ပေးနိုင်ပါတယ်။ ဖယ်ခုံမှာက တော်လှန်လူငယ်တွေအများကြီးပါ တော်လှန်ရေးအစကည်းက များပြားလှတဲ့အင်အားနဲ့ တော်လှန်ခဲ့တာ။ အခုလိုထပ်တိုးလာတော့ စားနပ်ရိက္ခာ နဲ့ ရဲဘော်တစ်ယောက်မှာရှိသင့်ရှိရမယ့် စစ်ဝတ်တွေကအစ အခက်တွေ့နေပါတယ်” လို့ သူက ဆိုပါတယ်။

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) အနေနဲ့ ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဝင်ရောက်လာတဲ့သူတွေကို လက်ခံလျက်ရှိပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ အခြေခံစစ်သင်တန်းတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

တပ်ရင်း (၂) ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ (Battalion 1006 Pekhon People’s Defence Force-2 ) မှာ လာရောက် ချိတ်ဆက်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ