spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းDMO PDF တည်ထောင်တဲ့ သုံးနှစ်အတွင်း ရဲဘော် (၆၈)ဦးကျဆုံးခဲ့

DMO PDF တည်ထောင်တဲ့ သုံးနှစ်အတွင်း ရဲဘော် (၆၈)ဦးကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO PDF)ဟာ ဖွဲ့စည်းတည်ထောင်တာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးကာလအတွင်း တပ်ဖွဲ့ဝင် ရဲဘော် (၆၈)ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော် (၄၀)ဦးရှိခဲ့တယ်လို့လည်း DMOPDFရဲ့ အတွင်းရေးမှူး (၁) ဒါမိုး က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“ ထိခိုက်ဒဏ်ရာရတာပေါ့ အများကြီးပါပဲ၊ ၂၀၀ ကျော်ရှိတယ်။ ၂၇၈ဦး လားမသိဘူး။ အဲ့ဒါ ထိခိုက်ဒဏ်ရာရတာပေါ့။ ပြီးတော့ ကျနော်တို့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်က ကျနော်တို့ Local PDFထဲမှာ ၂၈ဦး၊ ပြီးတော့ ကျနော်တို့ ပြည်ထောင်စုတပ်ထဲကို ပို့ လိုက်တဲ့အထဲမှာ ၁၂ဦးပေါ့နော။ ကျဆုံးတာသွားတဲ့သူက DMO Local PDFမှာ ၄၈ဦး ရှိတယ်။ ပြည်ထောင်စုတပ်ထဲက ပို့လိုက်တဲ့ (၃)ရင်းမှာ ၂၀ကျော်ရှိနေတယ်။ “ လို့ သူက ဆိုပါတယ်။

ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကိုလည်း DMO PDFအနေနဲ့ တတ်နိုင်သလောက် ပံ့ပိုးတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှာတော့ DMO Local PDFအဖြစ် တပ်ရင်း(၄)ရင်း ရှိပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အောက်က ပြည်ထောင်စုတပ်မှာ (၃)ရင်း ရှိပါတယ်။

လက်ရှိ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်၊ ရဲမေ ကိုးရာ ဝန်းကျင်ရှိပြီး အဲ့ဒီအရေအတွက်ကတော့ အရန်တပ်သားနဲ့ နောက်ခံတပ်သားတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

DMO PDFမှာ ၁၅ရာခိုင်နှုန်းဟာ အမျိုးသမီးရဲမေတွေဖြစ်ပြီး ကျန်းမာရေးကုသမှုပိုင်း၊ ရုံးပိုင်း၊ ထောက်ပို့ စတဲ့နေရာတွေမှာ ပါဝင်နေကြပါတယ်။

DMO PDFဟာ ကရင်နီပြည်တွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတွေမှာ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

“ စစ်ရေးအရတော့ ကျနော်တို့ DMOအနေနဲ့တော့ ဒီကရင်နီပြည်မှာရှိနေတဲ့ ဒေသတော်တော်များများပေါ့ ကျနော်တို့က မယ်စဲ့ တိုက်ပွဲကနေ ဒီကနေ တောက်လျောက်ထိ မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ နန်းဖဲ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဆီဆိုင်၊ ရှမ်းတောင် တောင်စလုံး၊ မြောက်စလုံးထိ ကျနော်တို့ စစ်ရေးလှုပ်ရှားတာရှိတယ်။ ကျနော်တို့က တပ်ပေါင်းစု ထဲမှာ ပါဝင်နေလို့ ဒေသအလိုက် စစ်ရေးဖော်ဆောင်တဲ့နေရာမှာ တပ်ပေါင်းစုနဲ့ အညီ လှုပ်ရှားတာရှိတယ်။ “ လို့ DMO PDF အတွင်းရေးမှူး (၁) ဒါမိုးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကနေ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း DMO PDFထံ ဝင်ရောက်လာသူ (၁၀၀) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထဲက (၇၀) ဦး လောက်ဟာ အခြေခံ စစ်သင်တန်းကို တက်ရောက်ခဲ့ကြပါတယ်။

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) ဟာ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) လမ်းညွှန်မှု နဲ့ ၂၀၂၁ ခုနှစ် ၊ မေလ (၆)ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၄ခုနှစ် မေလ(၆)ရက်နေ့မှာ သုံးနှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ