spot_img
18 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းDMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့ စစ်ကောင်စီကို IPCM ရှုတ်ချ

DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့ စစ်ကောင်စီကို IPCM ရှုတ်ချ

-

ကန္တာရဝတီတိုင်း ( မ် )

ရခိုင်ပြည်အခြေစိုက် Development Media Group ( DMG ) သတင်းထောက်တစ်ဦး နဲ့ ရုံးဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ( ၅၂ ( က )) နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

အခုလို သတင်းထောက်တွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်တဲ့အပေါ် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ( IPCM ) က ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

“သတင်းထောက်တွေကို သတင်းမီဒီယာနဲ့ မဆိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့ မဆိုင်တဲ့ ဥပဒေနဲ့ လျှောက်ဖမ်းပြီးတော့ အရေးယူတာကိုလည်း ကျနော်တို့ လုံးဝကန့်ကွက်ရှုတ်ချပါတယ်။ အဓိကကတော့ သတင်းထောက်တွေက ပြည်သူလူထုသတင်းရပိုင်ခွင့်အတွက် သူတို့တွေက သတင်းမီဒီယာ၊ သတင်းပညာနဲ့ သတင်းတင်ဆက်တာပါ။ ဘာရာဇဝတ်မှုမှ ကျူးလွန်တာမျိုးမဟုတ်ပါဘူးဗျ။ အခုလိုမျိုး သူတို့အပေါ်ကြီးလေးတဲ့ အပြစ်ဒဏ်တွေ အဲဒီလိုမျိုး မဆိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ ( က ) နဲ့ လျှောက်ပြီးတော့ ဖမ်းဆီးထောင်ချတာမျိုးကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။” လို့ IPCM အတွင်းရေးမှူး တိုးဇော်လတ်က ပြောပါတယ်။

ထောင်ချခံထားရတဲ့ DMG သတင်းထောက် ကိုထက်အောင် နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် တို့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ကိုထက်အောင်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က ဆွမ်းဆန်စိမ်းလောင်းပွဲမှာ သတင်းရယူနေစဥ် ဖမ်းဆီးခံရပြီး စစ်ကောင်စီက ဖိအားပေး ရုံးတည်နေရာကို လိုက်ပြစေကာ အဲဒီမှာရှိတဲ့ ရုံးဝန်ထမ်းကိုစိုးဝင်းအောင်ကိုလည်း ဖမ်းဆီးသွားတာဖြစ်တယ်လို့ DMG ရဲ့ ဇွန်လ ၂၈ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာဟာ သတင်းလွတ်လပ်ခွင့်ကို တားမြစ်နေတာဖြစ်တယ်လို့လည်း Burma News International ( BNI ) က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးတဲ့နိုင်ငံစာရင်းမှာ နိုင်ငံပေါင်း ၁၈၀အနက် ၁၇၁ နိုင်ငံမြောက်မှာရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်ချိုးဖောက်ခံရမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံမှာ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် သတင်းထောက် ၂၀၀ ကျော်ဖမ်းဆီးခံရပြီး ၅၆ ဦးဟာ ထောင်ချခံနေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ