spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်း၇လအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ ၅၇ ဦးသေဆုံးမှုရှိ

၇လအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ ၅၇ ဦးသေဆုံးမှုရှိ

-

ကန္တာရဝတီတိုင်း ( မ် )

၂၀၂၄ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ ၇လအတွင်း ကရင်နီပြည်မှာ စစ်ပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၇ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF )ရဲ့ ဩဂုတ်လ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ သေဆုံးမှုတွေထဲ အမည် မသိတဲ့လက်နက်ကိုင်အဖွဲ့ကနေ သတ်ဖြတ်ခံရတဲ့ ပြည်သူ နှစ်ဦးလည်း ပါဝင်တယ်လို့ PKPF Data Research Team တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးတာက ၂၁ဦး၊ စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာက ၁၈ဦး၊ လက်နက်ကြီးထိမှန်မှုကြောင့်က ၁၂ဦး ပြီးတော့ မိုင်းနင်းမိပြီး သေဆုံးတာက ၄ဦးပေါ့နော်။ နောက်ပြီး အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ သတ်ဖြတ်ခံရသူက ၂ဦး လည်းပါတာပေါ့နော်။ စုစုပေါင်း ၅၇ဦးရှိတယ်။” လို့ PKPF Data Research Team တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ရေး ပဋိပက္ခဖြစ်ပွားမှုအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၇ ဦးထဲမှာ‌တော့ အမျိုးသား ၂၈ဦး၊ အမျိုးသမီး ၁၆ဦးနဲ့ အမျိုးသား၊ အမျိုးသမီး အတည်မပြုနိုင်သူ ၁၃ဦး ဖြစ်ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းကာလ (၃)နှစ်ကျော်အတွင်း ကျဆုံးခဲ့တဲ့ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် (၆၀၈) ဦး ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဆိုပါ တိုက်ပွဲအတွင်းကျဆုံးသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ရှမ်းမြောက်စတဲ့ တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၄ခုနှစ် ဇူလိုင်လကုန်အထိ ၃နှစ်ကျော် ပဋိပက္ခာကာလအတွင်း ကရင်နီပြည်မှာ သေဆုံးသွားတဲ့ အရပ်သားပြည်သူ (၅၁၄)ဦးရှိတယ်လို့ PKPF စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ