spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းကရင်နီလူ့အခွင့်အရေး ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ် အခမဲ့ ဖွင့်လှစ်ဖို့ သင်တန်းသားခေါ်ယူ

ကရင်နီလူ့အခွင့်အရေး ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ် အခမဲ့ ဖွင့်လှစ်ဖို့ သင်တန်းသားခေါ်ယူ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ကနေ ကရင်နီလူ့အခွင့်အရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ဖို့အတွက် သင်တန်းသားတွေ ခေါ်ယူနေပါတယ်။

လက်ရှိ မြေပြင်လိုအပ်ချက်အရ ပထမဆုံးအကြိမ် ဖွင့်လှစ်တာဖြစ်ပြီး အခမဲ့ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဆရာဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ ကျနော်တို့ကတော့ ကရင်နီ လူ့အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင် ဒါ ပထမအကြိမ် TOT ( Teacher of Training -ဆရာဖြစ်သင်တန်း) ကို လုပ်ခြင်းဖြစ်တယ်ပေါ့။ ကျနော်တို့ လျာထားတာတော့ ဒီနှစ်ထဲမှာတော့ တော်လှန်စကတည်းက လျာထားတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ငွေကြေးအခြေအနေရယ် နောက်ပြီးတော့မှ ဟို စစ်ရေးအခြေအနေပေါ့နော် အားလုံးကို ကြည့်ပြီးမှပဲ အခုမှ လုပ်နိုင်တဲ့အခြေအနေ ရောက်တာပေါ့နော်။ အခမဲ့ ဖြစ်ပါတယ်ပေါ့” လို့ ဆရာဗညားက ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို မြေပြင်မှာ လူဦးရေများများနဲ့ ဆောင်ရွက်နိုင်ဖို့အပြင်၊ လူ့အရင်းအမြစ်တွေ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းကာလကို အောက်တိုဘာ ၁ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး စာတွေ့ ရက် (၃၀) နဲ့ လက်တွေ့ (၁၅)ရက် ရက်ပေါင်း ၄၅ ရက်ကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းအတွင်းမှာ Human Right ၊ Political Knowledge ၊ Transitional Justice၊ Peace and Conflict နဲ့ Facilitation Skill စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာပါ။

သင်တန်း‌ကိုလျှောက်ထားလိုသူတွေအနေနဲ့ စက်တင်ဘာလ ၆ရက်နေ့ နောက်ဆုံးလျှောက်ထားရမှာဖြစ်ပြီး သင်တန်းသားဦးရေ (၂၀)ဦးသာ လက်ခံသွားမယ်လို့ သိရပါတယ်။

သင်တန်းကို ကရင်နီပြည်တွင်းတစ်နေရာမှာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရသူတွေအတွက် နေရာထိုင်ခင်းနဲ့ စားသောက်ရေးကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ