spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီမှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း ၁၈နှစ်အောက်ကလေး ၄ ဦးအပါအဝင် ၅ဦး သေဆုံး

ကရင်နီမှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း ၁၈နှစ်အောက်ကလေး ၄ ဦးအပါအဝင် ၅ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီတစ်လအတွင်း အသက် ၁၈နှစ်အောက်ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၅ဦး သေဆုံးမှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူအများစုဟာ လက်နက်ကြီးထိမှန်မှုကြောင့်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူလည်းရှိတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“၁၀နှစ်အရွယ် ကလေးတစ်ဦးက ဖယ်ခုံ အရှေ့ကမ်းက ကျေးရွာမှာ လက်နက်ကြီးကျပြီး ထိခိုက် သေဆုံးသွားတာ။ နောက် ၁၇ နှစ်အရွယ် လူငယ် နှစ်ဦးက လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ လက်နက်ကြီးကျပြီး သေဆုံးရခြင်းဖြစ်ပါတယ်။ “လို့ တာအယ်စိုးက ဆိုပါတယ်။

သေဆုံးသူ ၅ဦးအနက် အသက် ၁၀ နှစ်အရွယ် နှစ်ဦး၊ ၁၇ နှစ်အရွယ် အမျိုးသားနှစ်ဦး နဲ့ သက်ကြီးပိုင်း အမျိုးသမီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ်(၅၀) လုံးထက်မနည်း၊ စာသင်ကျောင်း (၄)ကျောင်း နဲ့ ဘာသာရေးအဆောက်အဦး (၄)ခု မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF က ပြောထားပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်း ၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂၀၂၅ခုနှစ် ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလ ၂ လအတွင်း ကန္တာရဝတီတိုင်း ( မ် ) ရဲ့ အချက်အလက်အရ အရပ်သားထိခိုက်သေဆုံးသူ ၁၁ ဦးထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိပါတယ်။

ယခုရက်ပိုင်းလည်း စစ်ကောင်စီက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲတို့မှာ စစ်ဖြစ်ပွားခြင်းနဲ့ အလှမ်းဝေးတဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်တာကြောင့် အရပ်သားထိခိုက်မှုတွေ နေအိမ်ပျက်စီးမှုလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေယာဥ်သံတွေတော့ အမြဲ ကြားရတယ်လေ။ နေရထိုင်ရစိတ် မပျော်ဘူး။ အခု လက်နက်ကြီး ထုလာတာတောင် လူသာ မထိသေးတာ အစကတည်းက ကြိုကြောက်နေတာ။”လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ စစ်ကောင်စီ အာဏာ စသိမ်းချိန်ကနေ ၂၀၂၅ခုနှစ် မတ်လ ၃ ရက်နေ့အထိ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူစုစုပေါင်း (၆၃၇၈) ဦး ရှိခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း အရပ်သားပြည်သူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ မတ်လ ၄ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ