ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ ဧပြီလ (၃၀) ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ မြောင်းအောက်ရပ်ကွက် အနီးမှာ ကြိုးဆွဲချလျက် အနေအထားနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ခြံပိုင်ရှင်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“မနက် ( ဧပြီလ ၃၀ ရက်နေ့) က ကျနော် သွားပို့ပေးတာ ရွှေကယန်း ဆီဆိုင်ထိ။ ကားနဲ့လာခေါ်မယ်လို့တော့ ကျနော့်ကို ပြောသွားတယ်။ အဲ့မှာတော့ သွားစောင့်တယ် (ရွှေကယန်းဆီဆိုင်)။ ကားနဲ့သွားတာကို ကျနော်မတွေ့လိုက်ဘူး။” လို့ သေဆုံးသူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ “ကိုတုံ” ဆိုင်ကယ်ပြင်ဆိုင်မှာနေပြီးအလုပ်လုပ်နေသူ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို “သာလှိုင်” လို့ ခေါ်ကြပြီး အသက်အရွယ်အားဖြင့် (၂၅) နှစ် ရှိပြီဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် အလယ်ပိုင်းတိုင်း အမှတ် (၁၁၀၉) တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လွိုင်လင်ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ခြံပိုင်ရှင်က ရဲဌာန ကို အကြောင်းကြားပြီး လူမှုကူညီရေးအသင်းက လာရောက်သယ်ယူကာ ရဲဌာန က သေဆုံးရတဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းသွားမယ်လို့ သိရပါတယ်။