ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် နဲ့ ရှမ်း – ကရင်နီ နယ်စပ်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၆၃ ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ် နဲ့ စက်တင်ဘာလအတွင်းက စာရင်းတွေဖြစ်ပြီး ဇူလိုင်လမှာ ၂၃ ဦး၊ ဩဂုတ်လမှာ ၃၅ ဦးနဲ့ စက်တင်ဘာလမှာ ၅ ဦး ဖြစ်တယ်လို့ ဆိုထားပါတယ်။
“ထုတ်ပြန်ချက်ထဲက ဩဂုတ်လ စာရင်း ၃၅ဦးမှာ ဇယားမှာ ၃၄ ဦးဖော်ပြထားတာက နောက်တစ်ဦး ထပ်တိုးသေဆုံးတာက စက်တင်ဘာလ အတွင်းမှာမှ သိရလို့။ လေယာဥ်ကြဲမှုကြောင့် ဆုံးတာ။ အမျိုးသားပေါ့နော်။”လို့ KnHRG တည်ထောင်သူ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ နည်းမျိုးစုံ တိုက်ခိုက်မှုတွေ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် သေဆုံးသူတွေထဲ ဇူလိုင်လအတွင်း ၂၃ ဦးမှာတော့ အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၁၀ ဦး နဲ့ ကလေး ၄ဦး ဖြစ်ကြပြီး ဩဂုတ်လထဲ အမျိုးသား ၂၀ ဦး ၊ အမျိုးသမီး ၉ ဦး နဲ့ ကလေး ၆ ဦး စုစုပေါင်း ၃၄ ဦး ဖြစ်ပါတယ်။
သေဆုံးသူ ( ၆၃ ) ဦးအနက် ဇူလိုင်လနဲ့ ဩဂုတ်လ နှစ်လအတွင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၄ ဦး နဲ့ အများဆုံး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် လက်နက်ကြီးကြောင့် ဇူလိုင်၊ ဩဂုတ် နဲ့ စက်တင်ဘာလ ၃ လအတွင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ KnHRG ရဲ့ အစီရင်ခံစာအရ သုံးလအတွင်း လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အရပ်သား ပြည်သူ ( ၅၃ ) ဦးရှိပြီး စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှု ၊ မြေမြှုပ်မိုင်းအပြင် တခြားသော အကြောင်းရင်းတွေကြောင့် သေဆုံးသူလည်း ရှိခဲ့တာပါ။
စစ်ကော်မရှင် တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူတွေဟာ ဒီးမော့ဆို ၊ ဖယ်ခုံ၊ ဖားဆောင်းမြို့နယ်အတွင်းက လူထုတွေဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့က မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အစုအပြုံလိုက် သေဆုံးဒဏ်ရာရမှုတွေက အများဆုံးဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကို နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း KnHRG က အစီရင်ခံစာမှာ တစ်ပါတည်း တိုက်တွန်းထားပါတယ်။