ကန္တာရဝတီတိုင်း (မ်)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၁၂ ရက် ခွင့်ပြုမှာဖြစ်ကြောင်းကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားလှယ်လောင်းတွေက ဒီဇင်ဘာ ၂၉ ရက်နေ့ကစလို့ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးရေးဆင်းနိုင်မှာဖြစ်ပြီး အဲ့ဒီနောက် မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ၊ ပိုစတာတွေကို ဖြုတ်သိမ်းရမယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုကျင်းပပြီးမှ တတိယပိုင်းအတွက် မဲဆွယ်စည်းရုံးရေးကာလကို ကြေညာမယ်လို့လည်း ပြောပါတယ်။
UEC ကြေညာချက်အရ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တို့လည်းပါဝင်နေပါတယ်။ အဲဒီနယ်မြေတွေက တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်တဲ့ အပြင် လူထုတွေလည်း တိမ်းရှောင်နေကြရတာကြောင့် ဒေသခံအမျိုးသားတစ်ဦးက ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
“ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အဓိကက လူထုရှိနေဖို့လိုတယ်ပေါ့နော။ ဒါပေမဲ့လည်း လူထုက မရှိဘူးဆိုတော့ ဘာနဲ့ လုပ်မလဲ ဆိုတာ မေးစရာတွေဖြစ်လာတယ်ပေါ့နော” လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲ ပထမပိုင်းက လက်ရှိအချိန်နဲ့ဆို ကျင်းပဖို့ ရက်ပေါင်း ၃၀ ပဲကျန်တော့တာဖြစ်ပြီး ကရင်နီပြည်ထဲက လွိုင်ကော် နဲ့ ဘောလခဲ မြို့တို့ ပါဝင်ပါတယ်။ လွိုင်ကော်မြို့ပေါ်မှာတော့ မဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေပေမယ့် ဘောလခဲမြို့မှာတော့ မဲဆွယ်စည်းရုံးမှုအကြောင်း မကြားသိရသေးပါဘူး။
ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးကပ်လာတာနဲ့အမျှ လွိုင်ကော်မြို့ပေါ်မှာလည်း အစစ်အဆေးတွေ တင်းကြပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။




